Sunday, April 26, 2015

ရပ်ကွက်ကော်မရှင်များ ဖွဲ့စည်းရာတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ပြောကြားချက်များနှင့် လွဲချော်နေ – ပေးစာ

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု ရှိစေရန် ဥပဒေကို နားလည်အောင် ကြိုးစားကြဖို့၊ ဥပဒကို လေးစား လိုက်နာကြဖို့ တွေ့ဆုံပွဲ တွင် ပြောကြားပါသည်။ သို့သော် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၇၁ ရပ်ကွက်တွင် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲအား ဖွဲ့စည်းရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ပြောကြားချက်နှင့် လွဲချော်နေပါကြောင်း တင်ပြ လိုက်ပါသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၇၁ ရပ်ကွက်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ““ရပ်မိရပ်ဖ ကြီးကြပ်ရေးမှူး ရွေးချယ် ရာ၌ရပ်ရွာအတွင်း၌ ရပ်မိရပ်ဖ အရည်အချင်း ပြည့်စုံသူဟု ယုံကြည်
ရသူများအားလုံးကို လက်ရှိ အုပ်ချုပ် ရေးမှူးက ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။ ဖိတ်ကြားခံပုဂ္ဂိုလ်များက ကိုယ်တိုင် ဆန္ဒပြုကြရပြီး ၎င်းဆန္ဒပြု ပုဂ္ဂိုလ်များ၏ ကိုယ်ရေးရာဇ၀င်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့၍ မြို့နယ်မှ ရွေးချယ်ခဲ့သော ကြီးကြပ်ရေး အဖွဲ့ ဖြစ်ပါသည်။””ဟု ရွေးချယ်ခံ ကြီးကြပ်ရေးအဖွဲ့က ရှင်းလင်း ထားပါသည်။ ထိုရှင်းလင်းချက်အရ ပြန်လည် ရွေးချယ်ခံမည့် လက်ရှိ အုပ်ချုပ်ရေးမှူးက ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များထဲမှသာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၆ တွင် ““မြို့နယ် အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အတွင်းရှိ အများကြည်ညို လေးစားပြီး သြဇာတိက္က မရှိသည့် ရပ်မိရပ်ဖ ၅ ဦးကို ရွေးချယ်၍ ကြီးကြပ်ရေး အဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်။”” ဟုပြဋ္ဌာန်းထားပါသည်။ ထို့အတူ နည်းဥပဒေ ၃ နှင့် ၄ တွင်လည်း ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ကြီးကြပ် ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ၅ ဦးကို ရွေးချယ်ရာတွင် ရပ်ကွက်အတွင်း နေထိုင်ပြီး ဥပဒေပြဋ္ဌာန်းချက်နှင့် ကိုက်ညီသည့် မည်သူမဆို ရွေးချယ် ခံနိုင်ခွင့်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကသာ ရွေးချယ် တာဝန်ပေးအပ်ရမည် ဖြစ်ပါ သည်။ ပြန်လည် ရွေးချယ်ခံမည့် လက်ရှိ အုပ်ချုပ်ရေးမှူးသည် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ၇(ခ) ““ကြီးကြပ်ရေးအဖွဲ့သည် ဆယ်အိမ်စု အသီးသီး၌ နေထိုင်သော အိမ်ထောင်ဦးစီး (သို့မဟုတ်) အသက် ၁၈ နှစ် ပြည့်ပြီးသည့် အိမ်ထောင်စု ကိုယ်စားလှယ် တစ်ဦးစီအား စုစည်း၍ ယင်းတို့ ရွေးချယ်မည့် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် ပုဒ်မ ၅ တွင် သတ်မှတ်ထားသော အရည်အချင်းများကို ရှင်းလင်း ပြောကြားရမည်”” ဟု ပြဋ္ဌာန်းထားပါသည်။ ထို့အတူ နည်းဥပဒေ ၆ တွင်လည်း ပြဋ္ဌာန်းထားပါသည်။

““ကြီးကြပ်ရေးအဖွဲ့မှ ဆယ်အိမ်စု ကိုယ်စားလှယ် ရွေးချယ်ရာတွင် ဆယ်အိမ်တစ်စုချင်းအလိုက် ဥပဒေ ၅ ပါ အရည်အချင်းကို ဗွီနိုင်းဖြင့် ရိုက်နှိပ် ချိတ်ဆွဲပြသ ရှင်းလင်းနေပုံကို ဓာတ်ပုံမှတ်တမ်းနှင့်တကွ ရှင်းလင်းပေးပို့ ပါသည်။”” ဟု ရှင်းလင်း ထားသော်လည်း ဓာတ်ပုံမှတ်တမ်းတွင် ရှင်းလင်းသူနှင့် နားထောင်သူတစ်ဦးမျှ မရှိပါ။ အမှန်မှာ ရှင်းလင်းပြောကြားခြင်း လုံးဝမရှိဘဲ ပုဒ်မ ၅ တွင် သတ်မှတ်ထားသော အရည်အချင်းများပါသည့် ဗွီနိုင်းကို ချိတ်ဆွဲထားပြီး ဥပဒေကို လက်တစ်လုံးခြား ပြုခြင်းသာ ဖြစ်ပါသည်။

(မဲပေးသူ ဆယ်အိမ်စုဝင်များ သက်သေရှိပါသည်)

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၇(ဂ)တွင်““ကြီးကြပ်ရေး အဖွဲ့သည် ဆယ်အိမ်စု တစ်စုတွင် ပါဝင်သော သက်ဆိုင်ရာ အိမ်ထောင်ဦးစီးများက မိမိတို့၏ ဆယ်အိမ်စုတွင် နေထိုင်သူများ အနက်မှ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးအား လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ခြင်းခံရသူ၏ အရည်အချင်းနှင့် ကိုယ်ရေး အချက်အလက်တို့ကို တင်ပြစေရမည်။”” ဟု ပြဋ္ဌာန်းထားပါသည်။ ထို့အတူ နည်းဥပဒေ ၆ တွင် ပြဋ္ဌာန်းထားပါသည်။

ဆယ်အိမ်စု ကိုယ်စားလှယ် ရွေးချယ်ခြင်းကို လမ်းမပေါ်တွင် ပြုလုပ်သဖြင့် မဲရုံနယ်နမိတ်၊ လျှို့ဝှက်ဆန္ဒမဲ ပေးသည့်နေရာ၊ မဲထည့်သည့်နေရာ စသည့်တို့ကို စနစ်တကျ ဆောင်ရွက်မှု မရှိခြင်းတို့ ကြောင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်ခြင်းဆိုသည့် ဥပဒေကိုလည်း လိုက်နာခြင်း မရှိပါ။ ကြီးကြပ်ရေး အဖွဲ့သည် ဆယ်အိမ်စုဝင်များ ဆန္ဒပြုထားသည့် မဲများကိုလည်းကောင်း ဆယ်အိမ်စုဝင်များ ရှေ့မှောက်တွင် ပွင့်လင်း မြင်သာစွာ ရေတွက်ခြင်း မရှိဘဲ ယူဆောင်သွားပြီး ရွေးချယ်ခံရသော ဆယ်အိမ်စု ကိုယ်စားလှယ်များကို နောက်မှ အသိပေးခြင်းသည် ဥပဒေကို မလိုက်နာခြင်းဖြစ်ပါသည်။ (ပြည်သူများသည် လျှို့ဝှက် ဆန္ဒမဲပေးခြင်း နှင့် မဲရေတွက်ခြင်းကို ၂၀၁၀ ရွေးကောက်ပွဲတွင် အတွေ့အကြုံရှိပြီး ဖြစ်ပါသည်။)

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၇(ဃ)တွင် ““ကြီးကြပ်ရေးအဖွဲ့သည် ဆယ်အိမ်စု တစ်စုအလိုက် ရွေးချယ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးကို သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံခြင်းရှိ/မရှိ စိစစ် ရမည်။ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူများကို ဆယ်အိမ်စု ကိုယ်စားလှယ်အဖြစ် အမည်စာရင်း ပြုစုရ မည်။””ဟု ပြဋ္ဌာန်းထားပါသည်။ ထို့အတူ နည်းဥပဒေ ၇ တွင် ပြဋ္ဌာန်းထားပါသည်။

““ဆယ်အိမ်စု ကိုယ်စားလှယ်တိုင်းသည် ပုဒ်မ ၅ အရည်အချင်း ပြည့်စုံရန် ရှာဖွေရမည်မှာ လွယ်ကူသော ကိစ္စမဟုတ်သလို ၎င်းဆယ်အိမ်စု ကိုယ်စားလှယ်သည် ပုဒ်မ ၅ ပါ အရည်အချင်း မပြည့်စုံလျှင် အုပ်ချုပ်ရေးမှူး ရွေးချယ်ခံခွင့်မရှိပါ။ သို့သော် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် မိမိနှစ်သက်သော၊ ရပ်ကွက်အကျိုးဆောင်နိုင် သော အုပ်ချုပ်ရေးမှူးတစ်ဦးအား ဆန္ဒပြုနိုင်ကြောင်း ရှင်းလင်း ပြသခဲ့ပါသည်။””ဟု ကြီးကြပ်ရေးအဖွဲ့က ရှင်းလင်းထားပါသည်။ ထိုရှင်းလင်းချက်အရ ကြီးကြပ်ရေး အဖွဲ့သည် ဥပဒေကို မလိုက်နာဘဲ ၎င်း တို့၏ သဘောဆန္ဒဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းသည် ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ရွေးချယ်စဉ်က ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် ညွှန်ကြားပြီးဖြစ်ပါသည်။

သို့သော် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၁-ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ကြီးကြပ်ရေးအဖွဲ့သည် လုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင်လည်း ဥပဒေကို လိုက်နာမှု မရှိခြင်း၊ ဥပဒေကို ကျော်လွန်၍ ဆောင်ရွက်ခဲ့ခြင်းတို့ဖြင့် ဥပဒေကို လေးစား လိုက်နာခြင်း မရှိခဲ့ပါ။ ထို ကြီးကြပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူအား ၂၀၁၅ ခုနှစ် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ထားပါသည်။

ထို့ကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၇၁ ရပ်ကွက်တွင် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲအား ဖွဲ့စည်းရာတွင် တာဝန်ရှိလူကြီးများ၏ ပြောကြာချက်များကို လိုက်နာခြင်း ဥပဒေကို လေးစားလိုက်နာခြင်း ရှိသူများနှင့်သာ အဖွဲ့စည်း သင့်ပါကြောင်း တင်ပြအပ်ပါသည်။

ဦးတင်မောင်ဝင်း

၇/ဒဥန (နိုင်) ၁၀၃၆၈၁

အမှတ်(၂၃၂၆/က) ကနောင်မင်းကြီးလမ်း၊

၇၁ ရပ်ကွက်

ဒဂုံမြို့သစ်(တောင်ပိုင်း)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment