ရန်ကုန် (မဇ္ဈိမ) ။ ။ ကွယ်လွန်သူ သမ္မတဟောင်း ဦးနေဝင်း၏ ဇနီးဟောင်း
ဒေါ်ရတနာနတ်မယ်(ခ) Rose Balleryme အကြောင်း ရေးသားသည့် 'ရတနာနတ်မယ်၊
သို့မဟုတ် တစ်ခါတုန်းက သမ္မတကတော်' စာအုပ်ပါ အချက်များ မှန်ကန်မှု
မရှိကြောင်း ယာယကံရှင်က ကန့်ကွက်သည်ဟု ဒေါ်ရတနာနတ်မယ်၏ တူတော်စပ်သူ ၁၉၉၀
ပြည်သူ့လွှတ်တော်များအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးပီတာလင်းပင်က ဧပြီ ၂၅ ရက်က
ရှင်းလင်းပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဧပြီ ၂၅ ရက်က ရန်ကုန်မြို့ စမ်းချောင်းရှိ မင်္ဂလာသင်ကြားရေး စင်တာတွင် ဦးပီတာလင်းပင်က ကာယကံရှင်ကိုယ်စား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခြင်း ဖြစ်သည်။ အဆိုပါ စာအုပ်ကို စာရေးဆရာ သန်းဝင်းလှိုင်က ရေးသားကာ ၂၀၁၅ ခုနှစ် မတ်လတွင် လွင်ဦးစာပေက ထုတ်ဝေခဲ့ ခြင်း ဖြစ်သည်။
ဦးပီတာလင်းပင်က "ဒီစာအုပ်ပါ အချက်အလက် တော်တော်များများက လွဲနေတယ်။ ရတနာနတ်မယ် နဲ့ တွေ့တယ်ဆိုတာလည်း မမှန်ဘူး။ ကာယကံရှင်ကလည်း စိတ်ထိခိုက်နေတယ်။ ပြီးတော့ ဒီစာအုပ်က ကျွန်တော်တို့ လင်းပင်အနွယ်တော်တွေ ခွင့်ပြုချက်မပါဘဲ ရေးသားထားတာ”ဟု ဆိုသည်။
ဒေါ်ရတနာနတ်မယ်သည် ကနောင်မင်းသား၏ မြစ်၊ လင်းပင်မင်းသား၏ မြေးတစ်ဦးဖြစ်ပြီး မြန်မာ-သြစတြေးလျ ကပြားတစ်ဦးဖြစ်သည်။ ဒေါ်ရတနာနတ်မယ်သည် ဦးနေဝင်းနှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာက လက်ထပ်ခဲ့ပြီး ငါးလ အကြာတွင် ကွာရှင်းခဲ့သည်။
ယင်းစာအုပ်တွင် ရတနာနတ်မယ်နှင့် သက်ဆိုင်သော အချက်အလက် ကွဲပြားမှုများ များပြားနေပြီး အဓိကအချက်မှာ စာမျက်နှာ ၁၀၆ နှင့် ၁၀၇ ပါ ရတနာနတ်မယ်က ဦးနေဝင်းကို ခြေဖြင့် ကန်ခဲ့သည် ဆိုသော အချက်၊ ရတနာနတ်မယ်က ‘ဦးနေဝင်းနှင့် ရက်ပေါင်း ၁၅၀’ဆိုသော စာအုပ် ရေးသားမည်ဟု စီစဉ်ခဲ့ပြီး ယင်းစာမူကို ဦးနေဝင်းက ကျပ်ငွေ နှစ်သန်းပေး ဝယ်ခဲ့သည် ဆိုသည့်အချက် နှင့် အနောက်နိုင်ငံမှ သူလျှို ဖြစ်သည် ဆိုသောအချက်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယင်းစာအုပ်တွင် စာရေးသူနှင့် ဒေါ်ရတနာနတ်မယ်တို့၏ တွေ့ဆုံခန်းကို ထည့်သွင်း ရေးသားထားသော်လည်း ယင်းတို့နှစ်ဦးသည် လုံးဝတွေ့ဆုံဖူးခြင်း မရှိခဲ့ဟု ကာယကံရှင်က ငြင်းဆိုထား သည်ဟုလည်း ဆိုသည်။
လင်းပင်မင်းသား၏ မြစ်တော်စပ်သူ ဒေါ်ခင်မလေးက” အစ်မတို့ အနွယ်တော်တစ်ဦးက ခြေနဲ့ ကန်တယ်ဆိုပြီး ဖော်ပြတာ အင်မတန် ရိုင်းရာကျတယ်။ သူလုံးဝ မလုပ်ပါဘူး။ သူလျှိုဆိုရင်လည်း သူ့ကို မြန်မာနိုင်ငံကနေ ပြန်ခိုင်းပါ့မလား စဉ်းစားကြည့်ပါ” ဟု ဆိုသည်။
စာရေးသူဦးသန်းဝင်းလှိုင်က”ကျွန်တော့်စာအုပ်ပါ အချက်တွေကို လင်းပင်အနွယ်တော်တစ်ဦး ဖြစ်တဲ့ စာရေးဆရာဦးသန်းဆွေ(ထားဝယ်) ရဲ့ ကုန်းဘောင်မင်းဆက်များစာအုပ်ပါ အချက်တွေနဲ့ သူ့ပြောပြချက်တွေ ကို မေးမြန်းအတည်ပြုပြီး ရေးတာပါ။ သူ့ဆီကနေ ကုန်းဘောင်မင်းဆက်ဇယားနဲ့ တခြားအချက်တွေ ယူခဲ့ တယ်။ ရတနာနတ်မယ်နဲ့ မတွေ့ဖူးပါဘူး။ တွေ့ဆုံခန်းကတော့ ရထားတဲ့ အချက်အလက်တွေကို စာဖတ်သူ နားလည်လွယ်အောင် အင်တာဗျူးပုံစံမျိုး ပြန်ရေးတာပါ”ဟု ဆိုသည်။
ယင်း စာအုပ်ပါအချက်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက မိမိထံသို့ တိုက်ရိုက်မေးမြန်းကာ မပြေလည်မှသာ စာနယ်ဇင်း ရှင်းလင်းသင့်ကြောင်း၊ ၎င်းက အာဏာရှင်များ၏ စရိုက်နှင့် အတွင်းရေးကို ဖော်ပြလို၍သာ ရေးသားခြင်းဖြစ်၍ နောင်တရရန်မရှိဟု ဦးသန်းဝင်းလှိုင်က ဆိုသည်။
စာရေးဆရာဦးသန်းဆွေ(ထားဝယ်)သည် လင်းပင်မင်းသား၏ မြေးဝမ်းကွဲတစ်ဦးဖြစ်ပြီး ဒေါ်ရတနာနတ်မယ်၏ တူဝမ်းကွဲဖြစ်သည်။
၎င်းက”ကျွန်တော့်အိမ်ကို လာတုန်းက ရတနာနတ်မယ်အကြောင်း ရေးမယ်လို့ အတိအကျ မပြောဘူး။ ဦးနေဝင်းရဲ့ ဇနီးတွေအကြောင်း ရေးမယ် သိသလောက် ပြောပြပါဆိုလို့ ပြောပြလိုက်တာပါ။ စာအုပ်မှာ ပြောတာတွေရော မပြောတာတွေရော ပါလာတယ်။ လွဲနေတာတွေလည်းရှိတယ်”ဟု ဆိုသည်။
ဒေါ်ရတနာနတ်မယ်သည် ယခုအခါ အသက် ၈၀ အရွယ် ရှိနေပြီး အီတလီနိုင်ငံတွင် နေထိုင်ကာ အီတာလျံနှင့် အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ်ထားသည်။ ၎င်းသည် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်ဆောင်ရွက်ခဲ့သည် ဟု သိရသည်။
Credit - Mizzima News
No comments:
Post a Comment