Sunday, June 7, 2015

နုတ်ထွက်မည်ဆိုသည့် ညီနောင်သုံးဖွဲ့မပါဘဲ အပစ်ရပ်လက်မှတ်မထိုးဟု NCCTပြော

Lawkhila Meeting
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ လော်ခီးလာအစည်းအဝေး ၆ရက်မြောက်နေ့ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအဖွဲ့(NCCT)မှ နုတ်ထွက်စာတင်ထားသည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ သုံးဖွဲ့ မပါဘဲ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးမည်မဟုတ်ဟု
တစ်နိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဇွန်လ၇ရက်က လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ခြောက်ရက်မြောက်နေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ညီနောင်သုံးဖွဲ့ မပါဘဲ လက်မှတ်မထိုးဆိုပါက ရက္ခိုင့်တပ်မတော် _AA အနေဖြင့် NCCTမှ နုတ်ထွက်မည်မဟုတ်ဟု လော်ခီလာတွင် ရောက်ရှိနေသည့် AA၏ ပြန်ကြားရေးတာဝန်ခံ ဦးအေးထွန်းက ပြောကြားခဲ့သည်။ လော်ခီးလာတွင် ရောက်နေသည့် MNDAA အဖွဲ့ဝင်ကို သတင်းထောက်များက မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။

ထိုအဖွဲ့သုံးဖွဲ့သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ဌာနချုပ် ပန်ဆန်းတွင် မေလအတွင်းက ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အစည်းအဝေးတွင် နုတ်ထွက်ရန် အဆိုပြုခဲ့ခြင်းဖြစ်ပြီး NCCTကမူ မဆုံးဖြတ်သေးဘဲ ယခုအစည်းအဝေးတွင်သာ ဆုံးဖြတ်မည်ဟု ဆိုခဲ့သည်။

ဇွန်လ ၆ ရက် နံနက်ပိုင်း ညီလာခံတွင် ထိုသုံးဖွဲ့ နုတ်ထွက်ရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) ဆွေးနွေးပြီးနောက် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ရေးတွင် ဆက်လက်ဆွေးနွေးရန် အတည်ပြုမှု ရရှိခဲ့သည်။

PNLO အဖွဲ့က အဆိုပါ အဖွဲ့သုံးဖွဲ့ နုတ်ထွက်ရေးနှင့် ပတ်သက်၍ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ကြားဝင် စေ့စပ်ပေးခဲ့သော ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် အဆိုပြုခဲ့သေးသည်။ ယင်းအပေါ် ညီလာခံတွင် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment