~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
”ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ်၊ ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ်၊ သာဂိရော အပျိုလိုချင် ခေါင်းညိတ်”
ပုတ်သင်ညိုတို့၏ သဘောက ခေါင်းတဆတ်ဆတ် ညိတ်လေ့ရှိပြီး ဘယ်သောအခါမှ ခေါင်းခါဖူးသည်မရှိ။ ဤသည်ကို ပမာပြုပြီး ပဏ္ဍိတတို့ ခပ်ငယ်ငယ် လူကြီးသူမတို့က အရွယ်ရောက်စ လူပျိုပေါက် မကျတကျ ကလေးများကို စကြနောက်ကြသည့် စကားလုံးဖြစ်သည်။
ပဏ္ဍိတကတော့ ဒီကနေ့ လူကြီးသူမအချို့ကို ပြောရ၊ ဆိုရ၊ ဆုံးမရ (အဲ သရော်ရ) မယ့်နေရာမှာ ထည့်သုံး လိုက်ဦးမယ်လို့ စိတ်ကူးရပါ၏။
”ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ်၊ ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ်၊ ကိုရွှေလူကြီးတို့ရေ ရာထူးလိုချင် ခေါင်းညိတ်၊ အာဏာလိုချင် ခေါင်းညိတ်”
ဒီကနေ့ လူကြီးတချို့က လူငယ်လူရွယ်တွေ ရည်းစားသနာ လိုချင်တာထက်ကို ပိုဆိုးတဲ့ တပ်မက်စိတ်မျိုးနဲ့ အာဏာငမ်းငမ်းတက်၊ ရာထူးငမ်းငမ်းတက် တတ်တာကို စကားမစပ် ပြောကြည့်တာပါ။
အမှန်က ပဏ္ဍိတ လုပ်သင့်တာ ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ရမှာ မဟုတ်ဘူးလား။ သံတော်ဆင့်စာဖတ် ပရိတ်သတ်နဲ့ ပဏ္ဍိတဆိုတာ ခုမှထိတွေ့ရမှာလေ။
ပဏ္ဍိတဆိုလို့ ဘုန်းတော်ကြီးတစ်ပါးက မတော်တရော်၊ အပြောင်အပျက်၊ ကပြက်ကချော်တွေ ရေးနေပါလား လို့တော့ လားလားမျှ မတွေးလိုက်ပါနဲ့။ ရဟန်းဝတ်မဟုတ်တဲ့ ဒေါင်ဒေါင်မြည် ပုထုဇဉ် လူသားစင်စစ်ပါ။
ပုထုဇဉ် လူသားဆိုလို့လည်း အထင်မသေးလိုက်ပါနဲ့။ ပဏ္ဍိတရဲ့ စာတွေကိုသာဖတ် စာဖတ်ပရိတ်သတ်ကြီး မင်္ဂလာ ၃၈ ဖြာစလုံး မပြည့်စုံရင်နေ၊ တစ်ပါးတော့ အမြဲတမ်း ပြည့်စုံနေစေရမယ်လို့ အာမခံပါရဲ့။
ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော ၃၈ ဖြာ မင်္ဂလာထဲမှာ ဒုတိယမြောက် အချက်က”ပဏ္ဍိတာ နဉ္စ သေဝနာ” လို့ ဟောကြား တော်မူထားတယ်မလား။
”လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ။ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ။ သုံးပါးရတနာ၊ မိဘများနဲ့ ဆရာသမားကို ပူဇော်လေ။ အဲဒါမှ ဗုဒ–ဝါဒ ကမ္ဘာ့မင်္ဂလာတွေ” ဆိုတဲ့ ပဏ္ဍိတတို့ ခပ်ငယ်ငယ်က ကျောင်းဆင်းကျောင်းတက် ရွတ်ရတဲ့ မြန်မာပြန် လင်္ကာလေးတောင် ရှိသေးတယ်လေ။ အဲဒါကို ပဏ္ဍိတရဲ့ စာဖတ်ပရိသတ်အတွက် ပြန်ပြောင်းစပ်ဆို လိုက်ပါတယ်။
”ခရိုနီနဲ့ အာဏာရှင်ဆို ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ။ ပဏ္ဍိတကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ။ သုံးပါးမဏ္ဍိုင်၊ စစ်အာဏာရှင်နဲ့ ခရိုနီများကို သရော်လေ။ အဲဒါမှ ပဏ္ဍိတဝါဒ မြန်မာ့ သရော်စာတွေ”
ဒါက ပဏ္ဍိတရဲ့ မူဝါဒမိတ်ဆက်ပါ။ ပဏ္ဍိတ အကြောင်းကတော့ –
ဇာတိကား … အိုင်ဗင်ဟိုးတစ်လှည့် ဝမ်ပေါင် တစ်လှည့် တူးခဲ့ပါတဲ့ ထိုကြေးနီတောင်ရှိရာမြို့ ဖြစ်သတည်း။
သို့သော်ငြား ခြေဖဝါးအောက် ဗွေပေါက်၊ လက်ဖဝါးထက် တနင်္လာဂြိုဟ်ခုံ မို့တက်နေရာ မွေးကတည်းက ဇာတိရပ်ရွာ စွန့်ခွာ၍ ပြည်ကြီးဒဂုံ ရွှေရန်ကုန်၌ ကြီးခဲ့လေသတည်း။
အသက်ကား တနင်္လာဂြိုဟ်မင်းထက် နှစ်ဆကြီး၏။ အိုမင်းရင့်ရော် အရွယ်တော် တစ်ဆိတ်မဟိုင်းပင် မဟိုင်းငြား အိုဇာတာတက်၍ ခေါင်းထက်၌ ဆံဖြူ တချို့ မရှိ၏သို့၊ ရှိ၏သို့နှင့် ဖြစ်ချေပြီသတည်း။
ကိုင်း ‘ ပဏ္ဍိတသုတ္တံ နိဋ္ဌိတံ’ ပဏ္ဍိတအကြောင်း ပြီးပါပြီ။
ပဏ္ဍိတအကြောင်း တော်သင့်ရုံမျှ မိတ်ဆက်ပြီးပြီမို့ မူလခေါင်းစဉ်ကို ပြန်ဆက်ရမယ်ဆိုရင် ပုတ်သင်ညို ဋီကာကနေ စရလိမ့်မယ်ထင်ရဲ့။
”သြော် အန္တရာယ်ရှိပေသမို့၊ အရောင်တုရယ်နှင့် ဟန်ဆောင်မှု ပြုရပါသကွဲ့၊ အရွက်စိမ်း အရွက်ဝါတွေ ကြားမှာဖြင့်၊ တစ်ဝက်စိမ်း တစ်ဝက်ဝါကြားရယ်နှင့်၊ ပုတ်သင်ညိုများမှာဖြင့်၊ ပင်စည်နဲ့ သစ်ကိုင်းခြောက် ကြားမှာတော့၊ ညိုလွယ်မွဲလွယ်နဲ့ အရောင်တွေပြောင်းလို့၊ ခမျာမှာ ကိုယ်ရောင်ဖျောက် ပြောင်းငဲ့ပြင်၊
ပတ်ဝန်းကျင် အနေနီးလို့ အခြေကြီးတဲ့အသွင်၊ ခေါင်းကိုတွင်တွင်ညိတ်လို့ ဘုရင်အမိန့်နဲ့ ပဲဝက်ကို လည်ဆွဲဆင်၊ ရွှေဘဝင်လေမှာဟပ် ခေါင်းညိတ်တာ ရပ်ခဲ့ရင်၊ ပုတ်သင်ညို အသွင်ပျောက်လို့ ဖွတ်ဘဝ ရောက်မှာ မလွဲပင်”
ပဏ္ဍိပဏ္ဍိတကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို မစပ်တတ် စပ်တတ်နဲ့ ဋီကာတစ်ပိုဒ် စပ်ကြည့်တာပါပဲ။
ပုံပြင်ထဲမှာက ဗာရာဏသီပြည်က ဗြဟ္မဒတ်မင်းကြီးက လေသာဆောင် ကနေ ဥယျာဉ်တော်ကို ရှုစားတော်မူစဉ် ပုတ်သင်ညို တစ်ကောင်ဟာ သစ်ကိုင်းဖျားကနေ ဘုရင်ဘက်ကို ဦးလှည့်ပြီး ခေါင်းကို တဆတ်ဆတ် ညိတ်တာကို တွေ့ရသတဲ့။ အဲဒီအခါ မင်းကြီးက သူ့ရဲ့ အမတ်ကြီးတစ်ပါးကိုခေါ်ပြီး ”ကိုင်း ဒီပုတ်သင်ညိုက ငါ့ရဲ့ အရှိန်အဝါကို ကြောက်ရွံ့ လေးစားတဲ့အတွက် ငါ့ကို ဦးခေါင်း တဆတ်ဆတ်ညိတ်ပြီး အရိုအသေ ပေးနေ တယ်။ သူ့ကို ဆုချီးမြှင့်တဲ့အနေနဲ့ အသပြာပဲဝက်ဖိုး အစာချီးမြှင့်စေ”လို့ မိန့်တဲ့အခါ အမတ်ကြီးကလည်း ပုတ်သင်ညိုကို ဘာဝယ်ကျွေးရမှန်း မသိတဲ့အတွက် အသပြာပဲဝက်ကိုဖောက်ပြီး လည်ပင်းမှာ ဆွဲပေးသတဲ့။
အသပြာပဲဝက်ကို လည်ပင်းမှာ ဆွဲပေးတဲ့နေ့ကစပြီး အဲဒီပုတ်သင်ညိုက ခေါင်းမညိတ်တော့ဘဲ အသပြာပဲဝက် ကျွတ်ကျမှာ စိုးတဲ့အတွက်ကို ခေါင်းကို မတ်မတ်သာ ထားတော့သတဲ့”
ပုံပြင်ကတော့ အဲဒီမှာ ပြီးသွားတာပါ။ အဲဒီတော့ ပဏ္ဍိတ တွေးမိတာကတော့ ပုတ်သင်ညိုဟာ အရောင်ပြောင်း တတ်ပါတယ်။ ဒါကိစ္စမရှိပါဘူး။ ဒါအန္တရာယ်နဲ့ ကြုံတွေ့ရင် ကာကွယ်ဖို့ သဘာဝက ပေးထားတဲ့ စွမ်းအင်ပါ။ ပုတ်သင်ညိုရဲ့ သဘောသဘာဝက ခေါင်းညိတ်ပါတယ်။ ဘာဖြစ်ဖြစ် ညိတ်ပါတယ်။ တကယ်လို့ ပုတ်သင်ညို သာ ခေါင်းမညိတ်တော့ရင် သူနဲ့ အဆင်းသဏ္ဌာန်တူတဲ့ ဖွတ်အသေးစားတစ်ကောင် ဖြစ်သွားပါလိမ့်မယ်။ ဆိုတော့ ပုတ်သင်ညိုဟာ ခေါင်းညိတ်ကို ညိတ်ရမှာပါပဲ။
ဒါကြောင့်လည်း ပဏ္ဍိတက ”ရွှေဘဝင်လေမှာဟပ် ခေါင်းညိတ်တာ ရပ်ခဲ့ရင်၊ ပုတ်သင်ညို အသွင်ပျောက်လို့ ဖွတ်ဘဝရောက်မှာ မလွဲပင်”လို့ ရေးစပ် လိုက်တာပါ။
ပုတ်သင်ညိုဆိုလို့ ပြောရဦးမယ်။ မပြောချင်လည်း ပြောမှဖြစ်မယ် ဆိုတော့ ပြောကြည့်မယ်နော်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်က နေပြည်တော်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။ ဘဏ္ဍာ/အခွန်ရဲ့ သတင်းစာ ရှင်းလင်းပွဲ တော်တော်များများမှာ မီဒီယာတွေနဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ဒေါက်တာ မောင်မောင်သိမ်းကို ပွဲထုတ်လေ့ ရှိပါတယ်။
ဒေါက်တာမောင်မောင်သိမ်းဟာ စစ်အစိုးရ ခေတ်ကတည်းက မြန်မာ့အာမခံ လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဆိုတဲ့ တာဝန်ကို ယူကတည်းက မီဒီယာတွေနဲ့ လိုက်လျောညီထွေ ဆက်ဆံပြီး မီဒီယာတွေကို အလွယ်တကူ ဖြေကြားခဲ့တဲ့ ပညာရှင်စာရင်းဝင်ပါ။
အာမခံကိစ္စတွေလို ရှုပ်ထွေးတဲ့ ငွေရေးကြေးရေး ကိစ္စရပ်တွေကို နှစ်ပေါင်း များစွာ ကိုင်တွယ်လာတဲ့ ငွေကြေးပိုင်း ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူ စီးပွားရေး ပညာရှင် တစ်ဦးပါပဲ။ သူ့ခေတ်သူ့အခါအရ အတော်ပင် ပွင့်လင်းမြင်သာခဲ့တဲ့ သတင်းရင်းမြစ်တစ်ဦးပါပဲ။
အဲဒီနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ ”ကုန်ဈေးနှုန်း မတက်အောင် စားသုံးသူ အဖွဲ့ဖွဲ့ပြီး ဈေးကြီးတဲ့ ကုန်စည်တွေကို မဝယ်ဘဲ သပိတ်မှောက်လို့ရတယ်” လို့ ပြောခဲ့တာပါပဲ။
အဲဒီမတိုင်ခင်ကလည်း ကုန်ဈေးနှုန်း မြင့်တက်လာတာ ဝိသမလောဘသား စီးပွားရေးသမားတွေကြောင့်လို့ ပြောခဲ့ဖူးပါသေးတယ်။
သူလိုပညာရှင်တစ်ဦးက ဒီလိုစကား ထွက်လာတာဟာ သူလည်းလေ လောကီ သားပေမို့လို့ ဆိုရမလား။ သူလည်းလေ ပုတ်သင်ညိုပေမို့လို့ ဆိုရမလားပဲ။
ဈေးကွက်စီးပွားရေး စနစ်လို့ ပြောပြီး အရာရာကို ဗဟိုချုပ်ကိုင်ထားခဲ့တဲ့ စစ်အာဏာရှင်ခေတ်က အသုံးအနှုန်း မျိုးကို ပြန်သုံးခဲ့တာပါပဲ။
ဈေးကွက်ရဲ့ ရောင်းသူနဲ့ ဝယ်သူ၊ ထုတ်လုပ်နိုင်စွမ်းနဲ့ ဝယ်လိုအား၊ ရောင်းလိုအား သဘောသဘာဝ Supply and Demand သဘောတရားတွေကို အတန်ငယ် ကျေညက်မယ်လို့ ထင်ခဲ့ရတဲ့၊ အဒမ်စမစ်ရဲ့ မမြင်ရသော လက် သဘောတရားကို သိလောက်မယ်လို့ ထင်ရလောက်တဲ့၊ စီးပွားရေးပညာရှင်လို့ မှတ်ယူရလောက် တဲ့ ဒေါက်တာမောင်မောင်သိမ်းဆီက ဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားမိတာ အမှန်ပါပဲ။
နေတဲ့နေရာကိုလိုက်လို့ ပုတ်သင်ညို အရောင်ပြောင်းလေသလား။ အသပြာပဲဝက်ကို တပ်မက်လို့ အခြေကြီးတဲ့ ပုတ်သင်ညိုလို ဝန်ကြီးယူနီဖောင်းကြောင့်များ ရွှေဘဝင်လေဟပ် သွားလေသလားပါပဲ။
သတိထားနော် ဖွတ်ဖြစ်သွားဦးမယ်။
ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေမယ့် အဒမ်စမစ်ရဲ့ မမြင်ရသောလက် သီအိုရီအတိုင်း ရောင်းလိုအား များလာအောင်၊ ထုတ်လုပ်မှုစွမ်းအား မြင့်လာအောင် လုပ်နိုင်ရင် ကုန်ဈေးနှုန်း က အလိုလိုကျတယ်ဆိုတာ ပညာရှိ သတိဖြစ်ခဲများ ဖြစ်သွားလေသလားပါပဲ။
မပြောချင်လည်းပြောမှ ဖြစ်မယ်ဆိုတော့ နောက်တစ်ဦးအကြောင်းလည်း ပြောရဦးမယ်။ သူကတော့ ဦးသောင်းတင်ပါ။ KMD Group ရဲ့ ဥက္ကဋ္ဌ၊ ပိုင်ရှင်ဆိုပါတော့။ ခုတော့ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးပါ။
နာမည်ပျက်တွေနဲ့ အမြဲဝေဖန်ခံရတဲ့ အမြတ်ကြီးစား ဆက်သွယ်ရေး လုပ်ငန်းကြီး၊ အဂတိလိုက်စား လာဘ်စား မှုများ တင်းပြည့်ကျပ်ပြည့်နဲ့ လုပ်ငန်းကြီးကို တာဝန်ယူခဲ့ရတဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေနဲ့ သူ့လက်ထက်မှာ အတော်ပြောင်းလဲ တိုးတက်လာ တာတွေတော့ မြင်ခဲ့ရပါတယ်။
ပြဿနာက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းက စပါတယ်။ သွယ်ဝိုက်ခွန်လို့ ပြောတဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို စားသုံးသူတွေဆီက တိုက်ရိုက် ကောက်ခံတာကနေ စပါတယ်။
သွယ်ဝိုက်ခွန်ကို တိုက်ရိုက်ကောက်ပြီဆိုကတည်းက မှားနေပြီဆိုတာ ကလေးတောင် သိပါတယ်။ အဲဒီတော့ ကာ လွှတ်တော်မှာ အချေအတင် ပြောဆိုဆွေးနွေးကြပါတယ်။ ဒါကို ဒုဝန်ကြီး တစ်ဦးအနေနဲ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းခဲ့တာပါ။
ဦးသောင်းတင်က စစ်အစိုးရ လက်ထက်မှာ ကြီးပွားခဲ့တဲ့ လုပ်ငန်းရှင်တွေထဲကမှ ဒေါင်ဒေါင်မြည် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးပါ။
စကားပြောဖူးဆိုဖူးသလောက် ပွင့်လင်းရိုးသားတယ်၊ မူဝါဒပြတ်သားတယ်။ စီးပွားရေး ကျွမ်းကျင်နှံ့စပ်တယ်။ အိုင်တီ နည်းပညာနဲ့ ပတ်သက်ပြီး ခေတ်ရှေ့ပြေး အမြင်ရှိတယ်လို့ ပြောလို့ရတဲ့ လုပ်ငန်းရှင်တစ်ဦးပါပဲ။
ဒုဝန်ကြီးဖြစ်ပြီးတဲ့ နောက်မှပဲ အရောင်ပြောင်း သွားလေသလားပါပဲ။ သွယ်ဝိုက်ခွန်ဆိုတာ စားသုံးသူများဆီက ကောက်ခံတဲ့ အခွန်ဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း ကောက်ခံကြောင်းအပြင် နိုင်ငံခြားဆက်သွယ်ရေး လုပ်ငန်း ကုမ္ပဏီများထံကလည်း အခွန်တွေ အပြည့်အဝ ရပါကြောင်းကို မိနစ် ၃ဝ စာလောက် လွှတ်တော်မှာ အားရပါးရ ရှင်းပြသွားခဲ့ပါတယ်။
ဒါပေမဲ့ အခွန်အလေ့အထနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကုန်သွယ်ခွန်ကို စားသုံးသူဆီက တိုက်ရိုက် ကောက်ခံတဲ့ အလေ့အထမရှိတာတွေ၊ ဒီလိုကောက်ခံဖို့ကို စားသုံးသူတွေကို ကြိုကြိုတင်တင် အသိပေးဖို့ ပျက်ကွက်ပြီး ရက်ပိုင်းမျှလောက်ခြားပြီး အလောတကြီး ကြေညာခဲ့တာတွေကိုတော့ ဘာမှဖြေရှင်း မပြခဲ့ပါဘူး။
အစိုးရရဲ့ ဘတ်ဂျက်လိုငွေကို အရေးပေါ် ဖြည့်တင်းဖို့ အလောတကြီးနဲ့ထပြီး ကောက်ခံမှန်း ကလေးတောင် သိနိုင်တဲ့ အခွန်ကို မလိမ့်တပတ်နဲ့ ကရော်ကမယ် လာရှင်းပြသွားခဲ့တာပါပဲ။
မြန်မာနိုင်ငံမှာ ကုန်သွယ်ခွန် ဆိုတာကို လုပ်ငန်း အတော်များများက စားသုံးသူ အိတ်ထဲကနေ ပေးမှန်း မသိသာအောင် ပေးလေ့ရှိပါတယ်။ ဥပမာ ဘောက်ချာမှာ ကုန်သွယ်ခွန်ပါပြီးဆိုတဲ့ အဓိပ္ပာယ်နဲ့ အခွန်တံဆိပ် ခေါင်းကပ်ထားတဲ့ သဘောမျိုးပါ။
ဒါပေမဲ့ မြန်မာ့ဆက်သွယ်ရေး လတ်တလော အစိုးရပိုင်ပြီး ကော်ပိုရေးရှင်း အသွင်ပြောင်းဆဲလို့ ပြောတဲ့ MPT ကစလို့ တယ်လီနော၊ အော်ရီဒူး စတဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေက ဒီနည်းကနေ ဖယ်ကြဉ်ပြီး ပြည်သူဆီက တိုက်ရိုက် ကောက်ခံတဲ့ နည်းလမ်းကို သုံးခဲ့တာ ဦးသောင်းတင်တို့ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးများရဲ့ ပယောဂ မကင်းဘူးဆိုတာ ပဏ္ဍိတတို့ တွေးကြည့်ရင် သိနိုင်ပါတယ်။
ဒါကိုပဲ လွှတ်တော်မှာ ခပ်တည်တည် တက်လှိမ့်ခဲ့တဲ့ ဦးသောင်းတင်ခမျာလည်း အာဏာရှင်နဲ့နီးလို့ အာဏာရှင် အရောင်ပြောင်းပြီး ကိုယ်လုပ်သမျှ မှန်သလိုလို ဇွတ်ခင်းပြီး ပုတ်သင်ညို အကွက်တွေ နင်းသွားလေပါရဲ့။
ပညာရှင်တို့လည်း အာဏာရှင်တို့ အလိုကျ အရာရာ ခေါင်းညိတ်လို့ ရှိရင်တော့၊ အသပြာပဲဝက် အဆင် တန်ဆာ တပ်မက်နေရင်တော့ ”ဘုရင့်အမိန့်နဲ့ ပဲဝက်ကို လည်ဆွဲဆင်၊ ရွှေဘဝင်လေမှာ ဟပ်နေတယ်” လို့ ဝေဖန်နေကြ မှာပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment