Thursday, June 11, 2015

တရုတ်သမ္မတ ရှီကျင်ဖျင် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

Written by 

တရုတ်နိုင်ငံ၌ အလည်အပတ်ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန် ၁၁ တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ဆွေးနွေးသည့်အကြောင်းအရာများကိုမူ အသေးစိတ်ဖော်ပြခြင်း မရှိသော်လည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းအရေးမှူးလည်းဖြစ်သူ ရှီကျင့်ဖျင်နှင့် ပီကင်းရှိ ပြည်သူ့မဟာ ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်နိုင်ငံ အလည်အပတ်ခရီးမှာ အတိုက်အခံခေါင်းဆောင်များနှင့် ဆက်ဆံရေးတည်ဆောက်ရန်နှင့် တရုတ်-မြန်မာနယ်စပ် တင်းမာမှုများ လျော့ချရေး တရုတ်၏
ကြိုးစားမှုတစ်ခု အဖြစ် ရှုမြင်ကြသည်။ အရှေ့တောင်အာရှမှ မိတ်ဟောင်းဆွေဟောင်းနိုင်ငံအပေါ် သံတမန်ရေးအရ ချဉ်းကပ်ရာ၌ သမိုင်းဝင်အပြောင်းအလဲပုံစံ တစ်ခုအဖြစ်လည်း ဖော်ပြနေကြသည်။

‘တရုတ်ဟာ အခုဆိုရင် မြန်မာပြည်ကို သြဇာလွှမ်းမိုးရေးမှာ ပြိုင်ဘက်တွေရှိလာပြီ။’’ ဟု ပြင်သစ် နိုင်ငံတကာဆက်ဆံရေးအင်စတီကျုမှ သုတေသီ အဲလစ် အက်ခမန်းက ပြောသည်။ "ကမ္ဘာ့နိုင်ငံအားလုံးက လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်တွေကနေတစ်ဆင့် ဆက်ဆံရေး ခိုင်မာအောင်လုပ်နေကြလို့ တရုတ်နိုင်ငံအနေနဲ့လည်း အစိုးရနဲ့ အတိုက်အခံ နှစ်ဖက်စလုံးကို ဆက်ဆံရေးကို ထိန်းသိမ်းထားရတော့မယ်။" ဟုလည်း ၄င်းကဆက်ပြောသည်။

တစ်ခါက နီးနီးကပ်ကပ်ရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမ္မတ ဦးသိန်းစိန်က ကန်ဒေါ်လာ ဘီလျံများစွာ တန်သည့် မြစ်ဆုံ ရေကာတာစီမံကိန်းကို ရွှေ့ဆိုင်းလိုက်သည်မှစ၍ ခပ်တန်းတန်းဖြစ်နေချိန်လည်း ဖြစ်သည်။ ထို့အပြင် မြန်မာစစ်တပ်နှင့် ကိုးကန့်သူပုန်များအကြား နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများ ကလည်း နှစ်နိုင်ငံဆက်ဆံရေးအကြား စမ်းသပ်မှုတခုဖြစ်နေသည်။

အထူးသဖြင့် တရုတ်နိုင်ငံက ၄င်းတို့ရင်းနှီးမတည်ထားသည့် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကူညီဖြေလျော့ပေးရန် မျှော်လင့်နေနိုင်သည်။ ထို့အပြင် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရလဒ်ကောင်းများ ရနိုင်သည့် အချက်ကိုလည်း ဝေဖန်သုံးသပ်သူများက ထောက်ပြနေသည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ်အုပ်စုက ရလဒ်ကောင်းတွေ ရနိုင်ခြေရှိပြီး၊ ဥပဒေပြုလွှတ်တော်မှာလည်း အသာစီးရဖို့ ရှိနေတယ်။" ဟု တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ တွဲဖက်ပါမောက္ခ တုကျီဖန်းက ပြောသည်။

"ဒီလိုအခြေအနေမျိုးမှာ တရုတ်အစိုးရက မြန်မာနိုင်ငံက အတိုက်အခံခေါင်းဆောင်တွေ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးမထူထောင်ထားဘူးဆိုရင် အခွင့်အရေးလက်လွတ်သွားနိုင်တယ်။’’ ဟု ၄င်းကဆက်ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ ရရှိနေသည့် ပထ၀ီနိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ကာကွယ်ရန်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများမှ လွတ်မြောက် လာပြီးနောက် အခြားနိုင်ငံများအား လမ်းဖွင့်မှုများစတင်နေသည့် မြန်မာကို နည်းမျိုးစုံဖြင့် ချဉ်းကပ်ရန် လိုအပ်လာသည်ဟုလည်း ဝေဖန်သုံးသပ်သူများက ယူဆနေကြသည်။

- CNA/ec

Credit - Mizzima News

No comments:

Post a Comment