Written by
ဖနိဒါ
ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လေးနှစ်ပြည့် အခမ်းအနားများကို KIO ဌာနချုပ် လိုင်ဇာ အပါအဝင် ပြည်တွင်း ပြည်ပ နေရာအများအပြားတွင် ဇွန်လ ၉ ရက်က ပြုလုပ်ကျင်းပခဲ့သည်။
KIO အဖွဲ့၏ ဌာနဆိုင်ရာ အသီးသီးနှင့် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းတိုင်းတွင်လည်း လေးနှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းဝတ်ပြုပွဲများကို ဇွန် ၉ ရက် ၇ နာရီတွင် ပြုလုပ်ကျင်းပ ခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံဟောင်း အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။
“ဒီမနက် ၇ နာရီ ဆုတောင်းပွဲ အခမ်းအနားကိုတော့ ဘာအစားအသောက် ကျွေးမွေးတာတွေ မလုပ်ဘဲ ဆုတောင်းဝတ်ပြုတာပဲ စခန်းတိုင်းမှာ ကျင်းပတယ်။ ကျွန်တော်တို့ လေးနှစ်ထိ ရန်သူတိုက်ခိုက်လာလို့ ခုခံစစ်ကို ကျော်လွှားနိုင်ခဲ့တဲ့ ခေါင်းစဉ်နဲ့ ဆုတောင်းဝတ်ပြုကြတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
လေးနှစ်ပြည့်သော်လည်း ငြိမ်းချမ်းရေး ရနိုင်ရန် မဖြစ်နိုင်သေးသော်လည်း ဆက်လက်ပြီး စစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန်နှင့် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် ဖြတ်သန်းသွား ကြရန် လေးနှစ်ပြည့်နေ့တွင် စစ်ပြေးဒုက္ခသည်များအား ၎င်းက တိုက်တွန်းပြောဆိုလိုက်သည်။
လေးနှစ်ပြည့်သော ဇွန်လ ၉ ရက်က စစ်ပြေးဒုက္ခသည်များအတွက် သောက်သုံးရေနှင့် ကျန်းမာရေးအတွက် အဓိက ကူညီထောက်ပံ့ပေးနေသော UK နိုင်ငံမှ အကူအညီပေးသော အဖွဲ့မှ ကိုယ်စားလှယ်များလည်း လိုင်ဇာဌာနချုပ်တို့ ရောက်ရှိလာ၍ စစ်ပြေး ဒုက္ခသည် ကူညီပေးရေးကော်မတီနှင့် တွေ့ဆုံခဲ့သည်ဟု ဦးဒွဲပီဆာက ပြောသည်။
“ဒီနေ့ ယူကေက ဒေးဆစ်အဖွဲ့တွေ သူတို့ကလည်း ဘယ်လို ဆက်ဖြစ်မလဲဆိုတာ လာရောက် မေးမြန်းတယ်။ လေ့လာတာပဲ။ ကျွန်တော်တို့ ကေအိုင်အိုအဖွဲ့နဲ့ ၁ နာရီကနေ ၂ နာရီထိ တွေ့တယ်။ ပြီးတော့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုတယ်။ သူတို့ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲ။ ကျွန်တော်တို့ကတော့ ဆက်ပြီး ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုတယ်။ သူတို့ပြောတာက ခုပေးနေသလောက်တော့ မလျော့ဘဲ ဆက်လက် ပေးမယ်လို့တော့ ပြောသွားတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေလမှ စတင်၍ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည် ငါးသောင်းကျော် အတွက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ အကူအညီများ လျော့နည်းခဲ့သဖြင့် အကူအညီများ လိုအပ်နေသည်ဟု မကြာမီက KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ၏ တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ဟိန်းဝေါမ်က မဇ္ဈိမကို ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ပြေး ဒုက္ခသည်များက ဘုရားကျောင်းများတွင် ဆုတောင်းဝတ်ပြုပွဲများ ကျင်းပခြင်းများ ပြုလုပ်ပြီး ကချင် လူမှုအဖွဲ့အစည်း (CSO) များကမူ အမျိုးသမီးများ စစ်လက်နက်အဖြစ် အသုံးချခြင်းကို ချက်ချင်းရပ်၊ ပဋိပက္ခ ဒေသမှ အမျိုးသမီးများ၏ လုံခြုံရေး လေးစားကာကွယ်ကြရန် ဟူသော ပို့စတာများ၊ စတိတ်ကာများကို လိုက်ကပ်ခြင်းနှင့် ဖြန့်ဝေခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်တိုင်းရင်းသားများကလည်း စစ်ပြေးဒုက္ခသည်များ စစ်ရှောင်လာသည့် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၈ ရက်နေ့ ညနေမှ စတင်၍ ၂၄ နာရီ အစာရှောင် ဆုတောင်း ဝတ်ပြုမှု ပြုလုပ်ခဲ့ပြီး ယနေ့ ဇွန်လ ၉ ရက်၊ ညနေ ၇ နာရီတွင်လည်း ဆုတောင်းဝတ်ပြုပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment