တလောက ဆရာမော်ကျွန်းနှင့် အမှတ်မထင် မြို့ထဲတစ်နေရာ တွင် တွေ့ကြသည်။ အလုပ် ကိုယ်စီနှင့်မို့ သိပ်အကြာကြီး စကားမပြောဖြစ်ခဲ့ကြသော်လည်း ‘ဆရာ အကြွေးကျန်နေ တယ်နော်’ ဆိုသည့် စကားတစ်လုံးဖြင့် လွန်ခဲ့သည့် ၇ နှစ်နှင့် ၈ နှစ်ခန့်က စာပေစိစစ်ရေး အကြီးအကဲ ဦးတင့်ဆွေရုံးခန်းကအပြန် နောက်လ အတော်ကြာသည်အထိ ဆရာမော်ကျွန်း ရင်ထဲက ခံစားချက်တွေကို မိမိအတိုင်းသား မြင်နေရသည်။ ဆရာလည်း မိမိလိုပဲမြင်မည် …
ဆရာမော်ကျွန်း (မော်ကျွန်းစိုးမြင့်)နှင့် မိမိတို့ ပြည်ခိုင်ဖြိုး အသင်းကြီး၏ စာနယ်ဇင်းဆရာဘဝကို ကိုယ်စီ ရောက်ရှိကြချိန်တွင် မိမိတို့နှစ်ဦးစလုံးသည် ရှင်ကြီးရော ရှင်ငယ်ဝမ်းကပါ ကိုယ်စီ ထွက်လာခဲ့ကြ သူများ ဖြစ်ကြ သည်။ ပြည်ခိုင်ဖြိုး အသင်းကြီးမှ ထုတ်ဝေသည့် စိမ်းလဲ့ရွှေပြည်ဂျာနယ်သည် မိမိအတွက် (၇) စောင်မြောက် အယ်ဒီတာဘဝ အတွေ့အကြုံဖြစ်သည်။
ဆရာမော်ကျွန်းက မိမိထက် အသက်အရွယ်အရရော ဂျာနယ်ဝါအရပါ ကြီးပါသည်။ မဆလ ခေတ်ကတည်းက သတင်းစာဆရာတစ်ယောက် ဖြစ်ခဲ့ သည်ဟု သိရသည်။ မိမိသိခဲ့ရသည်မှာ မြို့တော်သတင်းစာ အယ်ဒီတာချုပ် ဖြ စ်သည်။ မိမိက စိမ်းလဲ့ရွှေပြည်ဂျာနယ်၊ ဆရာမော်ကျွန်းက ရွှေနိုင်ငံဂျာနယ် ကို ကိုယ်စီ မကိုင်ရမီကတော့ မိမိက ပန်သစ္စာဂျာနယ်မှဖြစ်ပြီး ဆရာက Freelance ဘဝနှင့် ကိုမြတ်ခိုင်တို့ရဲ့ အင်္ဂါစကားဝိုင်းမှာ တွေ့ဆုံ နေကျဖြစ် သည်။
ဆရာ့တွင် ဖြတ်သန်းခဲ့ရသည့် စာနယ်ဇင်း အတွေ့အကြုံ အများကြီးရှိသည်။ အနိမ့်အမြင့်တွေကို ဖြတ်သန်း ခဲ့ရပြီး ဖြစ်ပါလိမ့်မည်။ ဆရာနှင့် အခြားဂျာနယ် အယ်ဒီတာများနှင့်လည်းကောင်း၊ ဆရာနှင့်မိမိတို့ အကြားတွင် လည်းကောင်း၊ ဆရာနှင့် မိမိနှင့် အခြားဂျာနယ် အယ်ဒီတာများနှင့် လည်းကောင်း သဘောထား ကွဲလွဲမှုများ၊ ထပ်တူမကျမှုများ၊ အတ္တကိုယ်စီများ၊ ပြောဆိုဝေဖန်စရာများ ရှိနေပါမည်။ ဆရာနှင့် မိမိတို့အကြား ထူးခြားသည့် တူညီမှုများ မရှိသကဲ့သို့ မထူးခြားသည့် သာမန်ကာလျှံကာ concept များသည်ပင်လျှင် ကွဲလွဲမှုတွေ ရှိနေ ပါသည်။ မိမိတို့နှစ်ဦးမှာ Right to differ အခွင့်အရေးရှိကြပါသည်။ သို့ရာတွင် တူညီသည့် အချက်အချို့ ရှိပါသည်။ Old Blues တွေပီပီ လည်ကတုံးနှင့် လွယ်အိတ် အမြဲလွယ်လေ့ရှိသည်။ တူညီသည့် ရည်ရွယ်ချက် ကတော့ မိမိတို့ လုပ်ခွင့် ရရှိထားသည့် ဂျာနယ်များကို အောင်မြင်အောင် ကိုယ်စီလုပ်ကြမည် ဆိုသည့် သန္နိဋ္ဌာန်ပဲ ဖြစ်သည်။
ဆရာမော်ကျွန်းသည် ရွှေနိုင်ငံဂျာနယ်ကို တာဝန်ယူရသည်။ မိမိက စိမ်းလဲ့ရွှေပြည်ဂျာနယ်။ ဆရာသည် ရွှေပြည်သာမှာ နေသော်လည်း ဂျာနယ်ရုံးစိုက်ရာ သိမ်ဖြူလမ်းရုံးကြီးကို ဘယ်တော့မှ နံနက် ၈ နာရီခွဲထက် နောက်မကျဘဲ ရောက်လေ့ရှိသည်။ မိမိတို့ရုံးကနေ ဆရာနေထိုင်ရာ ရွှေပြည်သာ ကို မော်တော်ကားစီးလျှင် နှစ်ဆင့်လောက် စီးရပြီး အချိန်အားဖြင့် ၂ နာရီခန့် ကြာတတ်သည်။ တစ်ခါတလေ ဆရာ မီးရထားစီးသည်။ ဆရာသည် မိမိထက် အသက် ၅ နှစ်ခန့် ကြီးသော်လည်း ဆံပင်အချို့ နဖူးနောက် ရောက်သွားတာကလွဲပြီး ကျန်းမာသည်။ ဆရာ့လုပ်သက် တစ်လျှောက် မိမိကဲ့သို့ပင် ရုံးပျက်ရက်မရှိ။ နေမကောင်းလို့ ခွင့်တိုင်သည်မရှိ။ တနင်္ဂနွေမရှိ။ အခါ ကြီးရက်ကြီး အစိုးရရုံးပိတ်ရက်မသိ။ ဂျာနယ်ထဲတွင် အချိန်ပြည့် နှစ်မြှုပ်ခဲ့ကြ၏။
ဝန်ကြီး ဦးစီးဦးဆောင်ပြုသည့် အစည်းအဝေးပွဲများတွင် ဆရာ သည် ပြောသင့် ပြောထိုက်သည့် အကြောင်း အရာ၊ ပြောရမည့် ကာယကံရှင် မည်သူ့ကိုမဆို မေးမြန်းပြောဆိုသည်။ တင်ပြပြောဆို သည်၊ ချေပ ပြောဆိုလေ့ ရှိသည်။ ဆရာပြောတာတွေ များသွားမည်စိုးသဖြင့် မိမိဘရိတ်အုပ်သည့်အနေဖြင့် ဆရာ့တိုက်ပုံ အောက်နားစကို လှမ်းလှမ်းဆွဲထားရသည်။
ဆရာသည် မိမိတို့သိမ်ဖြူရုံးကြီးကို ဘယ်သူမှ မရောက်ခင် အရင်ရောက်နှင့် သည်။ ရုံးတံခါးမှာ သော့မရှိ။ စားပွဲမရှိ။ ဗီရိုမရှိ။ ကုလားထိုင်စားပွဲမရှိ။ တံမြက်စည်း လှည်းသည်။ သောက်ရေဖြည့်သည်။ တစ်ခါတစ်ရံ မိမိတို့ရုံးခန်း နံဘေးက အိမ်သာ ရေမလာလို့ ဆို့နေသည့် အခါမျိုးနှင့် ကြုံလျှင် ကြီးကောင်ကြီးမား အယ်ဒီတာ ၂ ယောက် ရေနှင့်လောင်းချလိုက်ရသည်။ ကိုယ့်ဘာသာကိုယ် ကာဘော်လစ်ဆီဝယ်ပြီး အိမ်သာဖျန်းရသည်။
ခေါက်စားပွဲပေါ်တွင် အပြည့်တင်ထားသည့် ဂျာနယ်၊ စာရွက်စာတမ်း ဖိုင်တွေအကြား နေရာကွက်ကွက် ကလေးပေါ်မှာ ပလတ်စတစ် ကုလားထိုင်အစုတ်နှင့် ထိုင်ရင်း ရေးသား တည်းဖြတ်ရသည်။ ရုံးသုံး ပရိဘောဂ၊ ရုံးသုံးပစ္စည်း၊ စာရေးကိရိယာ၊ ဆက်သွယ်ရေး အထောက်အကူပစ္စည်း ဘာညာ မပြည့်စုံသော်လည်း တနင်္လာနေ့ ရုံးတက်ရက်ကျရောက်တိုင်း မိမိတို့နှစ်ယောက်စလုံး ဂျာနယ် ၂ စောင်ကို အခက်အခဲမရှိ ရုံးတင် နိုင်ခဲ့ကြသည်။ အခက်အခဲ မရှိဆိုသည်မှာ မိမိတို့ဂျာနယ် အယ်ဒီတာများဘက်မှ ဖြစ်သည်။ စာပေစိစစ်ရေးမှ အရာရှိ အချို့ကတော့ ဂျာနယ်ရုံးတင် နောက်ကျလျှင် အသေးစားမှသည် အကြီးစား မြည်တွန် တောက်တီးမှု များနှင့်အတူ စာပေစိစစ်ရေးသည် ဂျာနယ်လုပ်ငန်းတစ်ခုတည်း လုပ်တာမဟုတ်ကြောင်း ဓာတ်ပြားဟောင်း နှင့် အတူ ရေမလာသော မိမိတို့ ဂျာနယ်ကို အရေးယူတော့မယောင် ပညာပေးမှုပေါင်းစုံနှင့် သင်ခန်းစာ ပေးတော့သည်။ သို့ရာတွင် ရေပေးနိုင်သော၊ ရေလမ်းခင်းနိုင်သော ဂျာနယ်ကြီးအချို့ကား ဂျာနယ်မူကြမ်းတင် ပြီးသည်နှင့် နောက်တစ်ရက်တွင် ရုံးကျ၊ မကျကို စောင့်စရာမလို။ ဂျာနယ်အချော ရိုက်နှိပ်ကြကုန်သည်။ ဂျာနယ် အချော မရိုက်ခင် ဂျာနယ်ရုံးတင်စဉ်မှာပဲ အခြား မိမိနှင့် ပြိုင်ဘက်ဂျာနယ်တွေ ဘာသတင်းထူးတွေ၊ သတင်းဦးတွေ၊ မည်သည့်သတင်းတွေ ရေးတင်ကြသလဲ၊ ပါသလဲ ဆိုသည်ကို ခင်းပြီးသား ရေလမ်းမှ ကြည့်ရှု နိုင်သည်။ လျှို့ဝှက်ကြည့်ရှုခွင့် ရကြသည်။
စာပေစိစစ်ရေး အရာရှိအချို့သည် စာရေးကြသည်။ သူတို့စာမူကို သူတို့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ဂျာနယ် မဂ္ဂဇင်းတွေက ထည့်ပေးလိုကြသည်။ မိမိတို့လို စာရေးဆရာတွေထက် စာမူခပိုရကြသည်။ စာပေစိစစ်ရေး အကြီးအကဲနှင့် တစ်ပတ်စဉ်တည်းဆင်း စစ်ဗိုလ်စာရေးဆရာ တစ်ဦးဆိုလျှင် မိမိတို့အပါအဝင် သာမန်အရပ်သား စာရေးဆရာများ သူလိုမျိုး ရေးပြီးတင်လျှင် မလွတ်သည့် စာမူများ စာပေစိစစ်ရေး အကြီးအကဲ၏ ကူညီစောင်မမှုဖြင့် သူ့စာမူတွေလွတ်သည်။ အဲဒီစာပေစိစစ်ရေး အကြီးအကဲကြောင့် အဲဒီစစ်ဗိုလ်ဟောင်း စာရေးဆရာဖြစ်ရသည် လို့ လောကသားတိုင်း သိကြသည်။ အဲဒီစစ်ဗိုလ် စာရေးဆရာ သည် မိမိတို့ကဲ့သို့ စာရေးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုသူမဟုတ်။ ဂျာနယ်ပိုင်ရှင်၊ ထုတ်ဝေသူ လုပ်ငန်းရှင်သာ ဖြစ်သည်။
ဆရာမော်ကျွန်းသည် ရုံးသို့ နံနက်ခပ်စောစော ရောက်သည်။ ရုံးကျသည့်နေ့ဆိုလျှင် ပြင်စရာရှိသည်များကို သူ၏တာဝန်ခံ အယ်ဒီတာနှင့် သော်လည်းကောင်း အစစ မှာကြားပြောဆိုပြီး အိမ်ပြန်လေ့ရှိသည်။ တစ်ရက် မှာတော့ ဆရာမော်ကျွန်း ည ၈ နာရီခွဲမှ အိမ်ပြန်ဖြစ်သည်။ အဲဒီနေ့က ရုံးကျသည့်နေ့ ဒီဇိုင်းနာ မျိုးဝင်းအောင် လည်း ရောက်နေသည်။ ရုံးကျသူ၏ ရွှေနိုင်ငံဂျာနယ်တွင် ပြင်စရာ သိပ်မရှိသည့်အတွက် ရုပ်ရှင် ထိုင်ကြည့် ကြသည်။ ည ၈ နာရီခွဲလောက်မှာ မိမိကို နှုတ်ဆက်ပြီး ပြန်သွားသည်။ မိမိဂျာနယ် ရုံးကျ copy ကို မျိုးဝင်းအောင်နှင့် ဆက်ထိုင်ဖြစ်သည်။ ထုံးစံအတိုင်း ည ၁၂ နာရီလောက်မှ မိမိတို့ အယ်ဒီတာအဖွဲ့ အိမ်ပြန် ဖြစ်ကြသည်။
နောက်တစ်နေ့ နံနက်တွင် ဂျာနယ်အချောသပ်ရန် တချို့ကျန်နေသည့်အတွက် မျိုးဝင်းအောင် ရောက်နေသည်။ မကြာခင်မှာ ဆရာမော်ကျွန်း ခပ်သုတ်သုတ် တက်လာတယ်။
”ဦးလေး မနေ့ညက အဆင်ပြေလား” လို့ မျိုးဝင်းအောင်က မေးသည်။ ဆရာမော်ကျွန်း ဘာမှလှမ်းမဖြေဘဲ မျိုးဝင်းအောင် ရှိရာကိုသွားသည်။ တိုးတိုးကပ်ကပ်ပြောပြီး နှစ်ယောက်သား ရယ်ကြသည်။
”တော် ဘယ်က အတတ်ကောင်းတွေ တတ်လာသလဲ”ဆိုတာ ကို ပြန်ပြောပြီး နှစ်ယောက်သား ရယ်မောကြသည်။ ဆရာ့အဖြစ်ကို မိမိအားပြောပြတော့ အရယ်များ မိမိဆီကိုပါ ကူးစက် ကုန်တော့သည်။
မိမိတို့နှင့် အေးအတူပူအမျှ အတူတူ ရုန်းကန်ကြပြီး ၃ နှစ်သာသာခန့်မှာတော့ ဆရာမော်ကျွန်း ရွှေနိုင်ငံကို စွန့်ခွာတော့သည်။ ဂျာနယ်ကြီး တစ်စောင်တွင် အယ်ဒီတာချုပ် တာဝန်နှင့်ပဲ လစာကောင်းသည်။ ရွှေနိုင်ငံမှာ လုပ်သည့် လစာထက် ၄ ဆလောက် ပိုရသည်။ လျှောက်ထားသည့် ဂျာနယ်တစ်စောင်လည်း ရသွားသည်။ အမှန်က ၃ နှစ်ပြည့်လျှင် မိမိမလုပ်တော့ဘူးဟု ကြေညာထားသော်လည်း ဆရာမော်ကျွန်းက အလျင်ထွက် သွားတော့သည်။
”ဆရာ ပြည်ခိုင်ဖြိုးဂျာနယ်က ထွက်ရင် ကျွန်တော့်လို ဂျာနယ် ထုတ်ဝေခွင့်ရမယ်ထင်ပြီး မထွက်လိုက်နဲ့ဦး။ အလုပ်လက်မဲ့ ဖြစ်သွားဦးမယ်” ဆိုသည့် ဆရာမော်ကျွန်း စကားကို ကြားယောင် နေတော့သည်။
ဆရာမော်ကျွန်း မိမိတို့ပြည်ခိုင်ဖြိုး ဂျာနယ်မှထွက်ပြီး မကြာမကြာဆိုသလို မိမိတို့ဆီ လာလည်သည်။ လာလည် သည့်အခါတိုင်း မိမိတို့အဖွဲ့ကို တစ်ခုခု ဒကာခံပြီး ကျွေးမွေးလေ့ရှိသည်။ နောက်ပိုင်းဆရာ အလာကျဲ သွားသည်။ ဆရာနှင့်မိမိ နောက်ပိုင်း မတွေ့ဖြစ်တော့။ မိမိမှာလည်း ဖုန်းမရှိ၊ ဆရာ့ဖုန်းနံပါတ်လည်း မသိ။
မနှစ်ကတော့ မိမိဆီဆရာမော်ကျွန်း ဖုန်းဆက်သည်။ မိမိဆောင်းပါးတွေ ဖတ်ရသည့် အကြောင်းနှင့် အချို့ အချက်တွေ နောင်ရေးဖို့ အတွက် ဖြည့်စွက်ပေးသည်။ ဂျာနယ် သက်တမ်းတစ်လျှောက် နှစ်ယောက် သား ဖြတ်သန်းခဲ့ကြရသည်မို့ ဆရာအမှတ်ရမှုများသည် အရေးကြီးသည်။ တချို့နေရာတွေမှာ ဆရာက မိမိထက် အမှတ်သညာ ကောင်းနေသည်။
”ဆရာ ဟိုအကြောင်း မရေးရသေးဖူးနော်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလတွင်းက အကြောင်းလေ”
ဆရာမော်ကျွန်းစကား ကြားသည်နှင့် ဘယ်အကြောင်းအရာ ဆိုသည်ကို ရုပ်ရှင်ထဲက flashlack လို မိမိအသိ ဥာဏ်ထဲ အစီအရီ ပြန်ပေါ်လာတော့ သည်။ ”စိတ်ချဆရာ ရေးမယ်”ဟု ကတိပေးပြီး ဖုန်းကိုယ်စီ ချလိုက်ကြ သည်။
တလောက ဆရာမော်ကျွန်းနှင့် အမှတ်မထင် မြို့ထဲတစ်နေရာ တွင် တွေ့ကြသည်။ အလုပ်ကိုယ်စီနှင့်မို့ သိပ်အကြာကြီး စကားမပြော ဖြစ်ခဲ့ကြသော်လည်း ”ဆရာ အကြွေးကျန်နေတယ်နော်” ဆိုသည့် စကား တစ်လုံးဖြင့် လွန်ခဲ့သည့် ၇ နှစ်နှင့် ၈ နှစ်ခန့်က စာပေစိစစ်ရေး အကြီးအကဲ ရုံးခန်းထဲကို မိမိတို့ နှစ်ယောက်စလုံး ရောက်သွားအောင် တွန်းပို့လိုက်၏။ လွယ်အိတ်ကိုယ်စီ၊ တိုက်ပုံအင်္ကျီတွေနဲ့။ ဦးတင့်ဆွေ ရုံးခန်းကအပြန် နောက်လ အတော်ကြာသည်အထိ ဆရာမော်ကျွန်း ရင်ထဲက ခံစားချက်တွေကို မိမိအတိုင်းသား မြင်နေရသည်။ ဆရာလည်း မိမိလိုပဲမြင်မည်။
မိမိရဲ့ ”ခေါက်ရှာငှက်ပျံ … လောကဓံ” ဆောင်းပါးတွေထဲမှာ ထည့်ရေးခဲ့ဖူးပါသည်။ ဂျာနယ် ၂ စောင်စလုံး အရှုံးမရှိအောင် ကာလတစ်ခုအထိ ကိုယ်စီအရောင်း ပြပေးဖို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မိမိတို့ အယ်ဒီတာ ၂ ဦးကို မေတ္တာရပ်ခံမှုကြောင့် ဦးတင့်ဆွေမှတစ်ဆင့် မှာကြားလာပါသည် ဆိုသည့်အကြောင်းပါပဲ။
ယခင် အယ်ဒီတာအဖွဲ့ထံမှ မိမိတို့ လွှဲပြောင်း ယူလာကတည်းက ရွှေနိုင်ငံဂျာနယ်က စိမ်းလဲ့ရွှေပြည် ဂျာနယ် ထက် စောင်ရေ ၅ဝဝ ကျော် ရောင်းအားပိုရှိပါသည်။ ဒါကြောင့် စိမ်းလဲ့ရွှေပြည်က စောင်ရေ ၁ဝဝဝ နှင့် ရွှေနိုင်ငံဂျာနယ်က စောင်ရေ ၆ဝဝ အရောင်းပြရပါသည်။ တစ်စောင်လျှင် ၂ဝဝိ/-နှုန်းနှင့် ၁ လလျှင် ဂျာနယ် ၂ စောင်စာ အတွက် မိမိက ၄ဝဝဝဝိ/-နှင့် ဆရာမော်ကျွန်းက ၂၄ဝဝဝိ/- ကျခံရသည့် သဘောဖြစ်သည်။
လုပ်ငန်းသဘောအရ ဝန်ကြီးက မိမိတို့ ဂျာနယ်တစ်စောင်လျှင် နှစ်ကြိမ်နှုန်း (၁၅ ရက်တစ်ကြိမ်)နှင့် ၄ စောင်စာ အတွက် လစဉ်ဘတ်ဂျက်ငွေ ခွင့်ပြုပေးပါသည်။ ဂျာနယ်ထွက်ပြီး လစဉ်တင်ပြနေကျ ဂျာနယ်နှင့် ပတ်သက် သည့် ”အရောင်း/အဝယ်၊ အရှုံးအမြတ်နှင့် လက်ကျန်ရှင်းတမ်း” စာရင်း တင်ပြပြီး ဦးတင့်ဆွေမှ စစ်ဆေး အတည်ပြုပြီးမှ နောက်လအတွက် ဘတ်ဂျက်ငွေကို ဦးတင့်ဆွေက တင်ပေးပါသည်။ ဂျာနယ်သက်တမ်း ၆ နှစ် အတွင်း မှတ်မှတ်ရရ ဝန်ကြီးဆီမှ ဘတ်ဂျက် အချိန်မီ ချပေးတာ ၂ ကြိမ်ခန့်သာ ရှိပါသည်။ ဝန်ကြီးချပေးသည့် ဘတ်ဂျက် ချက်လက်မှတ်ကို မွေး/ရေဘဏ်မှ ထုတ်ရသည်။ အဲဒီငွေ သိန်း ၃ဝ ပတ်ဝန်းကျင်ကို ချက်ချင်းသုံးစွဲ ခွင့်မရှိသေးပါ။ ယခု မြဝတီဘဏ်ကို အသွင်းပြရသည်။ ပြီးမှထုတ်ယူရသည်။ ကျသင့်သည့် ဝန်ဆောင်ခ ခေါင်းစဉ် အမျိုးမျိုးကို မိမိတို့က ကျခံရသည်။
အမှန်တော့ ဂျာနယ်နှစ်စောင်ရဲ့ ဆိုးမွေကို မိမိတို့ အယ်ဒီတာ ၂ ယောက် ခံလိုက်ရခြင်းဖြစ်သည်။ ယိုသမျှ ချေးအားလုံး ပုစွန်ဆိတ်ခေါင်းပေါ် စုခြင်းသာ ဖြစ်သည်။
တစ်ရက်သားမှာတော့ လချုပ်ငွေ စာရင်းရှင်းတမ်းများနှင့်အတူ စာပေစိစစ်ရေးကိုလာဖို့ ဖုန်းဆက် အကြောင်းကြား လာပါသည်။ လချုပ် စာရင်းဇယားများအပြင် လိုကာမည်ရ အခြားဆက်စပ် စာရင်းဇယား စာရွက်စာတမ်းများနှင့်အတူ သတ်မှတ်ချိန်တွင် ညွှန်ကြားရေးမှူးရုံးခန်း သို့ ရောက်ကြသည်။ မိမိတို့နှင့် မရှေးမနှောင်းတွင် စာပေစိစစ်ရေး ဝန်ထမ်းအချို့နှင့် ပုံနှိပ်စက်မန်နေဂျာလည်း ရှိနေသည်။
မိမိတို့ ညွှန်မှူးရုံးခန်းထဲ ရောက်သည်။ ကိုယ်စီရဲ့ ငွေစာရင်းရှင်းတမ်းတွေ ကို ညွှန်မှူး ထိုင်ခုံရှေ့ တင်ပေး ထားသည်။ အချိန်အတော်ကြာသည်အထိ ဗိုလ်မှူးက အခန်းထဲဝင်မလာ။ နောက်တစ်ကြိမ် ယခုလို မျှော်နေဆဲမှာ ဗိုလ်မှူးတင့်ဆွေ(ရဲရင့်တင့်ဆွေ) (ယခုပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်) အခန်းထဲ ဝင်လာသည်။ သူ့နေရာသူ ဝင်ထိုင်သည်နှင့် မရှေးမနှောင်းမှာပဲ မိမိတို့တင်ထားသည့် လချုပ်ရှင်းတမ်းတွေကို လွှင့်ပစ်လိုက်သည်။ သူ့ပါးစပ်ကလည်း ”ငါ …မသား၊ ကိုယ်မေကိုယ် …၊ မအေ …ပဲ ”အပါအဝင် မိမိတို့ လမ်းမ ပေါ်တွင် ကြားဖူးနေကျ ဆဲနည်းမျိုးစုံဖြင့် မိမိတို့ ၂ ဦးကို တစ်လှည့်စီကြည့်ပြီး ဆဲရေး တိုင်းထွာသည်။ လမ်းပေါ်က ဆဲနည်းတွေ ညွှန်မှူးပါးစပ်ထဲ ရောက်ကုန်သည်။ မအံ့သြပါ။ စာပေစိစစ်ရေးညွှန်မှူးသည် မိမိတို့ သာမက အခြားပုဂ္ဂလိက ဂျာနယ်အချို့ကိုလည်း ဟိန်းဟောက် ကြိမ်းမောင်းတတ်ကြောင်း ကြားဖူးပါသည်။ မိမိတို့သည် သူ့ထက် ၁၅ နှစ်၊ အနှစ် ၂ဝ ကြီးသောသူများဖြစ်သည်။ သူ့အဆဲရပ်သည်နှင့် သူကပဲ ဆက်ပြောသည်။
”ခင်ဗျားတို့ကို ကျွန်တော်ပြောထားတယ်။ လစဉ်အမြတ်ငွေတွေ ပုံသေမထားပါနဲ့။ ပြောင်းပါဆိုတာ မပြောင်းဘူး။ အမြတ်ငွေ တစ်ပတ်လာလည်း ဒီလောက်ပဲ။ ပုံသေချည်း ဖြစ်နေတယ်”
”ဗိုလ်မှူး ကျွန်တော်တို့ဂျာနယ် အဖုံး၊ အတွင်းသားစက္ကူနှင့် အားကစားဂျာနယ်တွေ တစ်စောင်ကို ၃ဝဝိ/-နှင့် ရောင်းနေတာ ကြာလှပြီ။ ကျွန်တော်တို့က ၁၅ဝိ/- နှင့် ရောင်းရတာ။ ရောင်းရတာ ကလည်း ဈေးကွက်ထဲက ဆိုင်တွေ မဟုတ်ဘူး။ ပြည်ခိုင်ဖြိုးအသင်းတွေဆီကို ပို့ရတာ။ ဈေးနှုန်းတင်လို့ မရဘူး။ ကြော်ငြာကလည်း ပုံမှန် မရဘူး။ အမြတ်ထဲ ပုံမှန်ဝင်နေတာက ကျွန်တော်တို့ အရောင်းပြထားတဲ့ ပိုက်ဆံတွေပဲ ဗိုလ်မှူး။ ဒါကြောင့် အမြတ်က ပုံသေဖြစ်နေတာ။ အသုံးစရိတ်ထဲက ဥပမာ စက္ကူဖိုး၊ ဖလင်ဖိုး အပြောင်းအလဲဖြစ်ရင် အမြတ်ပါ ပြောင်းသွားမယ်။ အဲဒီအပြောင်းကို ဗိုလ်မှူး လက်ခံနိုင်မှာ မဟုတ်ဘူး။ inputs နှင့် outputs တွေ အပြောင်း အလဲ မရှိရင် အမြတ်ကလည်း ပုံသေဖြစ်နေမှာပဲ ဗိုလ်မှူး”ဟု မိမိတို့ဖြေရှင်းသည်။ တစ်ယူသန်သည်။ အတ္တကြီးသည်။ လက်မခံ။
”ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေလိုချင်တယ်”ဟုဆိုပြီး ဦးလေးအရွယ် စာရေးဆရာ အယ်ဒီတာအိုကြီး ၂ ဦးကို မိကောင်းဖခင်သား အဘဝန်ကြီး၏ သားတပည့်က ဆဲလုံးများစွာဖြင့် နင်ပဲငဆ ဆဲဆိုကြိမ်းမောင်းပြီး သကာလ ”သွား အခု ချက်ချင်း ခင်ဗျားတို့ ကျုပ်အခန်းထဲကထွက်သွား” ဆိုပြီး မောင်းထုတ် ခံလိုက်ရသည့် အဖြစ်ကိုတော့ …။
မောင်မြား
- ပြည်ခိုင်ဖြိုးဗဟိုအတွင်းရေးမှူး (ပညာရေးရာဌာနတာဝန်ခံ)၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း (ယခုသမ၀ါယမ ပြည်ထောင်စုဝန်ကြီး)နှင့် ပြန်/ဆက်ညွှန်ချုပ် ဦးရဲထွဋ် (ယခု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး) ပြည်ခိုင်ဖြိုးဂျာနယ် စာတည်းမှူးချုပ်များဖြစ်ကြသော (ဦး)မော်ကျွန်းစိုးမြင့်၊ (ဦး)မောင်မြား တို့အတူ တွေ့ရစဉ်
- စာပေစိစစ်ရေးညွှန်မှူးတာဝန် နှစ်ရှည်လများ ထမ်းဆောင်ခဲ့သော ဒု-ညွှန်ချုပ် ဦးတင့်ဆွေ (ယခု ပြန်ကြားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန်) (၂၀-၈-၂၀၁၂) ဆင်ဆာစနစ် ပိတ်သိမ်းကြောင်း ရှင်းလင်းသည့်နေ့က အမှာစကား ပြောကြားနေစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment