Written by
မင်းမင်း
ရန်ကုန် (မဇ္ဈိမ) ။ ။ ရွှေတိဂုံစေတီအနီးတွင် အကောင်အထည်ဖော်နေသည့် ဒဂုံစီးတီးအဆင့်မြင့်အိမ်ရာစီမံကိန်းသည် စစ်တပ်ပိုင် မြေပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သောကြောင့် စီမံကိန်းအားဆိုင်းငံ့ပေးရန် မဖြစ်နိုင်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်းကြီး ဦးသန်းမြင့်က ဇွန် ၉ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
"အဆင့်မြင့်အိမ်ရာစီမံကိန်း (Dagon City Project) အကောင်အထည်ဖော်တဲ့ မြေနေရာဟာ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ သက်ဆိုင်တဲ့မြေနေရာ ဖြစ်ပါတယ်။ စီမံကိန်းမြေနေရာဟာ ပြည်ထောင်စုအုပ်ချုပ်မှုအာဏာ သက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အာဏာသက်ရောက်မှု မရှိကြောင်း တင်ပြလိုပါတယ်" ဟု ၀န်ကြီး ဦးသန်းမြင့်က ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည့် မြေပေါ်တွင် အကောင်အထည်ဖော်နေသည့် ဒဂုံစီးတီးအိမ်ရာ စီမံကိန်းသည် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟုဆိုကာ တိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ဆိုင်းငံ့ပေးရန် လွှတ်တော်အမတ်တစ်ဦး၏ အရေးဆိုမှုအပေါ် ၀န်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
တိုင်းအစိုးရအနေဖြင့်လည်း ဒဂုံစီးတီးအဆင့်မြင့်အိမ်ရာ စီမံကိန်းနှင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်းမရှိဟု ၀န်ကြီးက ပြောသည်။
အဆိုပါ စီမံကိန်းကြောင့် ရွှေတီဂုံစေတီ၏ မြင်ကွင်း ကွယ်ပျောက်သွားနိုင်ခြင်း၊ ယဉ်ကြောပိတ်ဆို့မှုများ ဖြစ်လာနိုင်ခြင်း၊ စေတီ၏ သိင်္ဂုတ္တရကုန်းတော် ရေရှည်ခိုင်မြဲမှုကို ထိခိုက်နိုင်သည်ဟု ပညာရှင်များက ထောက်ပြနေခြင်းကြောင့် တိုင်းအစိုးရအနေဖြင့် စီမံကိန်းအား ဆိုင်းငံ့ပေးရန် တသိပုဂ္ဂလအမတ် ဒေါက်တာညိုညိုသင်းက အရေးဆိုခဲ့ခြင်းဖြစ်သည်။
"ပြန်လည်သုံးသပ်ဖို့ ဆိုင်းငံ့ပေးပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုတစ်စုံတစ်ရာကို အစိုးရဘက်က မလုပ်ပေးနိုင်ဘူး ဆိုရင် အပြီးသတ်ရပ်ဆိုင်းပေးဖို့ ဒီအဆိုကို တင်ရခြင်းဖြစ်ပါတယ်" ဟု အဆိုရှင် ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင် ပြောသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိသောကြောင့်ဟုဆိုကာ ဒေါက်တာညိုညိုသင်း၏ အရေးဆိုမှုကို ၀န်ကြီးက ကန့်ကွက်ခဲ့သည်။
ထို့သို့ ကန့်ကွက်ခဲ့သည့်အတွက် အဆိုအပေါ် မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ် သုံးဦးကသာ အဆိုကိုထောက်ခံသည့်အတွက် ဒေါက်တာညိုညိုသင်း၏ အဆိုရှုံးနိမ့်သွားသည်။
ရန်ကုန်တိုင်းအစိုးရ၏ ကန့်ကွက်မှုအပေါ် အဆိုရှင် ဒေါက်တာညိုညိုသင်းက "တပ်မတော်ပိုင်မြေမို့လို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ မလုပ်ဘူးဆိုရင် ရန်ကုန်တိုင်းမှာရှိတဲ့ ပြည်သူလူထုက ဘယ်သူ့ကို အဖေခေါ်ရမလဲ။ ကိုယ်လုပ်ချင်တဲ့ကိစ္စကိုပဲ လုပ်မယ်။ ကိုယ်တာဝန်မယူနိုင်တဲ့ကိစ္စကို မလုပ်ဘူးဆိုလို့ရှိရင် အစိုးရကောင်းတစ်ရပ်မဟုတ်ဘူး" ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။
ဒဂုံစီးတီးအဆင့်မြင့် အိမ်ရာစီမံကိန်းကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Marga Landmark ကုမ္ပဏီနှင့် သုခရတနာကုမ္ပဏီတို့က ပြီးခဲ့သည့်နှစ်က စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး လေးနှစ်မှ ခြောက်နှစ်အတွင်း အပြီးသတ်တည်ဆောက်ရန် လျာထားသည်။
ကန်ဒေါ်လာ ၃၇၅ သန်းခန့် ရင်းနှီးမြှုပ်နှံမှုဖြင့် Dagon City 1 နှင့် Dagon City 2 အမည်ရှိ ဟိုတယ်၊ လူနေအိမ်နှင့် ဈေးဝယ်စင်တာများပါဝင်သော အိမ်ရာစီမံကိန်းနှစ်ခုကို အထက်ပါ ကုမ္ပဏီများက အကောင်ဖော် သွားမည်ဖြစ်သည်။
လက်ရှိတွင်မူ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့်နီးကပ်သည့် ယင်းစီမံကိန်းကို ပြန်လည်ဆန်းစစ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခေတ္တရပ်ဆိုင်းထားသည်။
စီမံကိန်းအား ပြန်လည်ဆန်းစစ်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌဦးဆောင်သော စစ်ဆေးရေးအဖွဲ့ အား ဖွဲ့စည်းထားပြီး စစ်ဆေးရေးအဖွဲ့ အနေဖြင့် ဒဂုံစီးတီးနှင့်ပတ်သက်သော မဟာဂျူဟာစီမံကိန်းတစ်ရပ်ကို ရေးဆွဲကာ ယခုလကုန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အား တင်ပြရမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment