Written by
ဟိန်းကိုစိုး
ရန်ကုန် (မဇ္ဈိမ)။ ။ "ဝ" တပ်ဖွဲ့က ခုတ်ယူခဲ့သည့် သစ်တန် ၂၂၅ တန်ကျော်ကို "ဝ" တပ်ဖွဲ့ကို အစိုးရက ပြန်လည် ရောင်းချပေးမည် ဖြစ်ပြီး ဖမ်းဆီးထားသည့် သစ်ခုတ်လှဲသူများကို အာမခံဖြင့် ပြန်လည် လွှတ်ပေးသွားမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အစိုးရ သတ်မှတ်ဈေးနဲ့ "ဝ" ကို ပြန်ရောင်းမယ်။ အားလုံးပေါင်း တန် ၂၀၀ ကျော်ပဲ၊ ဖမ်းထားတဲ့ ၁၆ ဦး ကိုလည်း အာမခံနဲ့ ပြန်လွှတ်ပေးမှာပါ” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံနှင့် ပုံပါကျင်အကြား ၅ မိုင်အကွာရှိ နန့်ဆိန် သစ်တောကြိုးဝိုင်းအတွင်း ဇွန်လ ၃ ရက်တွင် "ဝ" တပ်ဖွဲ့က ဝင်ရောက်၍ သစ်များ ခုတ်ယူခြင်းကို အစိုးရအဖွဲ့က သစ်တော ရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ဖမ်းဆီးရေးအဖွဲ့က သွားရောက်ဖမ်းဆီးရာ လုံခြုံရေး လိုက်သည့် တပ်မတော်
တပ်ရင်း ခမရ ၅၁၉ ကို "ဝ" တပ်ဖွဲ့က ဝိုင်းထားသည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ဖမ်းဆီးစစ်ဆေးရေးအဖွဲ့က သစ်ခုတ်ယူနေသူ ၁၆ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ယင်း နေ့တွင်ပင် သစ်ခုတ်သမား ၁၀ ဦးအားကို လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် ၆ ဦးကိုလည်း အာမခံဖြင့် ပြန်လွှတ်ပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
"ဝ" တပ်ဖွဲ့ကို ခုတ်ထားသည့် သစ်များ ရောင်းချမည်ဟု ဆိုသော်လည်း မည်သည့်ဈေးနှုန်းဖြင့် ရောင်းချမည်နှင့် မည်သို့ စီစဉ်ဆောင်ရွက်နေပြီကို မသိရသေးပေ။
“အခု တပ်အချင်းချင်း ညှိတာက အဆင်ပြေသွားပါပြီ၊ "ဝ" တပ်ကလည်း ဆုတ်သွားပါပြီ။ အဲဒီတော့ အစိုးရအဖွဲ့က သစ်တွေကိုတော့ သစ်တော လုပ်ထုံး လုပ်နည်းတွေအရ လုပ်နေပါတယ်” ဟု အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လှိုင်က ပြောသည်။
အစိုးရဘက်က ဖမ်းဆီးထားသည့် သစ်လုပ်သားများသည် "ဝ" တပ်မတော်နှင့် ပတ်သက်မှု မရှိသည့် သစ်လုပ်သားများသာ ဖြစ်ပြီး ယင်း သစ်များသည် လွန်ခဲ့သည့် တစ်နှစ်အတွင်းကပင် ခုတ်ထားသည့် သစ်လုံးများဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အခုဖြစ်ရတာက တပ် ပါလာတာကြောင့်ပါ။ ကိုယ်ဒေသထဲ ဝင်မယ်ဆိုရင် ကြိုညှိရပါတယ်။ ရဲနဲ့ သစ်တောကပဲဆိုရင် လက်ခံပါတယ်။ အခုတော့ အားလုံးညှိပြီး ပြီးသွားပါပြီ။ ပြန်လွှတ်မှာနဲ့ သစ်တွေ ပြန်ရောင်းပေးမယ်ဆိုတာတော့ သတင်း မရသေးဘူး။ အခုဖြစ်တဲ့ နေရာက "ဝ" တပ်မဟာ ၄၁၂ လှုပ်ရှားမြေပါ” ဟု "ဝ" သွေးစည်းညီညွတ်ရေး တပ်မတော် ပြောခွင့်ရသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
"ဝ" သွေးစည်းညီညွတ်ရေးပါတီသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည်။
Credit - Mizzima News
No comments:
Post a Comment