![]() |
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)က ပြုစုထားသည့် စီမံချက်များ နှင့် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၁ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ-သက်ကို) |
ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၄ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့် တရားမ၀င် အကျဉ်းရုံးသတ်ဖြတ်မှု ၁၇ မှု ဖြစ်ပွားခဲ့သည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)က ပြုစုထားသည့် ‘အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် အလွတ်သဘော အမှန်တရား ပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှုပေါ်ထွန်းစေရေး အစီရင်ခံစာ'တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)က "အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန်" အလွတ်သဘော အမှန်တရားပေါ်ပေါက်ရေး စီမံချက်နှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၁ ရက်က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။
တရားမ၀င်အကျဉ်းရုံးသတ်ဖြတ်မှုဆိုသည်မှာ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု၊ ကချင်ပြည်နယ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည့် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်ဖြစ်ရပ် အစရှိသည်တို့ကို ဆိုလိုခြင်းဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် စည်းရုံးလှုံ့ဆော်ရေးအရာရှိ မလိုည်းပိုးငယ်က “ပြည်သူလူထုတွေ လူ့အခွင့်အရေးချိုးဖောက်မှုခံနေရတဲ့အတွက်ကြောင့် နောင်တစ်ချိန်မှာ ပြုပြင်ပြောင်းလဲမှုလုပ်နေတဲ့ နိုင်ငံတော် အနေနဲ့ နစ်နာခံစားရတဲ့သူတွေအတွက် တစ်စုံတစ်ရာ ကုစားမှုရနိုင်အောင် စနစ်တကျ
မှတ်တမ်းတင် ကောက်ထားတာပါ။ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေက ဘာကိုလိုချင်လဲဆိုရင် ၀န်ချတောင်းပန်တာ၊ အသိအမှတ်ပြုတာကို လိုချင်ပါတယ်။”ဟုပြောသည်။
အစီရင်ခံစာကို နိုင်ငံရေးအသွင်ကူးပြောင်းတဲ့ကာလအတွင်း တရားမျှတမှု ရရှိစေရန်နှင့် အမှန်တရား ပေါ်ပေါက်နိုင်စေရေး အဓိက ရည်ရွယ်၍ အစီရင်ခံစာပါ အချက်အလက်များကို ကောက်ခံခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ၂၀၁၄ ခုနှစ်အတွင်း တရားမ၀င်အကျဉ်းရုံး သတ်ဖြတ်မှု ၁၇ မှု၊ ညှဉ်းပမ်းနှိပ်စက်မှု ၄၅ ခုနှင့် မြေယာသိမ်းပိုက်မှု ၅၅ ခု ရှိသည်ဟု အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် အဖွဲ့ဝင် မစုစုဆွေက လယ်ယာမြေသိမ်းပိုက်မှုများနှင့် ပတ်သက်၍ “နေရာတိုင်းမှာ မြေယာပြဿနာတွေ ပေါ်ပေါက်နေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ကိစ္စပါ။ အစီရင်ခံစာမှာတော့ လက်လှမ်းမီသလောက် စနစ်တကျပြုစုထားတာပါ။”ဟုဆိုသည်။
စစ်တမ်းကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်တို့တွင် ကောက်ယူခဲ့ခြင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် နိုင်ငံသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်စနစ်ကို ထိရောက်၍ ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက ဆောင်ရွက်ပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် တရားစီရင်ရေး စနစ်ပြုပြင်ပြောင်းလဲရေးကို အစိုးရက စတင်ပြုပြင်ရန်၊ ရာဇ၀တ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများမှ တပ်မတော်က ကင်းလွတ်ခွင့်ရနေစေမည့် ကာကွယ်မှုများဖယ်ရှားပေးရန်အစရှိသည်တို့ကို ကွန်ရက်က အစီရင်ခံစာတွင် အကြံပြု ဖော်ပြထားသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာ)တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)၊ မြန်မာ့ရေးရာ၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီးအစည်းအရုံး- ထိုင်းနိုင်ငံ၊ လားဟူအမျိုးသမီးအစည်းအရုံး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ တအောင်းကျောင်းသားလူငယ်များ အစည်းအရုံး တို့ပါဝင်သည်။
Credit - Mizzima News
No comments:
Post a Comment