ရန်ကုန် (မဇ္ဈိမ)။ ။ မတ်လ ၁၀ ရက်က ကျောင်းသားသပိတ် အကြမ်းဖက်
ဖြိုခွင်းပြီးနောက် ဖမ်းဆီးခဲ့သည့် ကျောင်းသားများနှင့်
ဝန်းရံပြည်သူများကို ဇွန် ၉ ရက်က ရုံးထုတ်ခဲ့ရာ ဝန်းရံပြည်သူ တစ်ဦး
မူးလဲပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး လူမစုံသောကြောင့်
တစ်ဦးသာ စစ်မေးဖြစ်သည်ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

လက်ပံတန်း
ကျောင်းသား သပိတ်တွင် ဖမ်းဆီးထားသော ကျောင်းသားများကို ဇွန်လ ၉ ရက်နေ့က
သာယာဝတီ တရားရုံးသို့ ရုံးထုပ်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
ယင်းရုံးချိန်းတွင် စစ်ဆေးရန် ပါဝင်သည့် ကျောင်းသားသပိတ် ဝန်းရံသူများထဲမှ ကိုခင်လှိုင်သည် မူးလဲသဖြင့် သာယာဝတီခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
၎င်း၏ အခြေအနေနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့မှ ကိုအောင်နေပိုင်က “ အခု ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ ကုသမှု လုပ်နေတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ဆိုသည်။
ရုံးထုတ်ရာတွင် ဝန်းရံပြည်သူ ဦးအောင်သိန်း တစ်ဦးသာ စစ်ဆေးခဲ့ရပြီး ဇွန်လ ၁၆ ရက်သို့ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်သည်ဟုလည်း ဦးရောဘတ်စန်းအောင်က ဆိုသည်။
၎င်းက “တရားသူကြီးကလည်း လူစုံ မစုံမစစ်ဘဲ စစ်တယ်။ ဦးအောင်သိန်းကို စစ်နေတုန်းမှာ ဝဲဘက်ရင်အုံအောင့်ပြီး မူးနေတဲ့ ဆေးရုံတင်လိုက်ရတဲ့သူကို အောက်ဆီဂျင် ပေးဖို့လိုတယ်လို့ မဖြိုးဖြိုးအောင် အမေဆီက ဖုန်းဝင်လာလို့ တရားသူကြီးကို ကျွန်တော်တင်ပြ လိုက်တော့မှ လူမစုံမှန်းသိပြီး ရုံးချိန်းကို ၁၆ ရက်ကို ပြန်ချိန်းလိုက်တယ်” ဟု ဆိုသည်။
ဇွန်၂ ရက်က ရုံးထုတ်ရာတွင် မူးမေ့သတိလစ် လဲကျခဲ့သည့် ဦးတင်ဝင်းကိုလည်း ရန်ကုန်ဆေးရုံကြီးတွင်ပင် ဆေးကုသမှုခံနိုင်ရန် ပို့ဆောင်ထားရပြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှု ခံယူနေရ သည်ဟုလည်း ကိုအောင်နေပိုင်က ဆိုသည်။
သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား လုံခြုံရေးရဲများက မတ်လ ၁၀ ရက်တွင် အကြမ်းဖက် ဖြိုခွင်းကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းမြင့်က တရားလိုပြုလုပ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မအပါအဝင် ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment