Tuesday, June 9, 2015

ရဲတပ်ဖွဲ့၏ ရိုက်နှက်မှု လူ့အခွင့်အရေး ကော်မရှင်ထံ ကျောင်းသားများ တိုင်ကြားမည်

ကျောင်းသားသပိတ် ဖြိုခွင်းခံရစဉ် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဗ.က.သ ကျောင်းသားများက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တစ်ပတ်အတွင်း တိုင်ကြားသွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင်က ပြောသည်။

လူ့အခွင့်အရေး ကော်မရှင်ထံ တစ်ပတ်အတွင်း တိုင်ကြားရန် စီစဉ်နေပြီး ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီး ပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသား ၃၀ ဦးခန့်က တိုင်ကြားမည် ဖြစ်သည်။

လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားမည့် ကျောင်းသားများမှာ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိထားသည်ဟု ကိုအောင်နေပိုင်က ဆိုသည်။

“လက်ကျိုးသွားလို့ စတီးချောင်းထည့်ထားရတာရှိတယ်။ တချို့တွေဆိုရင် ခေါင်းတွေ ကိုက်နေတာမျိုးတို့၊ အရိုက်ခံထားရလို့ ဒဏ်ဖြစ်နေတာတွေ အဲ့ဒါတွေတော့ ရှိတယ်။ စိတ်ဒဏ်ရာ မဟုတ်ရင်တောင် အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ ရှိတယ်ဗျာ။ ဒါဟာလည်း အကြမ်းဖက်ခံရတာပဲပေါ့” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားရန် Equality Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ကူညီပေးမည် ဖြစ်သည်။

“ဓာတ်ပုံတွေကအစ၊ တိကျတဲ့ အချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို တိုင်ကြားတဲ့ပုံစံဖြစ် အောင် ပြင်ဆင်နေပါတယ်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးလည်းဖြစ်သူ ဦးအောင်မျိုးမင်းက ပြောသည်။

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရမှုသည် “လူ့အခွင့်အရေးချိုးဖောက်မှု” ဟု ၎င်းက အကြိမ်ကြိမ် ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည်ဟု ဆိုသည်။

“အခုက သွားရောက်စုံစမ်းဖို့ မပြောနဲ့၊ ထုတ်ဖော်ပြီး ပြောကြားတာတောင် မရှိဘူး။ အဲ့ဒါကြောင့်မို့လို့ တာဝန်ရှိပြီးတော့ မေ့နေတဲ့ လူတွေများ ဖြစ်နေမလားဆိုပြီး တိုင်စာနဲ့ အသိပေးပြီး တင်ပြမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေးများ တိုးမြှင့်ရေးနှင့် ကာကွယ်ပေးရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့သည်။ လက်ရှိ ကော်မရှင်တွင် အဖွဲ့ဝင် ၁၁ ဦးရှိပြီး အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြက ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးစစ်မြိုင်က ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

“သူတို့(ကော်မရှင်)ရဲ့ လုပ်ပိုင်ခွင့်ထဲမှာတော့ မဖြစ်ခင်ကတည်းက သူတို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး ရှိတယ်။ တိုင်ကြားမှ မဟုတ်ဘူး။ စုံစမ်းဖို့ လိုအပ်ရင် သူတို့လုပ်ရမယ်” ဟု ဦးအောင်မျိုးမင်း က ကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် ကော်မရှင်၏ နှုတ်ဆိတ်နေမှုအပေါ် ဝေဖန်သည်။

ပဲခူးတိုင်း အနောက်ခြမ်း၊ လက်ပံတန်းမြို့တွင် ဒီမိုကရေစီရေးကို တောင်းဆိုဆန္ဒပြသည့် သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများကို မတ်လ ၁၀ ရက်တွင် လုံထိန်းရဲများက နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီး ပြီး ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံ ကျောင်းသားအချို့ကိုသာ အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီး ကျောင်းသားများနှင့် ဝန်းရံ ပြည်သူစုစုပေါင်း ၇၀ ခန့်မှာ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မ(၅) ခုဖြင့် အာဏာပိုင်များက တရားစွဲ ဆိုထားသည်။

အဆိုပါ ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ရန်ကုန်မြို့၊ လှည်းတန်းတွင် ဆန္ဒပြခဲ့သည့် ကျောင်းသူတစ်ဦးဖြစ်သူ မပိုပိုကိုလည်း အာဏာပိုင်များက ဖမ်းဆီးကာ ပုဒ်မ(၄) ခု တပ်ပြီး တရားစွဲဆိုထားသေးသည်။


Credit - Mizzima News

No comments:

Post a Comment