Monday, June 8, 2015

ကလေးစစ်သားအဖြစ်မှ နုတ်ထွက်ခွင့်ရရှိနိုင်ရန် ILO သို့ တင်ပြ တိုင်တန်းထားသော်လည်း ယခုတိုင်တပ်မှ နုတ်ထွက်ခွင့်မရရှိသေး – ပေးစာ

 ကျွန်မဒေါ်တင်တင်ဦး မှတ်ပုံတင်အမှတ် (၇/မညန(နိုင်) ၀၅၅ ၂၃၆) ကိုင်ဆောင်သူသည် အမှတ် (၄)၊ ပန်းတနော်လမ်း၊ လင်းလွန်း(တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ပါသည်။ ကျွန်မ၏ သားဖြစ်သူ မောင်အောင်စိုးလင်းသည် မွေးစာရင်းအရ ၆- ၅-၁၉၉၅ ဖြစ်ပါသည်။ ကျွန်မ၏သားကို တပ်မ (၁၁)ခ.မ.ရ (၂၁၉) ရဲမွန်တပ်မှ တပ်ကြပ်စံရွှေမောင်က ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် တပ်မ (၇၇) ခ.မ.ရ (၁၀၁) အင်းတကော်တပ်မှ တပ်ကြပ်ကြီး အံ့လွင်ထံသို့ပို့ပြီး စစ်တပ်ထဲသို့ သွင်းခဲ့ပါသည်။ ထိုစဉ်က ကျွန်မ၏ သားအသက်မှာ ၁၇ နှစ်ခန့်သာ ရှိပါသည်။ ကျွန်မသည် ကျွန်မ၏ သားဖြစ်သူ မောင်အောင်စိုးလင်း အား စစ်သားဖြစ်သူ တပ်ကြပ်စံ ရွှေမောင်နှင့် တပ်ကြပ်ကြီး အံ့လွင်တို့က စစ်တပ်ထဲသို့ သွင်းခဲ့သည်ကို သိသိချင်း ILO သို့ ၂၇-၃-၂၀၁၂ တွင် တင်ပြတိုင်တန်းခဲ့သော်လည်း
ကျွန်မ၏သားဖြစ်သူ မောင်အောင် စိုးလင်းမှာ တပ်မှနုတ်ထွက်ခွင့် မရရှိခဲ့ပါ။ သားဖြစ်သူနှင့် ၉-၄-၂၀၁၄ တွင် အဆက်အသွယ် ရသဖြင့် ခ.မ.ရ (၂၂၂) ဟုမ္မလင်းမြို့၊ စစ်ကိုင်းတိုင်းတပ်တွင် တ/၄၆ ၆၁၀၄ ကိုယ်ပိုင်နံပါတ်ဖြင့် စစ်မှုထမ်း နေရသည်ကို သိရှိရပါသည်။

ကျွန်မသည် အဆက်အသွယ် ရသဖြင့် ၁၅-၅-၂၀၁၅ တွင် ခ.မ.ရ (၂၂၂) ဟုမ္မလင်းသို့ လိုက်သွားရာ သားဖြစ်သူ မောင်အောင်စိုးလင်းမှာ ရှေ့တန်း စစ်ဆင်ရေးထွက် သွား၍တွေ့၍ မရကြောင်းနှင့် ထွက်ခွင့်လည်း မပေးနိုင်ကြောင်း ဗိုလ်ကြီးကျော်စွာက ပြောကြားပါသည်။

သို့ဖြစ်ပါ၍ ကျွန်မ၏သားဖြစ်သူ မောင်အောင်စိုးလင်းအတွက် အလွန့်အလွန်ပင် စိုးရိမ်နေရပါသဖြင့် ကျွန်မသားအား တပ်မတော်မှ အမြန်ဆုံးနုတ်ထွက်ခွင့်ရပြီး မိဘရပ်ထံ ပြန်ရောက်ရှိရန်အတွက် လူကြီးမင်းတို့က ကူညီ ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်။

ဒေါ်တင်တင်ဦး

ရ/မညန (နိုင်) ၀၅၅၂၃၆

စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment