ရှေ့မရောက်ကြောင်း အများ က ဝေဖန် ထောက်ပြေ နကြ သည်။ အကြောင်းမှာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့ ဖော်ဆောင်ရာ၌ အဓိက သော့ချက်ကျသော လုပ်ငန်းစဉ်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲနေ ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရန် အတွက် အရေးကြီးသော ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုကိုလည်း ရပ်တန့်ထားသည်။ ယခုအခါ အစိုးရနှင့် လွှတ်တော် နာယကတို့က ၂ဝဝ၈ အခြေခံဥပဒေပါ ဇယား(၁)နှင့် ဇယား(၂)လောက်သာ ပြင်ဆင်ရန် ခြေ လှမ်း ပြင်နေကြပြီး အဓိကကျသည့် ပြဋ္ဌာန်းချက်များကိုမူ
ပြင်ဆင်ပေးမည့် လက္ခဏာ မတွေ့ရပေ။ ဇယား(၁)နှင့် ဇယား(၂)ကိုသာ ပြင်ဆင်ပြီး
အခြေခံဥပဒေ ပြင်ဆင်ပေးသည်ဟူသော နာမည်ကောင်းကို ရယူဖို့ ကြံရွယ် နေသည် ဟု ဆိုကောင်းဆိုနိုင်သည်။
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ထူထောင်သွားရန် ဆိုပါက အာမခံချက်ရှိသော ပြုပြင် ပြောင်းလဲရေးကို လက်တွေ့ကျကျ လုပ်ပြရန်လိုသည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်မှုစသည်တို့ကို အာမခံနိုင်သော အခြေခံ ဥပဒေအဖြစ် ရောက် ရှိလာရန် လိုအပ်သည်။ ထိုကဲ့သို့သော အခြေခံဥပဒေမျိုးအထိ ရောက်ရှိ လာစေရန်အတွက် လက်ရှိ အခြေခံဥပဒေအား နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များအခြေခံ ၍တစ်ဆင့်ချင်း ပြင်ဆင် သွားရမည်ဖြစ်သည်။
သို့သော် နောင်အခါ ဖြစ်ပေါ်လာသော အခြေအနေအရ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ် လာသည့်အခါ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ဖြင့် ပြင်ဆင်ခွင့် ရစေရန် ယခုကတည်းက လမ်းဖွင့် ပေးထားရန် လိုအပ်သည်။ ဆိုလိုသည်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး၏ သော့ချက်ဖြစ်သော ပုဒ်မ ၄၃၆ ကို ပြင်ဆင် ပေးထားရန်ဖြစ်သည်။ လက်ရှိ ပုဒ်မ ၄၃၆ ပြဋ္ဌာန်း ချက်ကြောင့် ရွေးကောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့်သာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည့် အခြေအနေ ဖြစ်နေ သည်။ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် အားလုံး(၁ဝဝရာခိုင်နှုန်း)က ပြင်ဆင်ရန် ထောက်ခံကြ လျှင်ပင် ရွေးကောက်ခံ မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်၏ ထောက်ခံမှု မရရှိပါက ပြင်မရသည့် အခြေအနေမျိုး ဖြစ်သည်။
ထို့ကြောင့် ပုဒ်မ ၄၃၆(က)နှင့် (ခ)၌ ယခုပြဋ္ဌာန်းထားသော ”ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်…”ဟူသည့် စကားရပ်အား ”ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ..”ဟူ၍ ပြင်ဆင်ပေးရမည်ဖြစ်သည်။ ထိုကဲ့သို့ ပုဒ်မ ၄၃၆ ကို အရင်ဦးဆုံး ပြင်ဆင်ပေးထားခြင်းက သာလျှင် နောင်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ခိုင်မာသော နိုင်ငံရေး အာမခံချက် ဖြစ်ပေလိမ့်မည်။ အဆိုပါပုဒ်မ ၄၃၆ ပြင်ဆင်ရေးအား မြန်မာပြည်သူများက ပွင့်လင်းစွာ တစ်ခဲနက် လက်မှတ်ရေးထိုး ဆန္ဒပြု တောင်းဆို ထားသည်ကိုလည်း လျစ်လျူရှု မထားသင့်ပေ။
အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် အသီးသီးတို့မှ ခေါင်းဆောင်များ အနေနှင့် ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် လက်တွေ့ကျကျ လုပ်ဆောင်မည် ဆိုပါက ပုဒ်မ ၄၃၆ ကို အရင်ဦးဆုံး မဖြစ်မနေ ပြင်ဆင် ပေးရမည်သာ ဖြစ်သည်။ ဇယား(၁)နှင့်(၂)ကို ပြင်ဆင်ရုံမျှဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေးကို အနည်းငယ်မျှပင် အာမခံချက် ပေးနိုင်လိမ့်မည် မဟုတ်ပေ။ နိုင်ငံရေး အာမခံချက်မရှိပါက ပြည်သူလူထု၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အတိုက်အခံ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများအနေနှင့် စစ်ခေါင်းဆောင်များအပေါ် ယုံကြည်မှု နည်းပါးနေဦးမည်သာ ဖြစ်သည်။ ယုံကြည်မှု မတည်ဆောက်နိုင်လျှင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဝေးကွာနေလိမ့်ဦးမည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ဆိုသည်ကတော့ စိတ်ကူးအိပ်မက်ရန်ပင် ခက်ချေလိမ့်ဦးမည်။
ထို့ကြောင့် လက်တွေ့ကျသော ပြုပြင် ပြောင်းလဲရေး၏ ပထမဆုံးခြေလှမ်းသည် ပုဒ်မ၄၃၆ ပြင်ဆင်ခြင်းပင် ဖြစ်သည်။ ပုဒ်မ ၄၃၆ မပြင်ဆင်သေးပါက ပြုပြင်ပြောင်းလဲရေး စတင်ပြီဟု မဆိုနိုင်သေးပေ။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီဟုလည်း မဆိုနိုင်သေးပေ။ အခြေခံဥပဒေပါ အဓိက ပြဋ္ဌာန်းချက်များကို မပြင်ဘဲ ဇယား(၁)နှင့် (၂)လောက်ကိုသာ ဟန်ပြ ပြင်ဆင်ပေးရုံဖြင့် ပြုပြင်ပြောင်းလဲရေး အတွက် ခြေတစ် လှမ်းစာပင် ခရီးမပေါက်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
အယ်ဒီတာ
၃-၆-၂ဝ၁၅
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment