Monday, June 8, 2015

ယာမြေအတွင်း ကျူးကျော်ဝင်ရောက်၍ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်က ခွင့်မပြုဘဲ အတင်းအဓမ္မ ကျောက်ခွဲထုတ်လုပ်နေ – ပေးစာ

 ကျွန်တော်၏ မိရိုးဖလာအရ လွန်ခဲ့သော နှစ် ၅၀ ခန့်က ပုံစံ ၇ ရရှိပြီး ယာမြေအကွက်တွင် ယင်းတိုက်ကျေးရွာ ဦးအောင်ကြည်နှင့် ကျေးရွာအုပ်စု စာရေးဟောင်း ဦးအောင်မျိုးလွင်တို့က ကျွန်တော်၏ သဘောဆန္ဒ လုံးဝ မပါဘဲ ပုံစံ ၁၀၅ နှင့် ၁၀၆ မြေစာရင်း ပြုလုပ်၍ ယာခင်းထဲသို့ ဇွတ်အတင်း ၀င်ရောက်ပြီး ကျောက်များအား မိုင်းခွဲတူးဖော် ရောင်းစားနေခြင်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ယနေ့တိုင် ပြုလုပ်နေပါသည်။

ကျွန်တော်တို့ကျေးရွာ ရှေ့မီနောက်မီ လူကြီးများအသိ ယင်းတိုက်အုပ်စု သစ်သိမ့်ကုန်းကျေးရွာ အဆိုပါ ကျောက်ကွက်နှင့် အနီးနား တစ်ဝိုက်တွင် ယင်းတိုက်ကျေးရွာနေ ဦးအောင်ကြည် ပိုင်ဆိုင်သည့် လယ်ယာမြေ တစ်ဧကမျှ မရှိပါ။ ယင်းတိုက် ကျေးရွာမှာ အိမ်ထောင်ကျ၍ ပြောင်းရွှေ့ လာသော ကျွန်းလှမြို့နယ် အင်းလျားရှည် ကျေးရွာနေသူဖြစ်ပါသည်။ ယခုတင်ပြချက်ကို မြေကြီးမြေပုံတွင် မှန်ကန်မှု ရှိမရှိ စုံစမ်းစစ်ဆေး နိုင်ပါသည်။ ကျွန်တော် တစ်ဦးတည်းသာ ပိုင်ဆိုင်မြေ
မှန်ကန်ကြောင်း ကျေးရွာလူထု ပြည်သူအများ သိပါလျက် မြေတိုင်း စာရေးနှင့် မြေစာရင်း ဦးစီးဌာနတွင် အမည်ပေါက် ကျွန်တော်မှာ ယခုအခါ ငွေကြေးကိစ္စဖြင့် ဖိအား ပေးမှုကြောင့် ဦးအောင်ကြည်မှ တစ်ဦးတည်း ထုတ်လုပ် ရောင်းစားခြင်းကို ခံနေရပါသည်။

ယခုအခါ အဆိုပါ လုပ်ကွက်တွင် မိုင်ခွဲတူးဖော်ခြင်း၊ ဘက်ဖိုးဖြင့် ကုတ်ထွင်ခြင်းဖြင့် ယာထွက် ကျောက်သားကို ကြိတ်ခွဲပြီး ကျင်းပေါင်း ၃၀၀ ကျော် ၄၀၀ နည်းပါး ရှိပြီးဖြစ်ပါသည်။ ကာလတန်ဖိုးအရ တစ်ကျင်းကို ကျပ် ၆၅၀၀၀ ဖြင့် ရောင်းစားနေသည်ကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ၆-၂-၂၀၁၅ နေ့က စာဖြင့် တိုင်ကြားခဲ့ရာ ၂၅-၂-၂၀၁၅ တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး၊ မြို့နယ်မြေစာရင်း၊ အမှတ် ၂ သတ္တုတွင်း၊ မြို့နယ် စိုက်ပျိုးရေးနှင့် ဒေသဆိုင်ရာ အနောက်ခြမ်း နယ်မြေမှူးများက၊ ကျွန်တော်၏ တင်ပြချက်အပေါ် လာရောက် စစ်ဆေးကြပါသည်။ အဆိုပါအဖွဲ့သည် ကွင်းဆင်း စစ်ဆေးခဲ့သော်လည်း နောက်ပိုင်း လာရောက် ဖြေရှင်းမှု ညှိနှိုင်း ဆောင်ရွက်မှု မရှိခဲ့ပါ။ ကျွန်တော်သည် မိသားစု စားဝတ်နေရေးကို ငဲ့ညှာထောက်ထားပြီး ဒုစရိုက်မှု၊ ရာဇ၀တ်မှုများ မဖြစ်ရအောင် ကြိုးစား၍ သည်းခံ ခွင့်လွှတ်ထားသော်လည်း လူမှုရေးအရ ထိပ်တိုက်ဝင်ပြီး စီးပွားရေး သောင်းကျန်းမှုကို ခံစားနေရပါသဖြင့် ကျွန်တော်၏ ယာမြေကို အမှန်အကန် ပြန်လည်ရရှိရေး အတွက် ကူညီ ဆောင်ရွက်ပေးပါရန် တာဝန်ရှိ အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြလျှောက်ထား အပ်ပါသည်။

မောင်ပေါပေါ

၅/ကလတ(နိုင်)၀၇၁၆၉၇

ကောလင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment