Monday, June 8, 2015

နိုင်ငံတော်သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာ

 ရက်စွဲ – ဇွန်လ ၁ရက် ၂၀၁၅

မြန်မာ့ကျွန်းစုများကို ကာကွယ်ပေးရေး၊ နိုင်ငံခြားသို့ သဲတန်ချိန် သိန်းနဲ့ သန်းနဲ့ချီပြီး ရောင်းချနေခြင်းမှ အမြန်ဆုံး ရပ်စဲပေးရေးနှင့် မြန်မာ့ရေပိုင်နက် မှ နိုင်ငံခြား သောင်တူးသဘောင်္များကို အမြန်ဆုံးထွက်ခွာ သွားရေး။

လေးစားအပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးခင်ဗျား ယနေ့ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း စစ်ခင်းရမည်ကိုပင် မမှုဘဲ ကျွန်းကြီးကို တည်ဆောက်နေခြင်းက ကမ္ဘာ့သတင်းခေါင်းစဉ်ပိုင်း တိုင်းမှာ တွေ့နေရပါသည်။ ထို့အတူ စကာင်္ပူ – ဘရူးနေလ်စ တဲ့ နိုင်ငံတွေကလည်း မိမိတို့ ရေပိုင်နက်အတွင်း ကျွန်းများကို တည်ဆောက်ခြင်းနဲ့ မိမိမြေပိုင်နက်များကို မြေဖို့တိုးချဲ့၍ နိုင်ငံမြေပုံ ကိုပင် ပြောင်းလဲပစ်နေကြ ပါသည်။ သို့သော် ကျွန်ပ်တို့ မြန်မာနိုင်ငံကတော့ တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်သော သဘ၀တရား
က ပေးထားသော မြန်မာ့ကျွန်းစုများကို ဖြိုခွဲ၍တိုင်းတစ်ပါးသို့ သဲတန်ချိန်ပေါင်း သိန်းနဲ့သန်းနဲ့ချီပြီး မဆင်မခြင် ရောင်းချလို့ နေကြပါသည်။

ကော့သောင်းနဲ့ မြိတ်ကျွန်းစုတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်းတွေပျက်သုန်းလို့ ပျောက်ကုန်ကြ လို့ ဒေသခံ တွေတောင်မှ ဤအချင်းအရာကို ကန့်ကွက်ခဲ့ကြ ပါသော်လည်း ဘယ်သူကမှ အရေးမယူတဲ့ အပြင် သောင်တူး သဘောင်္တွေကို နေရာရွှေ့လို့ လုပ်ကွက်စားကွက် အသစ်ကို ထပ်ဆင့်ပေးခဲ့ကြပါတယ်။

လေးစားအပ်သော သမ္မတကြီးခင်ဗျား သဲရောင်းတော့ တိုင်းပြည်ရဲ့ရေပိုင်နက်ကို တန်ဆာဆင်ထားတဲ့ သဘာဝ အလှကျွန်းတွေ ပြုန်းတတ်ပါတယ်။ ဒါကြောင့် စကာင်္ပူနဲ့ ဘရူးနေလ်တို့က သဲလိုတာကို အနီးဆုံးက အင်ဒိုနီးရှား က သဲကို သူတို့မရနိုင်ကြပါဘူး။ ဘယ်နိုင်ငံကမှ သဲကိုတန်ချိန် သိန်းနဲ့သန်းနဲ့ ထောင်နဲ့ချီပြီး မဆိုထားပါနဲ့ တန် ၁၀၀ ကိုတောင် မရောင်းတတ်ကြပါဘူး၊၊

လေးစားအပ်သော သမ္မတကြီးခင်ဗျား နိုင်ငံတိုင်းမှာ မိမိတို့ရဲ့ကမ်းရိုးတမ်း နယ်နိမိတ်ကို ရေနဲ့ လေတပ်တို့က ကာကွယ်ဖို့ တာဝန်ရှိသလို ရေပိုင်နက် ထဲက ကျွန်းတွေ မပြုန်းတီးရေးကိုလည်း ကာကွယ် စောင့်ရှောက်ကြရ မှာ ဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့ရေပိုင်နက်ထဲက ကျွန်းဆိုတာတွေက နိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ပဲဖြစ်သလို ကျွန်းစုဆိုတာက မြန်မာ့ရေပိုင်နက်ထဲက ငါးတွေကို ထိမ်းသိမ်းထားတဲ့ ရေအောက် ကွန်ယက်ကြီး လည်း တူပါတယ်။ ကျွန်းစုတွေက သဘာဝဘေးရန်နဲ့ ရာသီဥတုကို ကာကွယ်ပေးနိုင်စွမ်းလည်း ရှိနေတတ်ကြ ပြီး ကျွန်းတွေက တိုင်းပြည်ရဲ့ ကမ်းရိုးတမ်းကို အလှဆင်ထားနိုင်စွမ်း ရှိသလို ကမ်းရိုးတန်းရဲ့ ကျက်သရေကို ဆောင်လို့ Tourist Attraction ကိုလည်း ကျွန်းတွေရဲ့ သာယာလှပမှုတွေ က ပေးဆောင်နိုင်စွမ်းလည်း ရှိပြန် ပါတယ်။

လေးစားအပ်သော သမ္မတကြီးခင်ဗျား ယနေ့တရုတ်က တောင်တရုတ် ပင်လယ်မှာ ခက်ရခက်ဆစ် ကျွန်းကြီး တစ်ကျွန်းကို ဖန်ဆင်းယူနေသလို ကျွန်ပ်တို့က နိုင်ငံခြားကို ကျွန်းတွေကို ဖျက်စီးပြီး သဲတွေကို ရောင်းမဲ့အစား အဲဒီတန်ချိန် သိန်းနဲ့သန်းနဲ့ချီနေတဲ့ သဲတွေနဲ့ မြန်မာ့ရေပိုင်နက်က အနီးဆုံးကျွန်းတွေကို ဆက်ပြီး စကာင်္ပူလို ကျွန်းနိုင်ငံလေးတစ်ခုကို ဖန်ဆင်း တည်ဆောက်နိုင်ပါတယ်။ သမ္မတကြီးခင်ဗျား လေးစားအပ်သော သမ္မတကြီး ခင်ဗျား တိုင်းပြည်အတွက် နိုင်ငံခြားငွေလို ရင် ပြည်တွင်းရေအောက် မြေအောက် သယံဇာတများကို တူးဖော် ရောင်းချလို့ရပါတယ်။ ဒါပေမဲ့ ယခုလို အမိမြေဖြစ်တဲ့ သဘာဝတရားက ပေးထားတဲ့ သဘာဝအလှ ကျွန်းစု တွေကိုတော့ ဖြိုခွဲပြီး ရောင်းချတာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။ ယခုလို အမိမြေကို သောင်းတူး သဘောင်္ တွေနဲ့ တူးယက်ယူနေခြင်းက ဘာနဲ့တူနေပါသလဲဆိုရင် တိုင်းတစ်ပါးသားတွေ နင်းချေဖို့ မိခင်ရဲ့အသဲနှလုံးကို လှီးယူပြီး ရောင်းချစားတဲ့ သားမိုက်နဲ့ ထပ်တူထပ်မျှ ရှိသွားမှာဖြစ်ပါတယ်။

လေးစားအပ်သော သမ္မတကြီးခင်ဗျား ယနေ့ရောင်းချနေတဲ့ သဲတန်ချိန် တစ်သန်းဖိုးက တိုင်းပြည်အတွက် ဘယ်လောက်ရနိုင်မှာလဲ။ ဒေါ်လာသန်း ၁၀၀ ရနိုင်မလား။ ထားပါတော့ တိုင်းပြည်အတွက် (Billion)ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရတယ်ပဲထားပါ ကျွန်းတစ်ကျွန်းရဲ့တန်ဖိုးနဲ့ ယှဉ်ကြည့်လှည့်ပါ။ သဲတန်ချိန် တစ်သိန်းဆို ကျွန်ုပ်တို့ ကျွန်းပေါင်း ဘယ်လောက်ကို စတေးလိုက်ရမယ်။ သဲတန်ချိန် တစ်သန်းဆိုရင် ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ကျွန်းပေါင်း ဘယ်လောက် ပျောက်သွားနိုင်မယ် ဆိုတာကို လေးစားအပ်သော နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပေးပါ။ လေးစားအပ်သော သမ္မတကြီးခင်ဗျား သဲကိုနိုင်ငံခြားကို သဲတင်သွင်းတယ် ဆိုရာမှာ ပင်လယ်အောက်က သဲတွေကိုသဲ့ယူ၊ တူးယူကြတာမျိုး မဟုတ်ပါဘူး။ အများစုက ကျွန်းတွေဆီက သဲတွေကို သဲ့ပြီး တူးယက်ယူရတာမျိုးပါ။ ဒါကြောင့် သဲရောင်းရင် ကျွန်းပျောက်ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ဘယ်နိုင်ငံမှ သဲတွေကို မရောင်းတတ်ကြပါဘူး။ သဲရောင်းလို့ အဲဒီငွေတွေက တိုင်းပြည် အတွက် ဘာမှမရပါဘူး။ ကြားပွဲစားတွေနဲ့ လုပ်ကွက်ချပေးသူတွေ အတွက်သာ အကျိုးရှိနေတာကို အင်ဒိုနီးရှားကတွေ့ရှိပြီး သူတို့ရေပိုင်နက်ထဲကို နိုင်ငံခြား သောင်တူးသဘောင်္တွေကို အ၀င်မခံတော့ဘဲ မိမိတို့ ရေပိုင်နက်က ကျွန်းတွေကို ရေတပ်နဲ့လေတပ်တို့က အချိန်ပြည့် ကာကွယ်ပေး စောင့်ရှောက် ပေးထားကြရ ပါတယ်။

လေးစားအပ်သော နိုင်ငံတော် သမ္မတကြီးခင်ဗျား။ ကမ္ဘာပေါ်မှာ နိုင်ငံ အတော်များများက နိုင်ငံပိုင် ရေပိုင်နက်ထဲမှာ ယခုတရုတ်လိုပဲ Artificial Islands တွေကို ဖန်တီးယူ နေကြပါတယ်။ အရှေ့အလယ်ပိုင်းက Dubai လို နေရာမှာတောင်မှ မိမိတို့သဲနဲ့ ကျွန်းတွေကို ဖန်တီးရယူပြီး ကမ္ဘာ့အံ့ဖွယ် အိမ်ယာများကို တည်ဆောက် ပေးထားပါတယ်။ လေးစား အပ်သော နိုင်ငံတော် သမ္မတကြီးခင်ဗျား နိုင်ငံတစ်နိုင်ငံရဲ့ ရေပိုင်နက်က မိုင်ဘယ်လောက်ပဲ ကျယ်ဝန်းလို့ နေပါစေ။ ကျွန်းတွေရှိနေတဲ့ ရေပိုင်နက်ကသာ တန်ဖိုးရှိ နေတတ်ပါတယ်။ ဒါကြောင့် ကျွန်းစုဆိုတာတွေကသာ တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ စစ်မှန်တဲ့ ရေပိုင်နက် တွေလည်း ဖြစ်ပါတယ်။

သို့ဖြစ်၍ လေးစားအပ်သော နိုင်ငံတော် သမ္မတကြီးခင်ဗျား ဤအချင်းအရာက ဦးပိုင်နဲ့ ပတ်သက်နေပါတယ် ဆိုရင်လည်း စာရေးသူ ကျွန်ုပ်က လက်ရှိဗိုလ်ချုပ်မှူးကြီးသို့ မြန်မာ့ရေပိုင်နက်မှ ကျွန်းများကို ကာကွယ်ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံရမှာ ဖြစ်သလို ဗမာ့တပ်မတော် ဆိုတာက အမိမြေကို ကာကွယ်တဲ့ တပ်မတော်သာ ဖြစ်ပြီး အမိမြေကို ရောင်းစားတဲ့ တပ်မတော် မဟုတ်တာကြောင့် ယနေ့သဲရောင်းလို့ ကျွန်းတွေပျောက်ကွယ် သွားနေတာကို နိုင်ငံတော် သမ္မတကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးတို့က သဲရောင်းစားခြင်းကို အမြန်ဆုံး ရပ်တန့်စေပြီး နိုင်ငံခြား သောင်တူးသဘောင်္များကို အမြန်ဆုံး မြန်မာ့ရေပြင်မှ ဖယ်ရှားပေးကြလိမ့်မည်လို့ ယုံကြည်ပါတယ်။

ကျွန်ပ်ရဲ့ မြန်မာ့ကျွန်းတွေကို ကာကွယ်ပေးဖို့ အကြံပြု မေတ္တာရပ်ခံခြင်းက မှားနေပါတယ်ဆိုရင် နိုင်ငံတော် သမ္မတကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးတို့က ကျွန်ုပ်အား ကြီးလေးသောအပြစ်ကို ပေးနိုင်ပါသည်။

လေးစားလျက်

ဘဲလားလေဘာတီ

(Political Scientist)

June 1nd 2015


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment