Written by
စိုးသန်းလင်း
နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာနှုန်းကျော်၏ သဘောတူချက်ဖြင့် လွှတ်တော်ရုံးသို့ ယနေ့ တင်သွင်းလိုက်ပြီး ဇွန်လ ၁၀ ရက် လွှတ်တော် အစည်းအဝေး အစီအစဉ်တွင် စတင်ပါဝင်လာမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာအမတ် ဦးတင်မောင်ဦးက ပြောသည်။
“ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီအမတ်တွေနဲ့ တင် ၂၀ ရာခိုင်နှုန်းကျော်ပါတယ်၊ ဒါပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားပါတီတွေရော ပါတီစုံကပါ ပါဝင်တာမျိုး ဖြစ်စေချင်လို့ ပါ၊ ဒီနေ့ လွှတ်တော်ရုံးကို တင်ပါပြီ၊ အခြေအနေအရ မနက်ဖြန် ဆွေးနွေးနိုင်ရင်လည်း ဆွေးနွေးဖြစ်မယ် ထင်ပါတယ်” ဟု ၎င်းက ယနေ့နံနက်ပိုင်း မီဒီယာနှင့် တွေ့စဉ် ဖြေကြားခဲ့သည်။
ထို ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဝင် ပြည်ခိုင်ဖြိုးအမတ်အချို့က ဇွန် ၈ရက်က လွှတ်တော်ဝင်းအတွင်း အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ၎င်းကပြောသော်လည်း ဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် မဖြေကြားခဲ့ပေ။
“မနေ့က လုပ်တာက ကော်မတီ အစည်းအဝေးတော့ မဟုတ်ဘူး၊ ကော်မတီဝင် ပြည်ခိုင်ဖြိုး အမတ်တွေကပဲ စည်းဝေးပြီး ပြည်ထောင်စုလွှတ်တော် အမတ် ၂၀ ရာနှုန်း ထောက်ခံ လက်မှတ်ရရေးကို လိုက်ပြီးကောက်ခံကြတာဖြစ်မယ်၊ ဒီအဆိုတင်ဖို့ကို ပြည်ခိုင်ဖြိုးပါတီက ဦးစီးဆောင်ရွက်သွားမယ်လို့ 
လွှတ်တော်နာယကက အရင်အပတ် သောကြာနေ့တုန်းက နိုင်ငံရေးပါတီတွေနဲ့တွေ့ ချိန်မှာ ပြောတော့
အားလုံးကလည်း သဘောတူထားကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း မနေ့ကပဲ ထောက်ခံလက်မှတ် ထိုးပေးလိုက်ပြီ” ဟု ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ၃၁ ဦးတွင် ပါဝင်သည့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အင်န်အယ်လ်ဒီအမတ် ဦးအောင်ကြည်ညွန့်က ယနေ့နံနက်တွင် မီဒီယာသို့ ဖြေကြားသည်။
အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုကို ပြည်ထောင်စုလွှတ်တော်သို့ မတင်မီ လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အစည်းအဝေးခေါ်ယူနိုင်ဖွယ် ရှိကြောင်းလည်း သူက ထောက်ပြသည်။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၁၂) တွင် ပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်းအတွက် သတ်မှတ်ထားသည့် နည်းလမ်းများတွင် ပါဝင်သည့် ပုဒ်မ ၄၃၃ (က)၊ (ခ)၊ ၄၃၄၊ ၄၃၅ တို့ အရ “ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်။ ထိုဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါစေရ။ ထို ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်။
ထိုဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်။” ဟူ၍ ပြဋ္ဌာန်းထားသည့်အတိုင်း လွှတ်တော်က မဖြစ်မနေ လက်ခံဆွေးနွေးရတော့မည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment