Sunday, June 7, 2015

ဖျာသည်မ ဟောစေ လည်လှီးမယ့်သူ ပြောစေ မေတ္တာတရား ပိတ်ပင်စေ – စည်သူအောင်မြင့်

 ရွေးကောက်ပွဲလုပ်တော့မယ်။ ပြီးရင်အရင်လူတွေကပဲ နိုင်တယ် ဆိုပြီးဖြစ်မယ်။ ပြီးရင် လူဟောင်း တစ်ယောက်ပဲ သမ္မတလုပ်မယ်။ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်။ ပြီးရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုပြီး ဆွေးနွေးပွဲတွေ လုပ်မယ်။ ပြီးရင် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အောင်ကျော်- လာကပေါ်ရေ၊ တို့တိုင်းပြည်ကတော့ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခတွေဖြစ်၊ ဟော အခုပြေ လည်အောင်ကြိုးစားနေကြချိန် ရိုဟင်ဂျာ- ဘင်္ဂါလီအရေးဆိုပြီး ဖြစ်လာပြန်ပါရော့ လားဆိုပြီး ငိုချင်းသာချ လိုက်ချင်တော့ တယ်ကွာ။

လာကပေါ်- ငိုနေလို့ ပြီးမှာလား။ ပြဿနာရှိရင် ဖြေရှင်းကြရမှာ ဓမ္မတာပဲလေ။

အောင်ကျော်- အခု ရက်ပိုင်းအတွင်း စိတ်မကောင်းအဖြစ်ဆုံး ဟာ မေတ္တာတရားလည်း ပိတ်ပင်ခံရ။

လာကပေါ် – ဘယ်လို… မေတ္တာတရား ပိတ်ပင်ခံရတယ်… ဟုတ်လား။…

အောင်ကျော် – ဟုတ်တယ်လေ။ သံဃာတော်တွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ စုပေါင်းပြီး မေတ္တာ တရားနဲ့နိုင်ငံတော် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလေးတွေ လုပ်နေကြတယ်လေ။

လာကပေါ်- ကျွန်တော်ကြားတယ်။

အောင်ကျော်- ရန်ကုန်၊ ပြင်ဦးလွင်၊ ပုဂံ၊ စစ်ကိုင်း၊ မော်လမြိုင်၊ ပုသိမ်၊ စလေ စသဖြင့် မြို့အတော်များများမှာ အဲလိုဆွေး နွေးပွဲလေးတွေ လုပ်ပြီးသွားပြီ။ အဓိကကတော့ ဆရာတော်တွေ ကိုယ်တိုင်ပါဝင်ပြီး စာရေး ဆရာမ ကြီး ဒေါ်စမ်းစမ်းနွဲ့လို၊ စာရေးဆရာ ချစ်ဦးညိုလို၊ ဦးဘုန်း(ဓာတု) လို၊ စာရေးဆရာ မာန်-တောင်လုံး ပြန်လို လူတွေပါဝင်ပြီး မေတ္တာ တရားအကြောင်း ပြောကြတာဗျာ။

လာကပေါ်- အေးလေ။ အဲဒီ မေတ္တာတရားအကြောင်း ဆွေးနွေးပွဲ ဘာဖြစ်ရပြန်တာလဲ။

အောင်ကျော်- ပြီးခဲ့တဲ့မေလ နောက်ဆုံးပတ်က ဧရာဝတီတိုင်း ဖျာပုံမှာ ဆွေးနွေးပွဲလုပ်မလို့သွားတာ။ သက် ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူးဆိုသတဲ့ဗျား။

လာကပေါ်- သူက ဘာအကြောင်းပြလဲ။

အောင်ကျော်- အဲဒီမှာ ဟောပြောမယ့်သူ အမည်စာရင်း၊ ဟောပြောမယ့် သူတွေရဲ့ ကိုယ်ရေးအချက် အလက်၊ ဟောပြောမယ့်အကြောင်းအရာ၊ စာရေးဆရာအသင်းရဲ့ထောက်ခံချက်၊ မြို့နယ်သံဃ နာယက ထောက်ခံ ချက်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ရဲ့ထောက်ခံချက်၊ ဆရာဇော်ဂျီစာကြည့်တိုက် ခွင့်ပြုချက်၊ ရဲစခန်း ထောက် ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေ လိုအပ်ပြီး အချက်အလက်တွေ အပြည့်အစုံ မတင်ပြနိုင်တဲ့ အတွက် ဆွေးနွေးပွဲကို ခွင့်မပြုနိုင်တဲ့အကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက မေလ ၂၂ရက်က ပွဲစီစဉ်သူတွေဆီ အကြောင်းပြန်ခဲ့တယ် တဲ့ဗျား။

လာကပေါ်- အင်း … ဒီလိုလုပ်ရပ် မျိုးဟာ ဟိုးအရင် စစ်အာဏာရှင်ခေတ်ကို သတိရစရာပဲနော။ ပွဲစီစဉ်သူတွေ၊ ဒေသခံတွေ မလုပ်ရဲအောင်၊ ကြောက်သွားအောင်လုပ်တဲ့ သဘောပဲဗျ။

အောင်ကျော်- အမှန်ပေါ့ဗျာ။

လာကပေါ်- အဲ… မေတ္တာတရားက တော်သေးတာပေါ့ဗျာ။ စာရေးဆရာထင် လင်းဦးဆိုရင် ထောင်တောင် ၂ နှစ်ချလိုက်ပြီ။

အောင်ကျော်- အဲဒါ ပြောတာပေါ့ဗျာ။ ကျွန်တော် သိရသလောက် စာရေးဆရာ ထင်လင်းဦး ပြောတဲ့အထဲမှာ ဘယ်သူ့ကိုတော့ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်ဆိုတဲ့ အမုန်းတရား ဖြန့်ဖြူးတာ မပါဘူးဗျ။ နောက်ပြီး ဗုဒ္ဓဘာသာ ညှိုးနွမ်းအောင် ပြောတာလည်း မပါပါဘူးဆိုပြီး မြ၀တီမင်းကြီးကျောင်း ဆရာတော်ကသက်သေ အဖြစ် လာမိန့်ဆိုသွားသေးသဗျ။

လာကပေါ်- အင်း…သူလည်း ဗုဒ္ဓရဲ့ မေတ္တာတရားအကြောင်းပြောသူပဲ။ သူ့ကိုလည်း ထောင်ချ။

အောင်ကျော်- အဲ… အဲ… ဖျာသည်မ တရားဟောတာတွေတော့ ခွင့်ပြုထားသဗျား။

လာကပေါ်- ဟိုးထား၊ ဟိုးထား။ အဲဒါခင်ဗျားတို့ ကျွန်တော်တို့ လူတွေပြောလို့ မကောင်းဘူး။

အောင်ကျော်- လူလည်ကောင်မှာ မြန်မာဂျာနယ်လစ်တွေကို လည်လှီးဖို့ပဲ ကျန်တော့တယ်ဆိုတဲ့ လူ ကျတော့ ဘေးကင်းရန်ကင်းဗျာ။

လာကပေါ်- ဟုတ်ပါ့။ ခင်ဗျားတို့ တိုင်းပြည်ကြီးကလဲ။

အောင်ကျော်- ဒီလို အချက်အလက်တွေကို ခြုံငုံကြည့်လိုက်ရင် တိုင်းပြည်မှာ အပြောင်းအလဲလုပ်နေတယ်။ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ် လို့ ပြောတယ်။ မပြောင်းလဲတဲ့ နေရာတွေကတော့မပြောင်း လဲတာက တော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ။

လာကပေါ်- အင်း ပြောရင်းပြောရင်း ကျွန်တော်တောင် ကြောက်လာပြီ။

အောင်ကျော်- ကြောက်နေလို့ပြီး မလားဟ။ လုပ်စရာရှိတာ လုပ်ရမှာပေါ့။

လာကပေါ်- အန္တရာယ်အငွေ့အသက်တွေ မြင်နေရလို့ပါ။ ဟောပြီးခဲ့တဲ့ရက် ပိုင်းကပဲ မရွှေမှုန်။

အောင်ကျော်- ဘယ်က မရွှေမှုန်လဲ။

လာကပေါ်- အဲ… ခင်ဗျားတို့ သတင်းလောကက တက်ကြွလှုပ်ရှားသူ မရွှေမှုန်လေ။ သမဂ္ဂဂျာနယ်ကလေ။

အောင်ကျော်- သူဘာဖြစ်လဲ။

လာကပေါ်- သူ့ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာတုန်းက ခွင့်ပြုချက်မရှိဘဲနဲ့ ဆုတောင်းမှုဆိုလား၊ အဲဒါနဲ့ တရားစွဲထားသတဲ့။

အောင်ကျော်- အဲ… ပြဿနာပဲ။ အဲဒီလိုပုဒ်မမျိုးနဲ့ တစ်ယောက်ပြီး တစ်ယောက်ထောင်ချနေတာ တွေ့နေရတာ ပဲ။

လာကပေါ်- အဲဒါ ပြောတာပေါ့။ ရွေးကောက်ပွဲနီးလေ၊ အခြေအနေမကောင်း ဖြစ်လေများလား မသိဘူးနော်။ အရင်ခေတ်ကလိုပဲ လူတွေအားလုံး တဖြည်းဖြည်းနဲ့ ထောင်ထဲ သွားသွားစုကုန်ပြီ။

အောင်ကျော်- အဟေးဟေး ခုမှ စဉ်းစားမိတယ်။ ရွေးကောက်ပွဲလုပ်တော့ မယ်။ ပြီးရင် အရင်လူတွေကပဲ နိုင် တယ် ဆိုပြီးဖြစ်မယ်။ ပြီးရင် လူဟောင်းတစ်ယောက်ပဲ သမ္မတလုပ်မယ်။ ပြီးရင် လွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်။ ပြီးရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုပြီး ဆွေးနွေးပွဲတွေလုပ်မယ်။ ပြီးရင် မီဒီယာလွတ်လပ်ခွင့် နည်းနည်းပေး မယ်။ မေတ္တာတရားတွေ နည်းနည်း ပြန်ဟောပြောလို့ရလာ မယ်။ ပျော်စရာကြီး ဟေး ဟေး ။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment