Written by
အောင်ကိုဦး
မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်ကို ဇွန်လ ၉ ရက် ည ၁၀ နာရီကျော်တွင် ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့သူ ဒေသခံများက မဇ္ဈိမ ကိုပြောသည်။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုစိုးဌေးက "ဆရာတော်က သူခိုးသူပုန် မဟုတ်ဘူး။ဒါကို ညကြီးလာပြီး သေနတ်တွေနဲ့ ချိန်လူဝတ်လဲပြီး ဖမ်းတာကြတာတော့ သံဃာထုကိုစော်ကားတဲ့အပြင် ဗုဒ္ဓဘာသာကို ပါ တိုက်ရိုက်စော်ကားတာပဲ။ ဒါကို မိုးကုတ်ဒေသခံအနေနဲ့ရော ဗုဒ္ဓဘာသာဝင်တစ် ယောက်အနေနဲ့ရော မကျေနပ်ပါဘူး" ဟု ပြောသည်။
နံနက် ရှစ်နာရီခန့် အချိန်ထိ ဆရာတော်အား မိုးကုတ်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားဆဲဖြစ်သည်ဟု ကူညီဆောင်ရွက်ပေး သူများကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဇွန်လ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် တာဝန်မှူး တာဝန်ယူထားသူ တစ်ဦးက "ဖမ်းထားတာ မဟုတ်ပါဘူး။ ခဏထိန်းသိမ်းထားတာပါ။ တိုင်တဲ့ သူတွေရှိလို့ပါ။ လောလောဆယ်တော့ ဒီလောက်ပဲပြောလို့ ရပါဦးမယ်။ နေ့လည် ၁ နာရီလောက် ဖုန်းပြန်ဆက်ပါ" ဟု မဇ္ဈိမကို ပြောသည်။
မိုးကုတ်မြို့ရှိ လူမှုပရဟိတ အဖွဲ့များကလည်း ဆရာတော်အား ဖမ်းဆီးခြင်းကို လက်မခံကြောင်းနှင့် အဆိုပါ လုပ်ရပ်ကို ရှုတ်ချကြောင်းဆိုသည်။
အဆိုပါဆရာတော် ဖမ်းဆီးခံနေရမှုနှင့်ပတ်သက်၍ မိုးကုတ်မြို့ဒေသခံအများစုက မကျေမနပ်ဖြစ်ကာ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် လူဝတ်လဲဖမ်းဆီးခဲ့သူများအား ဝန်ချတောင်းပန်ရန် တောင်းဆိုသွားမည်ဟုလည်း ဒေသခံများက ဆိုသည်။
ဆရာတော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး တိုင်းသံဃာ့နာယက အဖွဲ့နှင့်တိုင်းသာသနာ ရေးဦးစီးတို့မှ မသိသေးကြောင်း တာဝန်ရှိသူများက မိန့်ကြားပြောဆိုသည်။
ဆရာတော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မန္တလေးမြို့မှဆရာတော် သံဃာတော်တစ်ချို့မှ မိုးကုတ်မြို့သို နံနက် ၉ နာရီတွငိ ကြွရောက်မည်ဖြစ်သည်။
မန္တလေးရှိ ဓမ္မကထိက ဆရာတော် တစ်ဦးဖြစ်သည့် ဆရာတော် ဦးသုနန္ဒက "ဘုန်းကြီးတို့ကတော့ လုပ်စရာရှိတာ လုပ်သွားမယ်။သာသနာပြုဆရာတော်တစ်ပါး၊ ပြီးတော့ ဓမ္မကထိက ဒီလိုဆရာတော်ကို ဖမ်းတယ်ဆိုတာ သာသနာမှာ အရုပ်ဆိုးပြီးဆိုးပဲ။မိုးကုတ်မြို့မှာ ဖြစ်နေတဲ့ဒုစရိုက် အမှုတွေကို မဖေါ်ထုတ်နိုင်ပဲနဲ့ ဆရာတော်ကိုတော့ အလွယ်တကူဖမ်းတယ် ဆိုတာမဖြစ်သင့်ဘူး။ ပြသနာရှိရင် အဖြေရှိရမယ်။ ငြိမ်းချမ်းတဲ့ နည်းဖြေရှင်းလို့ရတဲ့နည်း မရှိဘူးလား။ အခု ဖမ်းတဲ့ ဆီးတဲ့ သူတွေကို မေးမယ်။ လုပ်စရာရှိတာ လုပ်မယ်" ဟု မိန့်ကြားသည်။
ရေပူကျောင်းဆရာတော်သည် မိုးကုတ်မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပရဟိတ လုပ်ငန်းများလုပ်ကာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် လုပ်ဆောင်နေပြီး ၂၀၀၇ ရွှေဝါရောင်တွင် မိုးကုတ်မြို့၌ ဦးဆောင်ခဲ့သော ဆရာတော် တစ်ပါးဖြစ်သည်ဟုလည်း ကိုစိုးဌေးက ပြောသည်။
ရေပူဆရာတော်သည် မိုးကုတ်မြို့၏ အထင်ကရ မိုးကုတ်အင်းကို ပြန်လည်တူးဖေါ်သန့်ရှင်းစေရန်နှင့် အဆိုပါ အင်းအတွင် အဆောက်အဦးများ တည်ဆောက်နေမှုများအားလည်း ဦးဆောင်ကန့်ကွက်ခဲ့သော ဆရာတော် တစ်ပါးဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment