Friday, September 19, 2014

ဗိုလ်တိုက်ဂါး ထုတ်ပြန်ချက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုနှင့် သက်ဆိုင်ခြင်းမရှိဟု ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ်အတွင်း တပ်မတော်သားများ လက်နက်ကိုင် သွားလာခြင်း လုံးဝမပြုလုပ်ရန် အပြင်းအထန် တားမြစ်ကြောင်းနှင့် အရေးကြီးကိစ္စဖြင့် သွားလာရမည် ဆိုပါက ဗိုလ်မှူးကြီးတိုက်ဂါးထံမှ ခွင့်ပြုချက်ယူရမည် ဆိုသော ထုတ်ပြန်ချက်မှာ ဗိုလ်တိုက်ဂါး၏ မိခင် အဖွဲ့အစည်းဖြစ်သော KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ) နှင့် မသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုလိုက်သည်။

မြဝတီမြို့အတွင်း စက်တင်ဘာလ ဒုတိယပတ်အတွင်း ထိုင်းကုန်သည် အချို့နှင့် ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးတိုက်ဂါးတို့ ပြဿနာဖြစ်ပွားရာမှ တစ်ဆင့် မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးအဖွဲ့များ လက်နက်ကိုင်ဆောင်၍ သွားလာခြင်းမပြုရန် တားမြစ်ခဲ့သဖြင့် အဆိုပါ တားမြစ်မှုအပေါ် ဗိုလ်မှူးကြီးတိုက်ဂါးက တန်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးတိုက်ဂါး၏ အဆိုပါ ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေးကောင်စီ ဗဟိုကော်မတီဝင်များ၏ ခွင့်ပြုလမ်းညွှန်ချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သဖြင့် ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချုပ်နှင့် လုံးဝမသက်ဆိုင်ကြောင်း ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် လက်မှတ်ရေးထိုး၍ ကရင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးသို့ စက်တင်ဘာလ ၁၈ ရက်နေ့က အကြောင်းကြား ပြောဆိုထားသည်။
“ဒီကိစ္စက မကြီးကျယ်ဘူးလို့ ထင်နိုင်ပေမယ့် အကျယ်အကျယ် ဖြစ်ပြီး ငြိမ်းချမ်းရေးကိစ္စကို ထိခိုက်လာနိုင်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။
ထိုင်းနယ်စပ်ရှိ မြန်မာများကို ထိုင်းရဲများက အနိုင်ကျင့် အရေးယူမှုများကြောင့် ပြန်လည် လက်စားချေသောအားဖြင့် ထိုင်းကုန်တင်ယာဉ်များကို မြဝတီမြို့တွင် လက်နက်ကိုင်အင်အားဖြင့် ပိတ်ဆို့တားဆီးခဲ့သော ဗိုလ်မှူးကြီးတိုက်ဂါး၏ လုပ်ရပ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာအချို့ ပေါ်ပေါက်စေကြောင်း၊ အဆိုပါ ဖြစ်ရပ်အတွက် နှစ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်များ ချက်ချင်းညှိနှိုင်း ဖြေရှင်းသင့်ကြောင်း ငြိမ်းချမ်းရေးလေ့လာသူ အချို့က သုံးသပ် ပြောကြားသည်။
KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ) မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်၍ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကော့ကရိတ်ခရိုင် ထို့ကော်ကိုး ဒေသတွင် ဌာနချုပ် တည်ရှိသည်။
Credit - The Voice Weekly

No comments:

Post a Comment