Sunday, September 14, 2014

ပုဗ္ဗာစရိယ မိနဲ့ဖ

Written by - ဒေါက်တာဖြိုးသီဟ
လူတစ်ယောက်ရဲ့ဘ၀နဲ့ စိတ်ဓာတ်ကို လွှမ်းမိုးတာ နှစ်ခုရှိတယ်။ တစ်ခုက မွေးရာပါဗီဇ၊ နောက်တစ်ခုက ပတ်ဝန်းကျင်။ အဲ့ဒီပတ်ဝန်းကျင်ကိုမှ ထပ်ခွဲရရင်တော့ မိဘပါမယ်။ ဆရာတွေပါမယ်။ သူကြီးပြင်းရှင်သန်ရာ ဘေးပတ်ဝန်းကျင်က လူတွေပါမယ်၊ နောက်ပြီး သူဖတ်တဲ့၊ မှတ်တဲ့ စာအုပ်တွေ ပါမယ်။ အဲဒီနှစ်ခုမှာမှ ပတ်ဝန်းကျင်က ပိုပြီးအရေးပါတယ်လို့ ဆိုကြတယ်။ အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါအရည်အချင်း ပြည့်ဝသူတွေတဲ့။ ခုတော့ မဟုတ်တော့ဘူး၊ Leaders are made ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ လေ့ကျင့်ယူလို့ရတယ်ဆိုပြီး
လက်ခံလာကြပြီ။ အဲဒီလို လူတစ်ယောက်ရဲ့ အရည်အသွေးကို လွှမ်းမိုးနိုင်တဲ့ ပတ်ဝန်းကျင်မှာမှ မိဘက အရေးကြီးဆုံးပါပဲ။ ဒါ့ကြောင့်လည်း ‘လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနဲ့ဖ’ ဆိုပြီးတော့ ပြောလေ့ရှိကြတာ။
ကျွန်တော်တို့နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့အောက်မှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခံခဲ့ရတယ်။ ဆုံးရှုံးနစ်နာမှုတွေဆိုတာလည်း မနည်းဘူး။ ဒီစနစ်ကို တိုက်ဖျက်ဖို့ ပေးခဲ့ရတဲ့ အသက်တွေ၊ စတေးခဲ့ရတဲ့ အရာတွေဆိုတာလည်း ပြောပြလို့တောင် မရဘူး။ အဲဒီစနစ်ရဲ့ အဆိုးတကာ့အဆိုးဆုံး အကျိုးဆက်တစ်ခုကတော့ ကျွန်တော်တို့တွေပါ ဒီမိုကရေစီဆိုတဲ့ အလေ့အကျင့်တွေနဲ့ ဝေးကွာကုန်ပြီး ကိုယ်တိုင်ပါ အာဏာရှင်တွေ ဖြစ်မှန်းမသိ ဖြစ်ကုန်တော့တာပါပဲ။ ဆရာက တပည့်ကို၊ မိဘက သားသမီးကို၊ ဘုန်းကြီးကကျောင်းသားကို အာဏာရှင်ဆန်ဆန်ပဲ ဆက်ဆံကြ၊ ထိန်းသိမ်းကြ၊ အုပ်ချုပ်ကြတယ်။ စောဒကတက်ရင် မကြိုက်ဘူး။ မိဘကပြောလိုက်ရင် တစ်ခွန်းပဲဆိုတာကို ဂုဏ်ယူစရာတစ်ခုလို သဘောထားကြတယ်။ ကျွန်တော်တို့တွေဟာ အဲ့ဒီလို အာဏာရှင်တွေရဲ့လက်အောက်မှာ အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြရတယ်။ အဲဒီတော့ နည်းနည်းလေးမှ မလွတ်လပ်လိုက်နဲ့ အဲဒီလွတ်လပ်ခွင့်ကို အလွန်အကျွံ အသုံးချကြတယ်။ ကိုယ်ပိုင်အသိစိတ် အားနည်းလာတယ်။ သူများထုတ်တဲ့ စည်းကမ်းတွေကြားမှာပဲ တင်းကျပ်စွာ ရှင်သန်ခဲ့ရတော့ ကိုယ်ပိုင်စည်းကမ်းရယ်လို့ မရှိတော့ဘူး။ လွတ်ရင်လုပ်မယ် မလွတ်ရင်မလုပ်ဘူးဆိုတာက ကျွန်တော်တို့အတွက် မွေးရာပါ အသိတစ်ခုလို ဖြစ်လာတယ်။ Autocratic Style က အကြောက်တရားနဲ့ အမိန့်နာခံမှုကို အခြေပြုတယ်။ Democratic Style ကတော့ လူရဲ့အသိစိတ်ဓာတ်ကို အခြေပြုတယ်။ ဒီတော့ ဒီစနစ်ကို အားကောင်းစေချင်ရင် ကျွန်တော်တို့တွေ ကိုယ်ပိုင်အသိစိတ်နဲ့ အလုပ်လုပ်တတ်အောင် ကြိုးစားကြရမယ်။
ကျွန်တော့်ဆေးခန်းမှာ ၉ နာရီထက် နောက်ကျပြီးမှ ရောက်လာတဲ့သူ ပိုက်ဆံ ၅၀၀ ပေးရမယ်ဆိုတဲ့အချိန်က ဘယ်သူမှ နောက်မကျကြဘူး။ အချိန်တစ်ခုကြာလာလို့ အဲ့ဒါကို မလုပ်တော့တဲ့ အခါလည်းကျရော အိမ်ကဘာဖြစ်လို့၊ လမ်းမှာဘာဖြစ်လို့စတဲ့ အကြောင်းပြချက်တွေ ကိုယ်စီပေါ်လာတော့တယ်။ လုပ်ရင်လုပ်၊ မလုပ်ရင် အပြစ်တစ်ခုခု ပေးမယ်ဆိုမှပဲ လုပ်တတ်ကြတော့တယ်။ ဘာလို့လဲ၊ ကျွန်တော်တို့တွေက ကိုယ်ပိုင်အသိစိတ်နဲ့ ရယူရမယ့် လွတ်လပ်ခွင့်နဲ့မှ အသားမကျသေးဘဲကိုး။ အိုးမဖုတ်ခင် အိုးလုပ်စဉ်မှာကတည်းက တံဆိပ်နှိပ်ထားလိုက်မှ မြဲမြံတတ်တာမဟုတ်လား။ ခုမှ ကျွန်တော်တို့ကိုယ်ပေါ် လာနှိပ်တဲ့ တံဆိပ်တွေက ထင်သလောက်တော့ မခိုင်မာနိုင်တော့ဘူးလေ။
ကျွန်တော် လမ်းလျှောက်တတ်စ အရွယ်ကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ပထမဆုရဖူးတယ်။ အဲ့ဒီတုန်းက လမ်းလျှောက်တတ်စအရွယ် ကလေးတွေကို ပြိုင်ပွဲလုပ်တယ်၊ ဒိုင်လူကြီးက ခရာမှုတ်လိုက်ပေမယ့် ဘယ်ကလေးကမှ မပြေးကြဘူး။ ဒီအရွယ်လေးတွေဆိုတော့လည်း အပြေးပြိုင်ပွဲတွေဘာတွေ ဘယ်သိမလဲ၊ အမေနားပဲ ကပ်နေကြတာပေါ့။ အမေတွေကတော့ သားလေးပြေး၊ သမီးလေးပြေးလေဆိုပြီး အားပေးနေကြတယ်။ ဒါပေမဲ့ ဘယ်ကလေးကမှ မပြေးဘူး။ ကျွန်တော်လည်း အတူတူပဲ၊ မပြေးဘူး။ အမေနားမှာပဲ ကပ်နေတယ်။ အဲဒီမှာတင် ကျွန်တော့်အမေက ဖျတ်ခနဲ စိတ်ကူးရလိုက်ပြီး ပန်းဝင်ရမယ့်နေရာနားကို အပြေးသွားလိုက်တယ်။ ပြီးတော့မှ အဲဒီနေရာကနေ ကျွန်တော့်ကို လှမ်းခေါ်လိုက်တော့ ကျွန်တော်လည်း ဘာမှန်းညာမှန်းမသိ အမေ့ဆီကို အပြေးသွားလိုက်တာပေါ့။ အဲဒီမှာတင် ပန်းဝင်သွားပြီး ပထမဆုရတော့တာပါပဲ။
ကျွန်တော့်အသိ အန်တီကြီးတစ်ယောက်ကတော့ သူ့သားကို ပညာသိပ်တတ်စေချင်တယ်။ စာမေးပွဲတိုင်းမှာ အဆင့်တစ်ရမှ ကြိုက်တယ်။ အဆင့်နည်းနည်းကျတာနဲ့ ရိုက်တော့တာပဲ။ ကြီးလာတော့လည်း ဆရာဝန်လိုင်းပဲ လျှောက်ခိုင်းတယ်။ သူ့သားကတော့ တစ်စက်လေးမှတောင် ၀ါသနာမပါဘူး။ တကယ်တော့ Educate ဆိုတဲ့စကားလုံးက လက်တင်စကားဖြစ်တဲ့ Educouae လာတာပါ။ To educe, to draw out, to develop from within လို့ အဓိပ္ပာယ်ရပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ အရည်အသွေးတွေကို အရောင်တင်ပေးခြင်း၊ ဖော်ထုတ်ပေးခြင်းပေါ့။ မိဘအလိုကျ ပုံသွင်းခြင်းကို Education လို့ ခေါ်တာမဟုတ်ပါဘူး။
ရွာတစ်ရွာကိုရောက်တော့ အမျိုးသမီးတစ်ယောက်က ပြောတယ်။ ကိုယ့်ယောကျာ်းနဲ့ကိုယ်က ကလေးဘယ်နှယောက်မွေးမွေး ပြဿနာမရှိဘူး။ ဒီဆေးတွေသောက်၊ ဒီပစ္စည်းတွေသုံးလို့ ရောဂါဖြစ်မှ ပိုက်ဆံကုန်နေပါဦးမယ်တဲ့။ အရင်ကတော့ ဒီလိုတွေကြားလိုက်ရင် စိတ်ထဲသိပ်မရှိဘူး။ ဒါပေမဲ့ တခြားကလေးတွေ ကျောင်းဝတ်စုံကိုယ်စီနဲ့ ကျောင်းသွားနေကြတာကို လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးရင်း အားကျတဲ့ သိမ်ငယ်တဲ့ အကြည့်တွေနဲ့ ငေးကြည့်နေကြရတဲ့ ကလေးတွေ၊ ပိုက်ဆံမပေးမချင်း အနားမှာ တွယ်ကပ်နေလို့ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲဆိုပြီး လူတွေက ပျစ်ပျစ်နှစ်နှစ်ပြောတာကို ခံရတဲ့ ဖိနပ်မပါဘဲ အရပ်တကာလည် တောင်းစားနေရတဲ့ ကလေးတွေ၊ သူတို့တွေကို မြင်ရတွေ့ရဖန် များလာတဲ့အခါမှာတော့ ခုနကစကားသံတွေကို ကျွန်တော် သည်းမခံနိုင်တော့ဘူး။ စိတ်တွေတိုလာတယ်။ ဒေါသတွေထွက်လာတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့ သယံဇာတ၊ တိုင်းပြည်ရဲ့ အနာဂတ်တဲ့။ ဒီကလေးတွေကို ကြည့်ရင်းနဲ့ ကျွန်တော်တဖြည်းဖြည်း သံသယ၀င်လာမိတယ်။ ဒီကလေးလေးတွေနဲ့ တည်ဆောက်ရမယ့် ငါတို့မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဘယ်လိုများပါလဲလို့လေ။
တချို့ကပြောတယ်။ ကလေးတွေကို မပေးနဲ့။ အကျင့်ပျက်တယ်တဲ့။ ပိုက်ဆံဆိုတာ ဒီလိုတောင်းတိုင်းရပါလား။ အလကားရတဲ့ အရာပါလားလို့ ထင်သွားမယ်တဲ့။ ဒါဆို မပေးဘဲနေလိုက်ရင်ရော အကျင့်တွေကောင်းလာကြမှာတဲ့လား။ တောင်းမရရင် ခိုးကြမယ်၊ လုကြမယ်၊ ကော်ရှူပြီး ထွက်ပေါက်ရှာကုန်ကြမယ်။ ကောင်းလာဖို့၊ ငွေတန်ဖိုးတွေ သိလာဖို့ကတော့ မလွယ်ဘူး။ တကယ်တော့ ကလေးဆိုတာ ရွေးချယ်ခွင့် မရခဲ့ရှာတဲ့သူတွေပါ။ ကံကြမ္မာက ပစ်ချလိုက်တဲ့ ဘ၀မှာပဲ ရှင်သန်နေကြရတဲ့သူတွေပါ။ ဆရာကြီးရွှေဥဒေါင်းပြောသလို ပြောရရင် သူတို့စိတ်လေးတွေမှာ ဆူးတွေပေါက်နေပြီ။ သူတို့ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် ဘာမဆိုလုပ်ရမယ်ဆိုတဲ့ အသိက ဘ၀က သင်ပေးထားလိုက်ပြီ။ ဒီလိုအချိန်မှာ သူတို့လိုနေတာ အနိုင်ကျင့်မှုတွေ၊ ၀ိုင်းဝန်းပစ်ပယ်မှုတွေ၊ လျစ်လျူ ရှုမှုတွေ မဟုတ်ပါဘူး။ သနားညှာတာမှုတွေ ကြင်နာမှုတွေကို သူတို့လိုအပ်နေတာပါ။ ဘယ်အရာမဆို မာနေတဲ့အချိန်မှာ လိုရာပုံသွင်းလို့ မရနိုင်ဘူး။ ပျော့ပျောင်းနူးညံ့လာအောင် အရင်လုပ်ရတယ်။ ဒါမှ လိုသလိုပုံသွင်းလို့ ရနိုင်တာပါ။
မဒမ်ကင်ပန်ဆိုတဲ့ အမျိုးသမီးကြီးကို နပိုလီယန်က မေးဖူးတယ်။ ပြင်သစ်လူငယ်တွေ တိုးတက်ဖို့အတွက် အလိုအပ်ဆုံးဟာ ဘာများလဲတဲ့။ အမျိုးသမီးကြီးက ပြန်ဖြေတယ်။ မိခင်ကောင်းတွေပါပဲရှင်တဲ့။ စကားတစ်ခွန်းတည်းနဲ့ အားလုံးပြီးပြည့်စုံသွားတာပါပဲလားလို့တောင် နပိုလီယန်က ရေရွတ်မိသွားတယ်။
ပြောကြတယ်။ ကလေးကောင်းမှ လူကြီးကောင်းမှာတဲ့။ အဲ့လို ကလေးတွေကောင်းဖို့ကလည်း လက်ရှိလူကြီးတွေ ကောင်းမှရပါမယ်။ ကလေးမွေးလိုက်ရုံနဲ့ မိဘဖြစ်သွားတာမဟုတ်ပါဘူး။ ကိုယ်မွေးလိုက်တဲ့ ကိုယ့်မျိုးဆက်သစ်ကို ကိုယ့်ထက်မသာတောင် ကိုယ့်အောက်တော့မကျရအောင် ပြုစုပျိုးထောင်နိုင်မှ မိဘမည်တာပါ၊ လက်ဦးဆရာ ဖြစ်ထိုက်တာပါ၊ နိုင်ငံသား တာဝန်ကျေတာပါ။
Credit - Eleven Media Group
လမ်းဆုံတစ်ခုတွင် တောင်းရမ်းစားသောက်နေသူ ကလေးငယ်အချို့အား တွေ့ရစဉ် - See more at: http://news-eleven.com/opinion/%E1%80%95%E1%80%AF%E1%80%97%E1%81%BA%E1%80%AC%E1%80%85%E1%80%9B%E1%80%AD%E1%80%9A-%E1%80%99%E1%80%AD%E1%80%94%E1%80%B2%E1%82%94%E1%80%96#sthash.fFXN7dPc.dpuf


လမ်းဆုံတစ်ခုတွင် တောင်းရမ်းစားသောက်နေသူ ကလေးငယ်အချို့အား တွေ့ရစဉ်
လမ်းဆုံတစ်ခုတွင် တောင်းရမ်းစားသောက်နေသူ ကလေးငယ်အချို့အား တွေ့ရစဉ် - See more at: http://news-eleven.com/opinion/%E1%80%95%E1%80%AF%E1%80%97%E1%81%BA%E1%80%AC%E1%80%85%E1%80%9B%E1%80%AD%E1%80%9A-%E1%80%99%E1%80%AD%E1%80%94%E1%80%B2%E1%82%94%E1%80%96#sthash.fFXN7dPc.dpuf

No comments:

Post a Comment