စာတွေ စဖတ်ခါစက ကွန်မြူနစ်စာပေတွေ အဖတ်များတာကြောင့် Dialectical
Materialism ဆိုတဲ့ စကားနဲ့ ရင်းနှီးခဲ့ဖူးပါတယ်။ ဆရာမြသန်းတင့်ရဲ့
‘အနုပဋိလောမ ရုပ်ဝါဒ’ ဆိုတဲ့ စာအုပ်ကြောင့် အဲဒီဝေါဟာရရဲ့
တစ္ဆေခြောက်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရတယ်။ ဆရာတွေရဲ့ အဓိပ္ပာယ်
ဖွင့်ဆိုချက်တွေကို အတိုချုံ့ပြီးတော့ ပြောရရင်တော့ ဒိုင်ယာလက်တစ်ဆိုတာ
မည်သည့် အကြောင်းအရာကိုမဆို ရှုမြင်ပုံ ရှုမြင်နည်း၊ သုံးသပ်ပုံ
သုံးသပ်နည်းလို့လည်း မှတ်သားခဲ့ရဖူးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့
ဒိုင်ယာလက်တစ် (Dialectic) ဆိုတာကို ‘ဆွေးနွေး ငြင်းခုံခြင်းမှသည်
အမှန်တရားကို ရှာဖွေခြင်းနည်း’ လို့လည်း နားလည် သဘောပေါက် ထားခဲ့တယ်။
Merrriam-Webster Dictionary မှာ “a method of examining and discussing
opposing ideas in order to find the truth” လို့ ဖွင့်ဆိုထားပြီး
အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီးရဲ့ နည်းစနစ်လို့လည်း ဆိုထားတော့
နှစ်ပေါင်းများစွာ ခေတ်မီနေသေးတဲ့ စနစ်တစ်ခုလို့လည်း ဆိုရမယ် ထင်ပါတယ်။
ကျွန်တော်က လူငယ်တွေကို ဒိုင်ယာလက် တစ်နည်းတွေနဲ့ ဘာကိုမဆို
ပိုင်းဖြတ်ဝေဖန် ဆင်ခြင်သုံးသပ် စေချင်တယ်။ ဟိုလူကပြောတယ်၊ ယုံလိုက်။
ဒီလူကဆိုတယ်၊ လက်ခံလိုက် ဆိုတာမျိုးကို မဖြစ်စေချင်ဘူး။ ဘယ်သူတွေက
ဘာတွေပြောပြော အပြုသဘောကိုလည်း လက်ခံ၊ အပျက်သဘောကိုလည်း ဆင်ခြင်၊ ကိုယ်မှန်
တယ်ထင်တာကိုယူ၊ မမှန်ဘူးထင်တာကို ပြန်ပြီး နှုတ်လှန်ထိုးနိုင်မှ
ပညာဆိုတာကို သိကြစေချင်တယ်။
ပုဂ္ဂိုလ်ယုံကြည်မှု၊ ကိုးကွယ်မှုတွေဆိုတာ
အန္တရာယ် ရှိကြောင်း လူငယ်တွေ နားလည်ကြစေချင်တယ်။ လူဆိုတာက ဖောက်ပြန်တတ်တဲ့
သဘောတွေ ရှိတာကြောင့် ပုဂ္ဂိုလ်ရဲ့ နောက်ကွယ်က သဘောတရားတွေကို မသုံးသပ်
မဆင်ခြင်တတ်ရင် အမှားကို အမှန်ထင်တတ်တယ်။ ဒါကြောင့် ဘယ်အရာမှ မမြဲတဲ့
သဘောတရားတွေကိုလည်း ဒိုင်ယာလက်တစ် နည်းတွေနဲ့ပဲ ဆင်ခြင်နိုင်ပါတယ်။
တစ်နည်းပြောရရင် ကိုယ်တိုင် ဆင်ခြင်နိုင်မှု နည်းနေရင်
ငြင်းခုံလိုက်စေချင်တယ်။
မြန်မာ့ ပညာရေးလောကမှာ ခုထက်ထိ
ဒိုင်ယာလက်တစ် နည်းတွေနဲ့ တွေးတော ဆင်ခြင်နိုင်အောင် သင်ခဲ့ကြတာ မဟုတ်တော့၊
ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ်တိုင် လျှောက်နိုင်အောင် လေ့ကျင့်ကြဖို့
လိုမယ်ထင်ပါတယ်။ ဒီလို လုပ်နိုင်အောင် စာဖတ်ကြရမယ်။ အချင်းချင်း အပြန်အလှန်
ဆွေးနွေးနိုင်ရမယ်။ ငြင်းခုံခြင်းကနေ အမှန်တရားကို ဖော်ထုတ်နိုင်တယ်
ဆိုတာတွေကို တွေ့မြင်လာအောင် လေ့ကျင့်ပေးရမယ်။ လူငယ်တွေ ကြားထဲမှာ
ငြင်းခုံခြင်း ဒဿနကို မွေ့လျော်အောင် ပြုစုပျိုးထောင်ဖို့ လိုပြီထင်ပါတယ်။
ပညာရှင် ဆိုကရေးတီးက “အမှန် တရား” ဆိုတာ အလွန်တန်ဖိုး မြင့်မားတယ်။
ရှာဖွေနည်း၊ ဆင်ခြင်နည်း၊ ယုတ္တိဗေဒနည်း၊ ဆွေးနွေး အဖြေရှာနည်းတွေနဲ့ပဲ
အမှန်တရားကို ဖော်ထုတ်နိုင်တယ်လို့ ဆိုတယ်။ အဲဒီနည်းတွေကို ဒိုင်ယာလက်
တစ်နည်းနဲ့သာ အဖြေရှာနိုင်မယ်လို့လည်း ဆိုထားတယ်။ ဒါကြောင့် သူ့ခေတ်က
ဈေးထဲမှာထိုင်ပြီး တွေ့သမျှ လူတွေကို ငြင်းခုံနေတာ လူငယ်တွေအတွက် သူက
ဟီးရိုးဖြစ်ပေမယ့်၊ လူကြီးတွေ အတွက်တော့ မျက်စိ စပါးမွေးစူးစရာ
ဖြစ်နေတာပေါ့။
ဖြစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ မှန်းဆ တွေးတောမှုတွေကို
ဆိုကရေးတီးက လက်မခံဘူး။ ဖြစ်တန်ရာ ရှိတယ် ဆိုတာထက် ဖြစ်နိုင်တာတွေကို
တည်ဆောက်ရင်းက အဖြေထုတ်နိုင်အောင် လုပ်တာ သူ့နည်းပဲ။ အဲဒီနည်းကိုပဲ
ဒိုင်ယာလက်တစ်လို့ ခေါ်တာ။
လူကြီး ဆိုတာက အစဉ်အလာ ဆိုတာကို စွဲမြဲစွာ
ခံယူထားတတ်တယ်။ အစွဲကြီးတယ်ပေါ့။ လူငယ်တွေကတော့ ပြုပြင် ပြောင်းလဲမှုတွေကို
သဘောကျတယ်။ ပုံသေ၊ တရားသေ သဘောတရားတွေကို လက်မခံတတ်ဘူး။ ဒါကြောင့်
ပြောင်းလဲမှုဆိုတိုင်း ခေါင်းထောင် ကြည့်တတ်တယ်။ ပြုပြင်ပြောင်းလဲမှုတွေကို
စူးစိုက်တယ်၊ ရင်ခုန်တယ်၊ လိုက်ပါ စီးမျောလေ့ ရှိတယ်။
ဆိုကရေးတီးဟာ
လူကြီးဖြစ်ပေမယ့် လူငယ်တွေကို မျက်စိဖွင့်ပေးတယ်။ တွေးတတ်အောင် လုပ်ပေးတယ်။
ငြင်းခုံတတ်အောင် သင်ပေးတယ်။ ဆင်ခြင်တတ်အောင် ညွှန်ပြပေးတယ်။ ဒီခေတ်မှာလည်း
လူငယ်တွေကို လေးစားတန်ဖိုးထားပြီး ဒိုင်ယာလက်တစ် ဖြစ်အောင်
ပျိုးထောင်ပေးတဲ့ ဆရာမျိုးတွေကို အများကြီး မျှော်လင့်မိတယ်။
အထူးသဖြင့်တော့ တက္ကသိုလ်တွေမှာ နှစ်ပေါင်းများစွာ နှုတ်ပိတ်ခြင်း ခံထားရတဲ့
ဒီဘိတ် (Debate) အလေ့အထတွေကို ပြန်လည် ပျိုးထောင် လမ်းဖွင့်ပေးဖို့
လိုပြီထင်ပါတယ်။
ခုတစ်လော အမျိုးသားပညာရေး ဥပဒေကြမ်းကို
မထောက်ခံဘူးဆိုတဲ့ စကားတွေကို ကြားနေရပါတယ်။ အစိုးရကလည်း သူပိုင်တဲ့မီဒီယာ၊
သူနိုင်တဲ့ ပညာရှင်တွေကို ပွဲထုတ်ပြီးတော့ သူတို့ ထုတ်ထားတဲ့ ဥပဒေကို
ဘယ်လောက် ကျိုးကြောင်း ခိုင်လုံတယ်ဆိုတာ တင်ပြဖို့ ကြိုးစားနေရုံမက၊ အတည်
မဖြစ်ဖြစ်အောင် တက္ကသိုလ်တွေကို လိုက်ပြီး ထောက်ခံခိုင်းနေတာ တွေ့ရတယ်။
ဒီလို လုပ်လိုက်မှ ကျောင်းသားတွေကို သွားဆွသလိုဖြစ်ပြီး ကန့်ကွက်
ဆန့်ကျင်မှုတွေကို ပိုပြီးတိုးပွားသွားစေတယ်။
ကန့်ကွက်သူတွေက
အမျိုးသားပညာရေး ဥပဒေ ရေးဆွဲသူတွေကို လက်မခံနိုင်ဘူး ဆိုတာကစတယ်။
ကျောင်းသားတွေကို ဆရာများ အစည်းအရုံးက မြှောက်မပေးပါဘူးလို့ ငြင်းချက်
ထုတ်ထားပေမယ့်၊ ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြနေကြတာကို ထောက်ခံတယ်ဆိုတဲ့
သတင်းတွေလည်း ကြားနေရတယ်။ ပညာရေး ဥပဒေကို လက်မခံနိုင်ကြောင်း ရှင်းပြကြဖို့
လိုမယ်ထင်ပါတယ်။ ဒီလို ရှင်းပြရာမှာလည်း ကျောင်းသားတွေ ဆရာတွေ ပါဝင်တဲ့
ဒီဘိတ်တစ်ခုနဲ့ ဆွေးနွေးငြင်းခုံခြင်း လုပ်ခိုင်းလိုက်ရင် သူတို့ဘာကို
မကျေနပ်တာလဲ၊ ငါတို့ ဘာကို ပြင်ရမလဲဆိုတာ ပိုပြီးတွေးတော ဆင်ခြင်နိုင်မယ်
ထင်တယ်။
အစိုးရအဖွဲ့နဲ့ အစိုးရ မီဒီယာတွေကနေ သူတို့ မွေးထားတဲ့
ပညာရှင် ဆိုသူတွေကို ဖိတ်ခေါ်ပြီး အမျိုးသားပညာရေး မူကြမ်း ကောင်းကြောင်းကို
ချီးမွမ်းခန်း ဖွင့်သလို၊ အမျိုးသားပညာရေး မူကြမ်းကို လက်မခံနိုင်ကြောင်း
အော်နေကြတဲ့ ကျောင်းသားတွေ၊ ဆရာတွေကိုလည်း ရုပ်သံမီဒီယာ တစ်ခုခုက
ဖိတ်ခေါ်ပြီး ဒိုင်ယာလက်တစ်နည်း မကျသည့် တိုင်အောင် ဒီဘိတ်
နည်းလောက်ဖြစ်ဖြစ် ဆွေးနွေးခိုင်မယ် ဆိုရင်တော့ အဖြေတစ်ခုခု
ရလာလိမ့်မယ်လို့ ထင်မိပါတယ်။
(တင်ညွန့်)
-------------------------------
ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice ၏ အာဘော် မဟုတ်ပါ။
Credit - The Voice Weekly
No comments:
Post a Comment