ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် ချယ်ရီဦးကုမ္ပဏီက တင်သွင်းသော နာရီ ၉၃၇ လုံးကို လေဆိပ်တွင် အသင့်ရောက်ရှိလျက် ရှိသည့် မိုဘိုင်းတင်းမ် အဖွဲ့ဝင်များက စစ်ဆေးကြရာ လိုင်စင်ဖော်ပြချက်နှင့် ကွဲလွဲကြောင်း တွေ့ရှိကြရသည်။ စစ်ဆေးမှု မပြီးပြတ်သေးချိန်တွင် ပြဿနာက စသည်။ အကောက်ခွန်ဦးစီးဌာန၊ ဒုအကောက်ခွန်မှူးက တစ်ဦးတည်း ဆန္ဒဖြင့် အဆိုပါ နာရီများကို လေဆိပ်မှ ထုတ်ယူခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အထက်ပါ အခြေအနေများကို ထုတ်ဖော်ပြောပြသူမှာ တရားမဝင် ကုန်သွယ်မှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ (မိုဘိုင်းတင်း) ကွပ်ကဲရေးမှူး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ဖြစ်သည်။ တစ်ဦးတည်းဆန္ဒဖြင့် ထုတ်ယူခွင့် ပြုခဲ့သောကြောင့် အကောက်ခွန်ဦးစီးဌာန၊ ဒုအကောက်ခွန်မှူး ဦးဖြိုးစံကို စစ်ဆေးရန်အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံသို့ တင်ပြထားသည်ဟု ဦးတင်ရဲဝင်းက ပြောကြားသည်။ “ဒီတစ်ခေါက်သွင်းတာ မဟုတ်ဘဲ ရှေ့အခေါက်တွေမှာလည်း အလားတူ ဖြစ်စဉ်မျိုး အများကြီး ရှိတယ်ထင်လို့ တင်ပြတာပါ။ ရှေ့မှာလည်း နာရီတွေ အများကြီး သွင်းသွားလိမ့်မယ်။ နို့မိုဆို အခုသွင်းတာအပေါ်ပဲ အာရုံစိုက်လိမ့်မယ်။ ဒီထက်ပိုကြီးမားတဲ့ သက်ရောက်မှု ရှိလိမ့်မယ်” ဟု ၎င်းကဆိုသည်။ မိုဘိုင်းတင်းမ်ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမိန့်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်အဆင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ စတင်ဖွဲ့စည်းချိန်က နယ်စပ်ဂိတ်ပေါက်များရှိ တရားမဝင် ကုန်သွယ်မှုများကို အတိုင်းအတာ တစ်ခုအထိ တားဆီးခဲ့သည်။ ဆိပ်ကမ်းများသည် မှောင်ခိုကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ရှိသောကြောင့် ယင်းလမ်းကြောင်းကို ပိတ်ရန် လိုအပ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း လွှတ်တော်တွင် ပြောကြားခဲ့သည်။ ထို့နောက်တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့ကို ပညာပေးကာလအဖြစ် လည်းကောင်း၊ သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ အရေးယူကာလအဖြစ် လည်းကောင်း သတ်မှတ်၍ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှုများကို တားဆီးခဲ့သည်။ ယခင်ကမူ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်များမှ တစ်ဆင့် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများကသာ စစ်ဆေးခြင်း ဖြစ်သည်။ ယခုအခါတွင်မူ မိုဘိုင်းတင်းမ်ကပါ အကောက်ခွန် ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ဝင်ရောက် စစ်ဆေးကြသည်။ မိုဘိုင်းတင်းမ် တာဝန်ရှိသူများကမူ အကောက်ခွန်ဦးစီးဌာန၏ လုပ်ပိုင်ခွင့်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဟု ဆိုသည်။ သို့သော်လည်း မီဒီယာများသို့ မှောင်ခိုဖမ်းဆီးရမိမှုများကို သတင်းထုတ်ပြန်လေ့ ရှိသည့် မိုဘိုင်းတင်းမ် အဖွဲ့ဝင်များကို စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းအထာနှင့် နှစ်ပေါင်းများစွာကြာ ကျင့်သားရ ရင်းနှီးနေသည့် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူအချို့က ပတ်သက်ချင်ဟန်မတူ။ အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ စစ်ဆေးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို မိုဘိုင်းတင်းမ်က ဝင်ရောက်စစ်ဆေးခြင်းနှင့် ပတ်သက်၍ ပြည်တွင်းပဲလောကမှ စီးပွားရေး လုပ်ငန်းရှင် ဦးမျိုးလွင်က ယခုကဲ့သို့ ထောက်ပြသည်။ “ရှင်းရှင်းပြောရရင် မိုဘိုင်းတင်းမ် ဆိုတာ သူ့ Custom ကို စိတ်မချလို့ သွားစစ်တာ။ Custom ကို စိတ်ချရင် ဘာသွားစစ်စရာ လိုလို့လဲ” ဟု ၎င်းကဆိုသည်။ ထို့ပြင် ဆိပ်ကမ်းများသို့ မိုဘိုင်းတင်းမ် စတင်စစ်ဆေးစဉ်က အဝါရောင် လမ်းကြောင်းတွင် ကျရောက်သည့် ကုန်သေတ္တာများ၏ X- rays ပုံရိပ်ဖြတ် မှတ်တမ်းများကို တောင်းယူကြည့်ရှုခဲ့သော်လည်း အကောက်ခွန် တာဝန်ရှိသူများက မိုဘိုင်တင်းမ် အဖွဲ့ဝင်များကို အဆိုပါပုံရိပ် မှတ်တမ်းအား ကြည့်ရှုခွင့် မပြုခဲ့ပေ။ မိုဘိုင်းတင်းမ် တာဝန်ရှိသူများကမူ X-rays ဖြတ် ကုန်သေတ္တာများအတွက် ထူးခြားချက် ရှိမရှိကို ၎င်းတို့ မသိရှိရဘဲ အကောက်ခွန် တာဝန်ရှိသူများက ထူးခြားမှု ရှိသည်ဟု အကြောင်းကြားမှသာပင် သိရှိရခြင်း ဖြစ်သောကြောင့် အဆိုပါ မှတ်တမ်းများကို ကြည့်ရူခွင့်ရရန် တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင်မူ အဆိုပါ ပုံရိပ်ဖြတ် မှတ်တမ်းများကို တောင်းယူကြည့်ရှုသည့် ကိစ္စမှာ အထမမြောက်ခဲ့ပေ။ မိုဘိုင်းတင်းမ်သည် အချို့သော ပုဂ္ဂိုလ်များ၏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ ညောင်ခါးရှည် မိုဘိုင်းတင်းမ် အဖွဲ့ဝင်များကို ကားဖြင့် ဝင်တိုက်ခြင်းကဲ့သို့ အန္တရာယ်ပြုခြင်းများ ရှိပြီး လောက်လေးခွဖြင့် ပစ်ခြင်းများလည်း ရှိသည်ဟု ၎င်းကဆိုသည်။ “ခုချိန်ထိတော့ လောက်လေးနဲ့ပဲ ပစ်သေးတယ်။ သေနတ်နဲ့ပစ်တာ မရှိသေးဘူး” ဟု စီးပွားရေး လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးဝင်းမြင့်က အရွှန်းဖောက်သည်။ ညောင်ခါးရှည် မိုဘိုင်းတင်းမ်တွင်ပင် ပြီးခဲ့သည့် နှစ်အတွင်း အကောက်ခွန် တာဝန်ရှိသူက မိုဘိုင်းတင်းမ်အဖွဲ့မှ တာဝန်ရှိသူကို ကိုယ်ထိလက်ရောက် ထိုးကြိတ်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။ မိုဘိုင်းတင်းမ်အဖွဲ့ လမ်းသစ်ဖောက် လုပ်ဆောင်မှုအပေါ် အမြင်မကြည်လင်သူ အချို့လည်း ရှိနေပြန်သည်။ လမ်းဟောင်းကို မစွန့်နိုင်သူနှင့် လမ်းသစ်ဖောက်သူအကြား အမြင်မတူ ဝိဝါဒကွဲပြားမှုက ရှိနေသည်မှာ မဆန်း။ မိုဘိုင်းတင်းမ် မှောင်ခိုစစ်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် ကုန်ပစ္စည်း ထုတ်ယူရာ၌ ကြန့်ကြာမှုများ ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြစ်တင်ကြသည်။ အကြောင်းမှာ မိုဘိုင်းတင်းမ်သည် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် စသည့် မည်သည့်လမ်းကြောင်းမှ ဖြတ်သန်းထားသည့် ကုန်သေတ္တာမဆို သံသယ ရှိသည်ဟု ယူဆပါက အကောက်ခွန်ဦးစီးဌာနနှင့် ကင်းလွတ်သည့် ဆူးလေသိုလှောင်ရုံသို့ သယ်ဆောင်၍ ဖွင့်ဖောက် စစ်ဆေးခြင်းကြောင့် ဖြစ်သည်။ ဆိပ်ကမ်းအေးဂျင့် အချို့ကလည်း မိုဘိုင်းတင်းမ် အဖွဲ့ဝင်များသည် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများကဲ့သို့ လုပ်ငန်းကျွမ်းကျင်မှု မရှိဟု ဆိုသည်။ သို့သော်လည်း မိုဘိုင်တင်းမ်၏ လုပ်ငန်းအခြေအနေကို စောင့်ကြည့်နေသူများ ရှိသည်ဟု မိုဘိုင်းတင်းအဖွဲ့ ကွပ်ကဲမှု တာဝန်ခံ ဦးတင်ရဲဝင်းက ဆိုသည်။ မိုဘိုင်းတင်းမ်က အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် မှောင်ခိုဖမ်းဆီးမှု စတင်ချိန်တွင် တရားမဝင် ပစ္စည်းများ တင်သွင်းသော လုပ်ငန်းရှင်ကြီးများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ဆိပ်ကမ်းများမှ ထုတ်ယူရန် အခြေအနေကို စောင့်ကြည့်လျက် ရှိသည်။ အဆိုပါ လုပ်ငန်းရှင်ကြီးများတွင် နာမည်ကျော် လုပ်ငန်းရှင်များနှင့် ယခင်အစိုးရ လက်ထက်တွင် တာဝန်ကြီးများ ရယူခဲ့သူများ၏ ဆွေမျိုးများ၊ သားသမီးများနှင့် မိတ်ဆွေများလည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။ ပြီးခဲ့သည့် လပိုင်းအတွင်းက လက်ရှိ ပြည်ထောင်စုဝန်ကြီး တစ်ဦးနှင့် ဆက်စပ်သည့် ပုဂ္ဂိုလ်များ တင်သွင်းလာသည့် တရားမဝင် ကုန်ပစ္စည်းများကို မိုဘိုင်းတင်းမ်က ဖမ်းဆီးရမိခဲ့သော်လည်း ပြန်လည်လွှတ်ပေးခဲ့ရခြင်းများ ရှိသည်ဟု အေးဂျင့် အသိုင်းအဝိုင်းကြား စကားသံတို့ ထွက်ပေါ်လျက် ရှိသည်။ ယင်းသတင်းနှင့် ပတ်သက်၍ အေဂျင့် လုပ်ငန်းများထံ စုံစမ်းခဲ့သော်လည်း သီးခြား အတည်ပြုပေးလိုသူ တစ်ဦးမျှ မရှိခဲ့။ မိုဘိုင်းတင်းမ်တွင် မည်သည့် လုပ်ပိုင်ခွင့် အာဏာမှ မရှိဟု City Mart ကိစ္စကို ထောက်ပြ ပြက်ရယ်ပြုလိုကြသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့လည်း ရှိနေပြန်သည်။ နာမည်ကျော် လက်လီအရောင်းဆိုင် City Mart ပိုင် အရက်၊ ဘီယာနှင့် ဝိုင်များကို မိုဘိုင်းတင်းမ်က ဖမ်းဆီးရမိခဲ့ပြီး ဥပဒေကြောင်းအရ ရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း လက်ရှိအချိန်အထိ စစ်ဆေးဆဲ အဆင့်တွင်သာ မျောနေခဲ့သည်။ ယင်းကိစ္စ နောက်ပိုင်းတွင်မူ မိုဘိုင်းတင်းမ်၏ ရန်ကုန်မြို့တွင်း သိုလှောင်ရုံများကို တရားမဝင် ကုန်ပစ္စည်း ရှာဖွေမှု ရပ်တန့်သွားခဲ့ရသည်မှာ လုပ်ငန်းရှင်ကြီးများ၏ လက်ချက်နှင့် မကင်းဟူ၍ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဝေဖန်ခဲ့ကြသည်။ ယခုအချိန်ထိ ရန်ကုန်မြို့တွင်း တရားမဝင် အရက်၊ ဘီယာ၊ ဝိုင်များ ဖမ်းဆီးရမိသည့် အမှုငါးမှုအတွက် ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း သက်ဆိုင်ရာ ရဲစခန်းနှင့် တရားရုံးတို့က အမှုပြီးပြတ်အောင် လုပ်ဆောင်ခြင်း မရှိသေးချေ။ တစ်ဖက်တွင်လည်း မိုဘိုင်းတင်းမ် ဝင်ရောက်စစ်ဆေးမှုကြောင့် တရားမဝင် ကုန်ပစ္စည်း ပါဝင်သည့် ကုန်သေတ္တာများကို ထုတ်ပေးလိုသည့် အေးဂျင့်များ ရှားပါးလာသည်ဟု ဆိပ်ကမ်း အေးဂျင့်တစ်ဦးဖြစ်သူ ဦးရဲကြီးက ဆိုသည်။ တရားမဝင် ကုန်ပစ္စည်းကြောင့် ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် ဆိပ်ကမ်းအေးဂျင့်နှင့် ကုန်ပစ္စည်းပိုင်ရှင် ကုမ္ပဏီအကြား နှစ်ဖက်သဘောတူညီချက်များ ပြုလုပ်ထားရသည်ဟု ၎င်းက ရှင်းပြသည်။ “အထဲမှာ ဘာပါလဲဆိုတာ ဖွင့်ကြည့်မှ သိရတာ။ ဒါ့ကြောင့် ကုမ္ပဏီတွေဆီကနေ အာမခံချက် တောင်းရတယ်။ အမှားပါ၊ အပိုပါရင်၊ သွင်းကုန်လိုင်စင်နဲ့ လွဲရင် အေးဂျင့်လိုင်စင်ကို သုံးလကနေ ခြောက်လအထိ အပိတ်ခံရမှာ” ဟု ဆိပ်ကမ်း အေးဂျင့်တစ်ဦးဖြစ်သူ ဦးရဲကြီးက ဆိုသည်။ အမှန်တကယ်တွင်မူ တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းလာပါက စိစစ်ကြပ်မတ်ရမည့် ဌာနမှာ အကောက်ခွန်ဦးစီးဌာန ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အကောက်ခွန် ဦးစီးဌာနသည် ပြည်သူများအကြား နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ယခုကဲ့သို့ မိုဘိုင်းတင်းမ်က မှောင်ခိုပစ္စည်းများကို စစ်ဆေးရသည့် ကာလတွင် အကောက်ခွန် ဦးစီးဌာနနှင့် မိုဘိုင်းတင်းမ်အကြား မပြေလည်မှုများ ရှိလာရသည်။ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးလွင်က အောက်ပါအတိုင်း မှတ်ချက်ပြုသည်။ “တကယ့်ပြဿနာက Custom (အကောက်ခွန်) နဲ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်ပဲ။ သူတို့က ပြောလိုက်ရင် အကုန်ကောင်းတယ်။ နောက်ပြီးကျရင် အရင်အတိုင်းပဲ။ မလုပ်၊ မရှုပ်၊ မပြုတ်တွေပေါ့” ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနသာ များသော်လည်း ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်မှုများ အားနည်းလျက် ရှိသည်ဟု ဝေဖန်ထောက်ပြသူများက ဆိုသည်။ ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ရုပ်သံများက တိုက်ရိုက်ပြချိန်တွင်ပင် မြို့နယ်အချို့ရှိ လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်ခဲ့ရသည်က ထင်ရှားသည့် သာဓက ဖြစ်သည်။ ချယ်ရီဦးက စတင်သည့် ဝန်ကြီးဌာန နှစ်ခုအကြား လုပ်ထုံးလုပ်နည်း ကွဲပြားမှုမရှိခြင်းက မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများ၏ အားနည်းချက်ကို ဖော်ပြလျက်ရှိသည်။ သည်အချက်ကို သာမန် လုပ်ထုံးလုပ်နည်း လွဲမှားခြင်းဟု သဘောထား၍ မရပေ။ မည်ကဲ့သို့သော ညှိနှိုင်းမှုဖြင့် ဝန်ကြီးဌာနများအကြား လုပ်ထုံး လုပ်နည်းဆိုင်ရာ အပေးအယူ မမျှသည့် ပြဿနာ ဖြေရှင်းမည် ဆိုသည်ကို အဖြေရှာသင့်ပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် ချယ်ရီဦးက စတင်လိုက်သော မိုဘိုင်းတင်းမ်နှင့် အကောက် ခွန်ဦးစီးဌာနအကြား လုပ်ထုံးလုပ်နည်းဆိုင်ရာ အငြင်းပွားမှုကို မည်သို့ ညှိနှိုင်းမည်နည်း။ မိုဘိုင်းတင်းမ်နှင့် အကောက်ခွန် ဦးစီးဌာနအကြား သို့တည်းမဟုတ် ချယ်ရီဦးနှင့် ဌာနဆိုင်ရာများ အကြားလော။ ဖြေရှင်းနည်းက မည်သို့နည်းဟု စောင့်ကြည့်ရဦးမည်သာ။
Credit - The Voice

No comments:
Post a Comment