Saturday, September 20, 2014

နမ့်ခမ်းမြို့တွင် ဗုံးပေါက်ကွဲ၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ဘေးရှိ မြို့နယ်အထောက်အကူပြု ဒုတိယဥက္ကဌ ဦးစိုင်းအောင်ဝင်း၏ အိမ်ရှေ့တွင် စက်တင်ဘာလ ၁၈ ရက် ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သူ ဦးစိုင်းအောင်ဝင်း၏ အိမ်ရှေ့တွင် ဆိုင်ကယ် စီးနင်းလာသော အမျိုးသားနှစ်ဦးက လက်လုပ်ဗုံး တစ်လုံးကို ပစ်ပေါက် ဖောက်ခွဲခဲ့ကြောင်း၊ ယင်းကြောင့် ၎င်း၏ ယောက်ဖဖြစ်သူ ဦးစိုင်းညွန့်မောင်၏ ဝမ်းဗိုက်၊ လည်ပင်း၊ ပါးနှင့် ပေါင်တို့တွင် ဗုံးဆန် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် နမ့်ခမ်းဆေးရုံသို့ တင်ပို့ကုသထားကြောင်း၊ ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“တံခါးမကြီးကို ခဲနဲ့ထုလိုက်သံလို ကြားလို့ ယောက်ဖက ထွက်ကြည့်တုန်း ဗုံးက ထပေါက်ကွဲပြီး သူ့ကိုထိတာ၊ မလိုသူတစ်စုက လုပ်ကြံတယ်ဆိုတာ ခန့်မှန်းမိပေမယ့် သက်သေအထောက်အထား ခိုင်လုံအောင် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းနေတယ်” ဟု မြို့နယ်အထောက်အကူပြု ဒုတိယဥက္ကဌ အိမ်ရှင် ဦးစိုင်းအောင်ဝင်းက ရှင်းပြသည်။
စက်တင်ဘာလ ၅ ရက်နေ့က ပန်ခါးကျေးရွာဘက်မှာ သတ္ထုတူးဖော်ရေး လုပ်ငန်းကြောင့် ချောင်းတိမ်ကောပြီး လယ်မြေများ ရေနစ်မြုပ်ခဲ့သဖြင့် ကျေးရွာခြောက်ရွာမှ လယ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ နစ်နာနေသူ ပြည်သူ့ဘက်တွင် ရပ်တည်ကာ သတ္ထုတူးဖော်ရေးကို ရပ်ဆိုင်းပေးရန် ဦးဆောင် လှုပ်ရှားခဲ့သည့်အပေါ် မကျေနပ်သူများလည်း ရှိသောကြောင့် ယခု ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်နိုင်သည်ဟု ယူဆရကြောင်း ဦးစိုင်းအောင်ဝင်းက ပြောကြားသည်။
အဆိုပါ သတ္ထုတူးဖော်ရေး လုပ်ငန်းကို ယာယီရပ်ဆိုင်းရန် ခရိုင်အုပ်ချုပ်ရေးမှူးက ကြေညာချက် ထုတ်ပြန်ပြီး ဆယ်ရက်အကြာတွင် မြို့နယ်အုပ်ချုပ်ရေး အထောက်အကူပြု ဒုတိယဥက္ကဌ ဦးစိုင်းအောင်ဝင်း နေအိမ်အရှေ့တွင် လက်လုပ်ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“အခု ပေါက်ကွဲခဲ့တဲ့ ဗုံးကို ကျွမ်းကျင်သူက စစ်ဆေးချက်တွေအရ သတ္ထုတူးဖော်ရေး လုပ်ငန်းမှာ အသုံးပြုတဲ့ မိုင်းအမျိုးအစားကို သုံးတယ်လို့ သိရတယ်။ ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံဖို့ သက်ဆိုင်ရာက လုံခြုံရေးကို ထပ်တိုးပေးစေချင်တယ်” ဟု နောင်စန့်ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ် ဆင်ဝင်အောက်ရှိ သွပ်အမိုးမှာ ပေါက်ထွက်သွားပြီး အိမ်နံရံ ကြွေပြားများ ပဲ့ထွက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသည့် မြေတွင် အကျယ်တစ်ပေခွဲ၊ အနက် သုံးလက်မခန့်ရှိ ချိုင့်ခွက်ဖြစ်ခဲ့ကြောင်း၊ ယင်းဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်သူများကို ဖမ်းမိနိုင်ရန် အပူတပြင်း စုံစမ်းလျက် ရှိကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဇော်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ်က နမ့်ခမ်းမြို့နယ်တွင် လက်လုပ်ဗုံး ၅ ကြိမ် ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့ကြောင်း၊ ယခုဖြစ်ပွားသော ဗုံးပေါက်ကွဲမှုမှာ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး ဖြစ်ကြောင်း၊ နယ်မြေအတွင်း အစိုးရ အဖွဲ့အစည်း အပြင် တအာင်းလက်နက်ကိုင် အဖွဲ့အစည်း၊ KIA လက်နက်ကိုင် အဖွဲ့အစည်းနှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိပြီး နယ်မြေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှ နေ့ည လှည့်ကင်းများ ဆောင်ရွက်ပေးနေကြောင်း၊ သို့သော် လျှပ်စစ်မီး မရရှိသည်မှာ တစ်ပတ်ကျော် ကြာမြင့်နေသောကြောင့် မသမာသူ တစ်စုက ညပိုင်းများတွင် ဆက်လက် လုပ်ဆောင်မည်ကို မြို့ခံများက စိုးရိမ်နေကြသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ မြဝတီ ချစ်ကြည်ရေးတံတား အနီးတွင် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက ချိန်ကိုက်မိုင်း တစ်လုံးနှင့် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် မြဝတီမြို့နယ် တရားရုံးအရှေ့တွင် ချိန်ကိုက်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့သည်။
Credit - The Voice Weekly

No comments:

Post a Comment