Tuesday, September 16, 2014

ပီအာရ် အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း

ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်နေရသော ယခုကဲ့သို့ အချိန်အခါတွင် နိုင်ငံအတွက် အခြားအရေးတကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများမှာ သင့်လျော်မှုမရှိသော လုပ်ဆောင်ချက်များဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသော စာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

ယခုလ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပ ပြုလုပ်သော ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား၌ အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်က စာတမ်းတစ်စောင် တင်သွင်းခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်းရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် ယနေ့အချိန်အခါကို အခွင့်ကောင်းယူကာ  ယခုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး အချိုးကျ ကိုယ်စားပြုစနစ် PR ကဲ့သို့သော ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ကိစ္စရပ်များသည် ပြည်သူများ၏ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သော ကိစ္စဖြစ်ကြောင်း ယင်းစာတမ်းတွင် ဖော်ပြထားသည်။
အဆိုပါ အခမ်းအနားသို့ လွှတ်တော်တွင်း ရောက်ရှိနေသည့် နိုင်ငံရေးပါတီ ၁၈ ခုမှ စာတမ်း ၁၈ စောင် တင်သွင်းခဲ့ကာ ကျောင်းသားလူငယ်များ၏ စာတမ်း၊ ပြည်သူလူထုကိုယ်စားပြု ကိုယ်စားလှယ်၏ စာတမ်းများ အပါအ၀င် စာတမ်း ၁၈ စောင် တင်သွင်းခဲ့သည်။
‘‘ဒီစာတမ်းတွေက တင်ပြီး ပြီးသွားမှာတော့ မဟုတ်ပါဘူး။ တင်တဲ့အထဲမှာ ကောင်းနိုးရာရာ အချက်တွေကို ရွေးထုတ်ပြီး လွှတ်တော်အနေနဲ့ ဆက်လုပ်သင့်တာ လုပ်သွားမှာပါ။ ပါတီတွေအနေနဲ့ကလည်း သူတို့ရဲ့ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြတာဖြစ်တဲ့အတွက် ဆက်ပြီးတော့ ဆောင်ရွက်နေကြမှာပါ’’ ဟု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးက 7Day ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်မှ ဦးဆောင်၍ အဆိုပါ အခမ်းအနားကို ကျင်းပခဲ့သည်မှာ လေးကြိမ် ရှိပြီဖြစ်ပြီး ယခုနှစ် အခမ်းအနားသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း စာတမ်းတင်သွင်းမှု မပြုခဲ့ခြင်းအတွက် မေးမြန်းမှုအပေါ် ဦးဌေးဦးက မိမိတို့ကော်မတီ၏ ဆုံးဖြတ်ချက်အရ တင်သွင်းမှုမပြုစေရန် ဆုံးဖြတ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။
Credit - 7DAY DAILY 

 
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များကမေးမြန်းနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)

No comments:

Post a Comment