Friday, September 19, 2014

အကောင်းဘက်မှာပါ အကောင်းဆုံးဖြစ်အောင်လုပ်

(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
ပညာရှိ သူတော်ကောင်းတွေက ကောင်းသောစကားကိုဆိုပြီး ကောင်းသောအလုပ်ကိုသာ လုပ်ဆောင်နေကြသလို မိမိနဲ့ နီးစပ်သူတွေကိုလည်း ကောင်းတာတွေပြောဖို့၊ လုပ်ဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီးက “သစ်သီးကို လေးစိတ်စိတ်လိုက်ရင် သုံးစိတ်ကပုပ်နေပြီ။ ကောင်းတာတစ်စိတ်ပဲ ကျန်တော့တယ်။ ပုပ်တဲ့သုံးစိတ်မှာ ကိုယ်မပါပါစေနဲ့။ ကောင်းတဲ့တစ်စိတ်မှာပဲ ပါပါစေ။ အဲဒီကောင်းတဲ့ တစ်စိတ်မှာသော်မှ အကောင်းဆုံးဖြစ်ပါစေ” လို့ သြ၀ါဒပေးပါတယ်။ မှတ်သားဖွယ်ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှာ သာသနာတော်နှစ် ၅၀၀၀ ထားရစ်ခဲ့တယ်။ အခုဆိုရင် အဲဒီသာသနာတော်နှစ်က ထက်ဝက်ကျော်ခဲ့ပါပြီ။ မြတ်ဗုဒ္ဓလေးဆူရဲ့ ဓာတ်တော်မွေတော် ဆံတော်တွေနဲ့ တည်ထားကိုးကွယ်လာခဲ့တဲ့ ရွှေတိဂုံစေတီတော်မှာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပြီဖြစ်တယ်။
“သာသနာတစ်လက် မင်းကောင်းတစ်ဆက် ပေါ်ထွန်းမယ်” ဆိုတဲ့ တဘောင်လည်း ကြားဖူးတယ်။ သို့ပေမဲ့ အခုထိတော့ မိမိနိုင်ငံနှင့် နိုင်ငံသားတွေအကျိုးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနိုင်မယ့် မင်းကောင်းတစ်ဆက် မပေါ်ထွန်းလာသေးဘဲ ရာစုနှစ်တစ်ဝက်ကျော် ခေတ်ဆိုးခေတ်ပျက်နဲ့ ကြုံခဲ့ရ ကြုံနေရတယ်။ ဒီကနေ့ခေတ်ကို ကလိယုဂ်ခေတ်လို့လည်း ခေါ်ကြမယ်။ ကလိယုဂ်ခေတ်မှာ မကောင်းမှုနဲ့ မွေ့လျော်သူတွေ ပေါ်ထွန်းလာမယ်လို့ဆိုတယ်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးက “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” လို့ ဆုံးမသြ၀ါဒပေးခဲ့တယ်။ သို့ပေမဲ့ အဲဒီသြ၀ါဒနဲ့ ဆန့်ကျင်ဘက်ကျင့်သုံး လုပ်ဆောင်မှုတွေ များလာနေတယ်။
မကြာသေးမီက ဖတ်လိုက်ရတဲ့ စာအုပ်တစ်အုပ်မှာ စီးပွားရေးလုပ်ငန်းခွင်နဲ့ စာရေးဆရာဖြစ်တဲ့ Carl W Bvchrer (1898-1974) ရဲ့ စကားညွှန်းတစ်ခုကို တွေ့လိုက်ဖတ်လိုက်ရတယ်။
''They forget what you said, but they will never forget how you made them feel" ဆိုတာ ဖြစ်ပါတယ်။
နှုတ်နဲ့ပြောဆိုမှုက မေ့လျော့သွားနိုင်တယ်။ လူတိုင်းတစ်ယောက်ရဲ့စိတ်ထဲမှာ စွဲငြိသွားသော လုပ်ဆောင်မှုက ဘယ်တော့မှ မမေ့လျော့စေတော့ဘူးဆိုတဲ့သဘော ဖြစ်တယ်။
စိတ်ထဲမှာ စွဲငြိခံစားသွားအောင် လုပ်ဆောင်မှုဆိုင်ရာမှာ ကောင်းသောလုပ်ဆောင်မှုဖြစ်စေ၊ မကောင်းသောလုပ်ဆောင်မှုဖြစ်စေ၊ ဘယ်သောအခါမျှ မမေ့လျော့စေနိုင်ပါ။ မကောင်းသောလုပ်ဆောင်မှုကတော့ လူတွေကို စိတ်ဒဏ်ရာရရှိစေတာဖြစ်ပြီး ကောင်းသောလုပ်ဆောင်မှုကတော့ လုပ်ဆောင်မှုကို အမြဲတသရှိစေတာ ဖြစ်တယ်။
လူတစ်ဦးတစ်ယောက်ရဲ့ဘ၀မှာ ကောင်းတာတွေလုပ်ဆောင်ပြီး ဘ၀အရည်အသွေး တန်ဖိုးမြင့်မားစွာနဲ့ ရှင်သန်ရပ်တည်စေမှာလား။ ဒါမှမဟုတ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကိုယ်ကျိုးစီးပွားဖြစ်ထွန်းစေတဲ့ အတ္တကို ရှေ့တန်းတင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဘ၀ကို ရှင်သန်ရပ်တည်စေမှာလား။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်တည်ဖို့ လိုအပ်တယ်။
မှန်ကန်တဲ့လုပ်ဆောင်မှုတွေနဲ့ ရှင်သန်ရပ်တည်ပြီး အောင်မြင်မှုရရှိသူတွေရဲ့ အခြေအနေတွေကို ဦးတုန်းလုပ်ဆောင်ကြရမှာဖြစ်ပြီး မကောင်းတဲ့လုပ်ဆောင်မှု၊ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကို ရှင်းထုတ်နိုင်စေရမှာဖြစ်တယ်။ အောင်မြင်မှုရရှိတဲ့လူတွေ၊ အဖွဲ့ အစည်းတွေ၊ နိုင်ငံတွေမှာ-
■ သူတို့ ဘယ်လိုလုပ်ဆောင်ကြလို့ အောင်မြင်မှုရရှိကြတာလဲ။
■ သူတို့ ဘယ်လိုတွေးကြသလဲ။
■ သူတို့ရဲ့ထူးခြားချက်တွေက ဘာတွေလဲ။
■ အောင်မြင်မှုအရှိဆုံး လူတွေအကြားမှာ တူညီတဲ့အချက်တွေက ဘာတွေလဲ။
■ သူတို့က ဘာတွေကို တစိုက်မတ်မတ် လုပ်ဆောင်မှုတွေ လုပ်ကြသလဲ။
■ ဘာတွေက သူတို့ကို တွန်းအားပေးမောင်းနှင်မှု ပြုနေတာလဲ။
■ သူတို့ဘယ်သူတွေလဲဆိုတာ ဖြစ်လာစေဖို့နဲ့ ခြွင်းချက်မဲ့အောင်မြင်မှုတွေကို ထုတ်ပေးနိုင်စေဖို့ ဘာတွေက စေ့ဆော်မှုပြုနေတာလဲ။
အဲဒီအချက်တွေမှာ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က လက်ရှိအောင်မြင်မှုတွေ ခံစားရသူတွေက အခြားသူတွေကိုလည်း အလားတူ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်မှုတွေ ရှိနေရတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ ကောင်းတဲ့စိတ်ဓာတ်ရှိမှုတွေက ကောင်းတဲ့အလုပ်တွေ မိမိကိုယ်တိုင် လုပ်ဆောင်ပြီး မိမိကိုယ်တိုင်ကိုလည်း အောင်မြင်မှုရရှိစေသလို အခြားသူတွေပါ အောင်မြင်မှုရရှိစေတာ ဖြစ်ပါတယ်။
မကောင်းတဲ့ စိတ်ဓာတ်ရှိသူတွေကတော့ မကောင်းတာတွေလုပ်ဖို့ အမြဲစေ့ဆော် တိုက်တွန်းမှုတွေကို အမြဲလုပ်ဆောင်နေကြတယ်။ ပညာမဲ့သူတွေက သူတို့ရဲ့ မကောင်းမှုလုပ်ဆောင်ချက်တွေ လုပ်ဆောင်ရာမှာ ပါဝင်ပူးပေါင်းလုပ်ဆောင်သူတွေ ဖြစ်သွားတယ်။
မကောင်းတဲ့စိတ်ဓာတ်နဲ့ မကောင်းတဲ့ လုပ်ဆောင်မှုတွေလုပ်ဖို့ စေ့ဆော်တိုက်တွန်းမှုကို လက်ခံလုပ်ဆောင်သူက အတ္တကြီးတဲ့ ကိုယ်ကျိုးရှာသမားဖြစ်တယ်။ ပုဂ္ဂိုလ်တစ်ယောက်က အာဏာရှင်ဖြစ်လာမယ့်သူကို သင်ပေးခဲ့တာဖြစ်တယ်။ မင်း တိုင်းပြည်ကို ကြာကြာအုပ်ချုပ်နိုင်အောင်။
■ ပြည်သူတွေက မင်းကိုကြောက်လာအောင်လုပ်။
■ ပြည်သူတွေ ပညာမတတ်အောင်လုပ်။
■ ပြည်သူတွေ ဆင်းရဲအောင်လုပ်တဲ့ အဲဒီနည်းလမ်းနဲ့ မိမိနိုင်ငံကို အုပ်ချုပ်ခဲ့တာ မိမိနိုင်ငံ ဘာဖြစ်သွားသလဲ။ စဉ်းစားကြည့်ပါ။
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့က မိမိနိုင်ငံမှာ အတွေးအခေါ်ကောင်းသူ၊ အနာဂတ်အမြင်ရှိသူတွေ များရမှာဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ဘွဲ့ရပြီး ပညာမတတ်သူတွေများအောင် ဖန်တီးခဲ့ကြတဲ့အတွက် အခုဆိုရင် အတော်များများက အမျိုးသားတွေဆိုရင် တက္ကစီယာဉ်မောင်းတွေ လုပ်နေကြရတယ်။ သက်ဆိုင်ရာက ဘာသာရပ်အလိုက် အမှန်တကယ် တတ်မြောက်လာသူတွေမရှိဘဲ နည်းပါးလာနေတယ်။ ဒါက နိုင်ငံအတွက် ဆုတ်ယုတ်မှုလက္ခဏာတစ်ခု ဖြစ်တယ်။
ဒါဆိုရင် နိုင်ငံတိုးတက်ဖို့အတွက် အကောင်းဘက်မှာ ရပ်ကြရမှာလား။ အဆိုးဘက်မှာ လုပ်ကြမှာလား။ အကောင်းဘက်မှာသော်မှ အကောင်းဆုံးဖြစ်စေရမှာဖြစ်လို့ မိမိနိုင်ငံ မိမိလူမျိုးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ ဆိုချင်ကြောင်းပါဗျာ။
Credit - Eleven Media Group

No comments:

Post a Comment