Saturday, September 20, 2014

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ပမီဒီယာများနှင့် နိုင်ငံတကာအဖွဲ့များ လေ့လာစောင့်ကြည့်ခွင့် ပြုမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ပသတင်းဌာနများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများကို စောင့်ကြည့်ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်မြင့်ကြည်က စက်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော သတင်းမီဒီယာဖွံ့ဖြိုးရေး တတိယအကြိမ် ညီလာခံတွင် ပြောကြားသည်။

ပြည်တွင်းပြည်ပ သတင်းစာဆရာ ၁၅၀ ကျော်ဖြင့် ယခုလ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် Chatrium ဟိုတယ်၌ နှစ်ရက်တိုင် ကျင်းပပြုလုပ်သည့် သတင်းမီဒီယာဖွံ့ဖြိုးရေး တတိယအကြိမ် ညီလာခံတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့် CSO များကို စောင့်ကြည့်လေ့လာခွင့် မပေးခဲ့သော်လည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုပါ အဖွဲ့အစည်းများကို အကန့်အသတ်ဖြင့် လေ့လာစောင့်ကြည့်ခွင့် ပေးခဲ့ကြောင်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပ မီဒီယာများကို လေ့လာစောင့်ကြည့်ခွင့် ပေးရန် စီစဉ်လျက်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်မြင့်ကြည်က ဆိုသည်။
“ရွေးကောက်ပွဲ သတင်းက အင်မတန် အရေးကြီးပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြဿနာအချို့ ရှိခဲ့တော့ လာမယ့် ရွေးကောက်ပွဲကြီးမှာ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ CSO တွေကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်လေ့လာခွင့် ပြုပေးသွားဖို့ UEC အနေနဲ့ စီစဉ်ဆောင်ရွက်နေပါပြီ” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးတွင် သတင်းမီဒီယာသမားများနှင့် CSO များကို လေ့လာစောင့်ကြည့်ခွင့် ပြုပေးသွားမည် ဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပနေမှုကို အနှောင့်အယှက် မဖြစ်စေရန် ထိန်းသိမ်းပေးကြစေလိုကြောင်း၊ လေ့လာ စောင့်ကြည့်လိုသည့် သတင်းသမားများနှင့် အဖွဲ့အစည်းများသည် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်လွှာ တင်သွင်းပြီး ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်မြင့်ကြည်က ပြောဆိုသည်။
“သတ်မှတ်ထားတဲ့ လျှောက်လွှာတွေကို စိစစ်ပြီး စည်းကမ်းချက်နဲ့ ကိုက်ညီရင် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ကြိုတင်မဲလိုမျိုး ကိစ္စတွေမှာတော့ ကော်မရှင်က လျှို့ဝှက်ပေးဖို့ တာဝန်ရှိနေတဲ့ အတွက် ဒါကိုတော့ စောင့်ကြည့်လေ့လာခွင့်ပြုမှာ မဟုက်ပါဘူး” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ လျှောက်လွှာ တင်သွင်းသူများကို စိစစ်ပြီး စည်းကမ်းချက်များနှင့် ညီညွတ်ပါက စောင့်ကြည့်ခွင့် ပေးသွားမည်ဟု ပြောဆိုခဲ့သော်လည်း အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း ရှိမရှိကို မည်သည့်စံနှုန်းများဖြင့် သတ်မှတ်မည် ဆိုသည်ဟူသော အချက်များကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိခဲ့ချေ။
“ဒီမိုကရေစီ အရည်အသွေးနဲ့ သတင်းမီဒီယာသမားတွေရဲ့ အရည်အချင်းဟာ ညီအစ်ကိုလိုပါပဲ။ တာဝန်ခံမှုနဲ့ တာဝန်ယူမှုဆိုတဲ့ ကျင့်ဝတ်တွေက အဲဒီနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဆုံးဖြတ်သွားမှာပါ” ဟု EU သံအမတ်ကြီးက ဆိုသည်။
လာမည့် ရွေးကောက်ပွဲတွင် သန့်ရှင်းမျှတမှု ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် တစ်ဖွဲ့တည်းမှ လုပ်ဆောင်၍ မရပါကြောင်း၊ ပါတီအဖွဲ့အစည်းများ၊ မီဒီယာများနှင့် CSO များမှ ပူးပေါင်းကူညီမှသာလျှင် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်မျိုး ဖြစ်လာမည် ဖြစ်သည်ဟု အဆိုပါ ကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Credit - The Voice Weekly

No comments:

Post a Comment