Friday, September 19, 2014

ဟန်နာဘိခ်ျကို မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြု

ဆရာတော် ဦးဝီရသူ ဓါတ်ပုံကို မျက်နှာဖုံးတင်ပြီး တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “The Face of Buddhist Terror” အမည်ရ ဆောင်းပါးကို ရေးသားခဲ့သူ ဟန်နာဘိခ်ျ (Hannah Beech) မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် သတင်းယူနေပါပြီ။ အဲဒီဆောင်းပါး ရေးသားမှုကြောင့် မြန်မာနိုင်ငံသို့ ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ ဟန်နာဘိခ်ျကို ပြန်ဝင်ခွင့်ပေးဖို့ ပြန်ကြားရေး
ဝန်ကြီးဌာနက ထောက်ခံချက်ပေးခဲ့လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်တာလို့ ပြန်ကြားရေးဝန်ကြီး
ဦးရဲထွဋ်က ပြောပါတယ်။ နိုင်ငံတကာ သတင်း မီဒီယာသမားတိုင်းကို အစိုးရမူဝါဒနဲ့ ကိုက်ညီရင် ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ခံချက်ပေးမယ် လို့လည်း သူကဆိုပါတယ်။ ဟန်နာဘိခ်ျဟာ ရန်ကုန်မြို့တော်ကို ရောက်ရှိနေပြီး Chatrium Hotel မှာ စက်တင်ဘာလ ၁၈ ရက်နေ့က စတင် ကျင်းပတဲ့ မြန်မာ့သတင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို တက်ရောက်နေတာပါ။ “မြန်မာနိုင်ငံမှာ ဒီလိုပွဲမျိုး ထပ်ကျင်းပဖြစ်ခဲ့ရင် ပြန်ကြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးပါမယ်လို့ ကတိပေးထား တဲ့အတွက် အခုလို ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ခံပေးခဲ့တာပါ” လို့လည်း ဦးရဲထွဋ်က ဆက်ပြောပါတယ်။ “The Face of Buddhist Terror” ဆောင်းပါးဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်ကို နိုင်ငံတကာက အထင်အမြင် လွဲမှားစေတယ် ဆိုပြီး မြန်မာအစိုးရနဲ့ ပြည်တွင်း၊ ပြည်ပ ဘာသာရေး အဖွဲ့အစည်း တချို့က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဟန်နာဘိခ်ျကို ၂၀၁၃ ခုနှစ် ဇူလိုင်လနောက်ပိုင်းကပင် ပြည်ဝင်ခွင့် ပိတ်ပင်ခံလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် မတ်လက ရန်ကုန်မြို့တွင် ကျင်းပသော နိုင်ငံတကာ သတင်းမီဒီယာညီလာခံသို့ တက်ရောက်ဖို့ သူက ဗီဇာလျှောက်ခဲ့ပေမယ့် လုံခြုံရေး အခြေအနေကြောင့် ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။ မစိုးရိမ်တိုက်သစ်က သံဃာတော် တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဝီရသူရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်ပြီးတော့ The Face of Buddhist Terror ဆောင်းပါးကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။
Credit - The Voice

No comments:

Post a Comment