Friday, September 19, 2014

ရွှေလက်ရယ်သာ ပိုင်

(ဆောင်းပါးရှင် - တက္ကသိုလ်မိုးဝါ)
(၁)
လက်လုပ်လက်စား ဆင်းရဲတွင်းနက်သော အများပြည်သူတို့အား မြင်တွေ့တိုင်း ရင်ထဲမှာဆို့ပြီး မျက်ရည်ဝဲမိသည်။
တစ်ခုသော မနက်ခင်းတွင် ဘုန်းကြီးငါးပါးအား ဒံပေါက်ဆွမ်းကပ်၊ ပရိက္ခရာ လှူ ဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပရိတ်တရားတော်များ နာယူခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်း မိတ်သင်္ဂဟများနှင့် ဆွေမျိုးတို့ထံသို့ ဒံပေါက်ဘူးများ အပို့ခိုင်းလိုက်သည်။

မိသားစု၏ အိမ်ဆောက်လုပ်ဆဲနေရာတွင် ရှိနေသည့် ပန်းရန်၊ ဆေးသုတ်၊ လက်သမား၊ အလုပ်သမား အားလုံးအတွက်လည်း ဒံပေါက်တစ်ယောက်တစ်ပွဲကျ (တစ်ဘူးကျ) ပို့လိုက်သည်။ တမြန်နေ့ကပဲ အလုပ်သမားများအား တစ်ရက်ကြိုတင် မှာထားပြီးသား၊ ထမင်းဘူးများ ယူမလာခဲ့နဲ့။ နောက်နေ့ကျ ဒံပေါက်ပို့ပေးမည်ဟု။
အလုပ်သမားများက နားမထောင်။ ထမင်းဘူးများ အလုပ်ခွင်သို့ ယူမြဲယူလာသည်။ အကြောင်းစုံ မေးကြည့်မိလိုက်သောအခါ စိတ်မဆိုးရက်တော့ဘဲ ရင်ထဲတွင် ဆို့သွားသည်။ မိမိတို့၏ သားသမီးကလေးငယ်များကို ကျွေးချင်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ မိမိတို့က အိမ်ကယူလာသည့် ထမင်းကိုပဲ စားကြမည်ဟု။
မိဘမေတ္တာ မည်သည့်အရာနှင့် နှိုင်း၍ရနိုင်ပါမည်နည်း။
(၂)
အထက်ပါ တကယ့်အဖြစ်အပျက်နှင့် ဆက်စပ်၍ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိစ္စဆီသို့ စိတ်ကရောက်သွားသည်။ ထမင်းနပ်မှန်အောင် စားရဖို့က အရေးကြီးသည်။ မွဲတေမှုလျော့ကျသွားအောင် အမှန်ပင် လုပ်ဆောင်နေသလော မပြောနိုင်။
တစ်နေ့တခြား၊ တစ်လတခြား စားကုန်ဈေးနှုန်း တက်ပြီးရင်းတက်နေသဖြင့် အသက်ရှူပေါက် ပိတ်သည်ထက် ပိတ်လာသည်။ ၀တ်စရာ နေစရာ မရှိသည့်တိုင် စားစရာကတော့ မရှိ၍မရ၊ မစားဘဲနေ၍မရ။
ယခုလောက် မနိမ့်ကျသေးသည့် ၁၉၈၈ ခုနှစ်က ဆင်းရဲမွဲတေမှု အခြေအနေကို ထင်ဟပ်ရန် စာရေးသူ ထိုစဉ်ကရေးခဲ့သော ရှုမ၀မဂ္ဂဇင်းပါ ကဗျာတစ်စိတ်တစ်ပိုင်းကို ဖော်ပြလိုပါသည်။
“ရွှေလက်ရယ်သာ ပိုင်”
ရောင်းရင်း...
မိုးမင်း ပဲ့ကြွေ၊ မိုးတွေ ရွာနေတယ်လေ။
မိုးတွေရွာတုန်း
အကောင်းဆုံးအချိန်၊ အိမ်နီးနားချင်း
ရုန်းရင်းဆန်ခတ်၊ နပ်သူကြောသူ
ပုံးယူခံထား၊ လျှံသွားထပ်ဆင့်
အခွင့်သာဆဲ။
ရောင်းရင်း...
ကြီးပြင်းလာနေ၊ တို့တစ်တွေရယ်
ပုံး - မ၀ယ်နိုင်၊ ငေးငိုင်ရင်ဆို့
တို့တစ်တွေတွက်
မိုးစက်ထောင်သောင်း
လက်ချောင်းကြားက၊ ယိုစီးကျ
ငိုရခက်ခက်။
(ရှုမ၀မဂ္ဂဇင်း - ၁၉၈၈ ခု)
ထိုစဉ်က ခရိုနီအစ်ဇင် (Cronyism) ဟုခေါ်သော နီးစပ်ဝါဒ၊ ဦးစားပေးဝါဒ၊ အခွင့်ထူးခံဝါဒဟူ၍ သိသာစွာပေါ်ထွန်းခြင်း မရှိသေး။ သို့ရာတွင် နီပေါ့တစ်ဇင် (Nepotism) ခေါ် ဆွေမျိုးကောင်းစားရေးဝါဒကတော့ အမြစ်တွယ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လူတန်းစားအလွှာတစ်လွှာကို စစ်အာဏာရှင်အစိုးရက တည်ထောင်ပေးလိုက်ခြင်းကြောင့် နိုင်ငံ၏အသွေးအသား အဆီအနှစ်မှန်သမျှသည် ဆင်းရဲမွဲတေသော ပြည်သူအများစုထံသို့ မရောက်ရှိနိုင်ခဲ့ပေ။ ‘လသာတုန်း ဗိုင်းငင့်၊ မိုးရွာတုန်း ရေခံ’ ဆိုသည့် စကားအတိုင်း နပ်သူကြောသူ၊ ပုံးဝယ်နိုင်သူ၊ ပိုင်ဆိုင်သူတို့သာလျှင် မိုးရေကို အသာကလေးခံပြီး လျှံသည်အထိ အခွင့်အရေးပြည့်ပြည့်၀၀ ရသွားကြသည်။ မိုးရေခံထားရန် ပုံးမပိုင်ဆိုင်၊ မရှိသူများမှာမူ ဖြန့်ထားသော လက်ချောင်းကြားမှ မိုးရေစက်တို့ မြေပေါ်သို့ကျသွားသည့်အကြောင်း ရေးထားသော ကဗျာဖြစ်သည်။
ဤနိုင်ငံတွင် သယံဇာတ ပေါကြွယ်ဝသော်လည်း စနစ်ကျမှန်ကန်မှု အားနည်းကာ အစီအမံ လွဲချော်မှုများလည်း ရှိခဲ့သဖြင့် မည်သို့ပင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်ဟုပြောပြော ရလဒ်အကောင်အထည်အနေဖြင့် ပြည်သူတို့၏ ရွှေလက်ထဲသို့ ရောက်ရှိလာခြင်း မမြင်တွေ့ရဘဲ မိုးစက်ထောင်သောင်းတို့ လက်ချောင်းကြားက ယိုစီးကျသွားသကဲ့သို့ ဖြစ်နေသည်။ ပြည်သူအများစုမှာ တိုင်းပြည်ထူထောင်နိုင်စွမ်း အပြည့်ရှိသော ရွှေလက်များ ပိုင်ဆိုင်ထားသည် မှန်သော်လည်း မည်သို့မျှ လက်စွမ်းပြရန် အခွင့်မသာခဲ့ပေ။
ဒီကြားထဲ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခါးစည်းခံနေရပြန်၏။ နေရာတော်တော်များများတွင် မိုးသည်းထန်မှုကြောင့် လယ်ယာမြေ ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးခြင်း၊ အချို့နေရာတွင် မိုးမရွာ၍ စိုက်ပျိုးရေးမလုပ်နိုင်သည့်ပြင် သောက်သုံးရေပင်ရရှိရန် ခက်ခဲခြင်း စသည်တို့ကို ကြုံတွေ့နေကြရသည်။
တစ်နေ့ကပဲ နိုင်ငံတော်ခေါင်းဆောင် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိလာပြီးသည့်နောက် မန္တလေးမြို့ခံပြည်သူများက ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်။ ၎င်းတို့တောင်းဆိုသော အချက်များမှာ-
* ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေးရေး၊ ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆောင်ရွက်ပေးရေး။
* စားဝတ်နေရေး ပြေလည်အောင် ဆောင်ရွက်ပေးရေး။
* အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်ပေးရေး စသည်တို့ဖြစ်သည်။
တောင်းဆိုသည်ဆိုခြင်းမှာ မရသည့် မရသေးသည့် အရာတစ်ခုကိုသာ တောင်းဆိုခြင်းဖြစ်သည်။
အရာတစ်ခုကိုရပြီးလျှင် တောင်းဆိုနေစရာအကြောင်း ရှိပါတော့မည်လော။
မှန်သည်။ တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင်လည်း မလုပ်နိုင်သေး။ မြေယာပြဿနာ ဖြေရှင်းနိုင်ခြင်းလည်း မရှိသေး။ အဂတိလိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်မပေးနိုင်သေး။
နေရေးထိုင်ရေးလည်း ထိုနည်းနှင်နှင်။ အလိုအပ်ဆုံး အရာဖြစ်သော စားရေးကိုပင် ပြေလည်စေမည့်အဖြေ ရှာမပေးနိုင်သေးခြင်းသည် ဆင်းရဲတွင်းသို့ ပိုမိုကျဆင်းစေသော အကြောင်းအချက်တစ်ရပ်ဖြစ်၏။
ဆင်းရဲမွဲတေသော ပြည်သူအတွက် စားရေးသည် အမြဲတစေ အရေးကြီးဆုံးဖြစ်သည်။ တာဝန်ရှိသူများက တစ်ခါဖူးမျှ စားသုံးသူများ သက်သာချောင်ချိစွာ၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့် နေ့စဉ်ဝယ်ယူစားသုံးနိုင်ရန် စီစဉ်ပေးခြင်းရှိသည်ကို မမြင်ရ မကြုံရဖူးသေး။ တာဝန်ရှိသူတို့က တာဝန်ယူပြီး ကုန်ဈေးနှုန်း မည်သို့ကျဆင်းစေရန် မည်သို့လုပ်ဆောင်မည်ဆိုသည်ကို အဖွဲ့ဖွဲ့ အစည်းအဝေးထိုင် အဖြေရှာဆွေးနွေး ပြောဆိုနေခြင်းကို မကြားဖူးသေး။ အာဏာရှင်အစိုးရ လက်ထက်ကတည်းက အခြေခံစားသောက်ကုန် ဈေးနှုန်းကိစ္စကို မည်သူမျှ စိတ်ဝင်စားခဲ့ပုံ မပေါ်၊ မည်သူမျှ ဖြေရှင်းပေးခဲ့ပုံ မပေါ်။ ကျပ်တည်းမြဲ ကျပ်တည်းနေခဲ့သည်။
ပြည်သူများ ရွှေလက်တွေ ပိုင်သာပိုင်သော်လည်း မိုးရေတို့ လက်ချောင်းကြားမှ မြေပေါ်သို့ ယိုစီးကျသွားခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီ။ ၀မ်းတစ်ထွာအတွက် နေ့စဉ်လုံလောက်သော ဖြည့်ဆည်းမှု ပြုလုပ်နိုင်လျှင်ပင် ကျေနပ်လှပြီ။ သို့သော်....။
Credit - Eleven Media Group


No comments:

Post a Comment