လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ
မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က
ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ် မြောက်
ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခု ကျွန်မတို့ ၂ဝ၁၅ ကျရင် ရွေးကောက်ပွဲရှိတယ်ဆိုတာ
အားလုံးသိကြတာပဲ။
ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးအရ ဒီမိုကရေစီလိုချင်ရင်
မဖြစ်မနေဖြတ်သန်းရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ ဒီတစ်ခုတည်းရှိရုံနဲ့
ဒီမိုကရေစီရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတဲ့
ရွေးကောက်ပွဲတွေမရှိဘဲနဲ့တော့ ဒီမိုကရေစီဆိုတာ မရှိနိုင်ဘူး။ ဒါရှိရုံနဲ့
မပြီးနိုင်ဘူး။ တခြားဟာတွေ အများကြီးလိုအပ်ပါတယ်”ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီး
ထူထောင်စဉ်က တိုင်းရင်းသားအားလုံးပါဝင်သည့် အဖွဲ့ချုပ်ဖြစ်ကြောင်း၊
ဗမာပါတီမဟုတ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးပါသည့်
ပါတီဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။ “ပြည်ထောင်စုဆိုတာ
တိုင်းရင်းသားအားလုံးကို ကျွန်မတို့ကနေပြီးတော့
တန်းတူညီတူအဖွဲ့ဝင်တွေအနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အတူလုပ်နေတဲ့
ပါတီဖြစ်ပါတယ်။အဲဒါကြောင့်မိုလို့ ဒီလိုလုပ်ခြင်းအားဖြင့်
ကျွန်မတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုအနေနဲ့
ဖြစ်သွားအောင်လို့ ကျွန်မတို့ အများကြီးအထောက်အကူပေးနိုင်မယ်လို့
မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က
“ကရင်ပြည်နယ်ဆိုပေမယ့် အခြားတိုင်းရင်းသားလူမျိုးစုတွေရှိတယ်ဆိုတာ ကျွန်မ
မမေ့ပါဘူး။ ကရင်လူမျိုးတွေသာ မဟုတ်ပါဘူး။ အခြားတိုင်းရင်းသား
လူမျိုးစုတွေရှိပါတယ်။ နောက်ရွာလေး သေးသေးလေးတွေရောက်တဲ့အခါမှာ
နွေးနွေးထွးထွေး ကြိုဆိုတာကတစ်ပိုင်းပေါ့။နောက်တစ်ပိုင်းက နိုင်ငံရေး
နိုးကြားတက်ကြွမှုရှိတယ်ဆိုတာ တွေ့ခဲ့ရတယ်”ဟု ပြောကြားသည်။ ပြည်သူတွေသည်
နိုင်ငံရေးအရ တက်ကြွမှ တကယ့်ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ကြောင်း၊
ဒီမိုကရေစီဆိုတာ ပြည်သူများ၏ အုပ်ချုပ်မှုဖြစ်ကြောင်း၊ ပြည်သူများက
အုပ်ချုပ်သည့်သူဖြစ်ချင်ဖြစ်ပါက ကိုယ့်မှာ အရည်အချင်းရှိရမည်ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။ “အဲဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေက
ဝိုင်းဝန်းပြီးတော့ ကြိုးစားကြပါ။အဲဒါကြောင့်မို့လို့
ကျွန်မတို့ရဲ့အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီအခွင့်အရေးတွေကို လိုချင်တာနဲ့အမျှ
ဒီမိုကရေစီတာဝန်တွေကို ကျေပွန်ဖို့လိုတယ်ဆိုတာကို ခဏခဏပြောပါတယ်။အဲဒါကို
ပြည်သူတွေနားလည်ရမယ်။ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေကို
ထိန်းသိမ်းနိုင်ဖို့အတွက် ရယူနိုင်ဖို့အတွက်က ကိုယ်က
တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
“ကျွန်မတို့အဖွဲ့ချုပ်က အားလုံးကြိုးစားကြပါ။ ကြိုးစားပြီးတော့ ၂ဝ၁၅ ကို
မှန်မှန်ကန်ကန်နဲ့ ဖြတ်သန်းသွားလို့ရှိရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့
ပြည်ထောင်စုတစ်ခုကို တည်ဆောက်ရေးအတွက် အများကြီးအထောက်အကူဖြစ်ပါမယ်”ဟု
ဆိုသည်။ လွှတ်တော်သို့ လာရောက်လေ့လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံခဲ့သူ ကရင်တိုင်းရင်းသား ဦးစောစံမင်းက “ကရင်ပြည်နယ်
မြို့နယ်အများအပြားကလာ တွေ့ တာ။ လာပြီးတက်ရောက်တာက လွှတ်တော်ဆွေးနွေးပုံကို
လေ့လာတဲ့သဘောပေါ့။ လူဦးရေ ၂၅ဝ လောက်ရှိတယ်။ ကရင်၊ မွန်၊
ပအို့ဝ်တိုင်းရင်းသားတွေ ပါတယ်”ဟု ပြောကြားသည်။
“ကျွန်မတို့အဖွဲ့ချုပ်ဝင်များဟာ စပြီးထူထောင်ခဲ့တုန်းက ကျွန်မတို့ အမြဲပဲ
လက်ဆုပ်ကိုင်ခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့လို့ ကျွန်မသတိပေးပါရစေ။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ
အားလုံးကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေပြောရမယ်။
ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ကိုးကွယ်တဲ့ဘာသာမရွေး ပြောဆိုတဲ့
ဘာသာစကားမရွေး၊ ကိုယ်မွေးဖွားလာတဲ့ နေရာဒေသမရွေး အားလုံးဟာ တစ်ယောက်နဲ့
တစ်ယောက် နားလည်မှုရှိပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လေးစားပြီးတော့
အပြန်အလှန် ကူညီရိုင်းပင်းချင်တဲ့စိတ်တွေကို မွေးကြပါ”ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
Credit - Eleven Media Group
No comments:
Post a Comment