Thursday, September 18, 2014

လာဘ်စားတဲ့ ဟုမ္မလင်းတရားသူကြီး အမှုဖွင့်အရေးယူခံရ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီး ဦးတင်စိန်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၅၆ နဲ့ ဟုမ္မလင်း မြို့မ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရားသူကြီး ဦးတင်စိန်ကို စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ရုံးတင်စစ်ဆေးပြီး လတ်တလောတော့ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဂတိလိုက်စားလို့ အမှုဖွင့် အရေးယူထားတယ်လို့သာ သိရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မုံရွာတရားရုံးမှာ လုပ်ငန်းခွင်ဝင်နေတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။ တာဝန်ထမ်းဆောင်နေရင်း အဂတိလိုက်စားမှုတွေ ရှိနေတာကို သက်သေတွေနဲ့ တကွ မိခဲ့တာကြောင့် ဟုမ္မလင်းမြို့နယ် တရားသူကြီးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ စစ်ဆေးရေးမှူး ဦးသိန်းဝင်းက တရားလိုလုပ်ကာ တရားစွဲတင်ခဲ့တာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အရာရှိတစ်ဦးက ဆိုပါတယ်။ ဟုမ္မလင်းမြို့နယ် တရားသူကြီးဟာ တာဝန်ထမ်းဆောင်နေတုန်း ပြစ်မှုကြီးအမှတ် ၁၃၄၉/၂၀၁၃ ၊ မူး/စိတ် ၁၅/၁၆ (ဂ) အမှုကနေ လာဘ်ငွေ တစ်ဆယ့်ငါးသိန်းကျပ် တိတိကို ဟုမ္မလင်းမြို့နယ် ဥပဒေရုံး အကြီးတန်းစာရေး ဦးသိန်းလွင်ဆီကနေ ရယူခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကြီး အမှတ် ၁၆၁/၂၀၁၄၊ ပြစ်မှု ၃၀၄-က/၃၃၇ အမှုတွေ မှာလည်း လာဘ်ငွေ နှစ်ကြိမ်တိတိ ရယူခဲ့ပါသေးတယ်။ ပထမတစ်ကြိမ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကျပ် နှစ်သိန်းတိတိနဲ့ ဖေဖော်ဝါရ်ီလ ၁၂ ရက်နေ့မှာ ကျပ် ၁၀ သိန်း ရယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်ဆိုင် တစ်ခုမှာ ကျပ်လေးသောင်းခန့် စားသောက်ခဲ့ရုံမက တစ်ဖက် တရားခံ ယာဉ်ပိုင်ရှင် ဦးဝင်းပို ဧည့်ခံကျွေးမွေးတဲ့ အစားအသောက်တွေကိုပါ ကျပ်ခြောက်သောင်းဖိုးခန့် မှာယူ စားသုံးခဲ့တာကို သက်သေ အထောက်အထားတွေ နဲ့တကွ စစ်ဆေးတွေ့ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ တင်ပြတဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
Credit - The Voice

No comments:

Post a Comment