Friday, September 19, 2014

လ၀ကရုံးက ဓားပြများ

လာဘ်ပေး လာဘ်ယူ တို့ရန်သူဆိုသော အုပ်ချုပ်သူ အစိုးရ အဂတိ ကင်းစင်ရေး ဆောင်ပုဒ် သည် လာဘ်ပေးသူကိုရော လာဘ်ယူသူပါ အစိုးရ၏ ရန်သူ အဖြစ် သတ်မှတ်ထားသော် လည်း ဒေါ်သူဇာကတော့ အစိုးရ၏ရန်သူသာ ဖြစ်လိုပြီး လ၀က၏ ရန်သူတော့ မဖြစ်လိုပေ။

လ၀ကရုံးက ဓားပြများ
------------
သတင်းဆောင်းပါး - မိမိသန့်
------------


မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းကြသည့် မင်းစိုးရာဇာမဟုတ်သည့်သူ များအနေဖြင့် မဖြစ်မနေ သွားရသည့် အစိုးရဌာန၊ တစ်နည်းအားဖြင့် မသွား ချင်လည်းသွားရသည့် အစိုးရဌာန တစ်ခု ရှိသည်။ ၎င်းမှာ လ၀ကဌာနပင်ဖြစ်သည်။

ဘဏ်ဖြင့်ပိုက်ဆံလွှဲချင်လျှင် အပြင်ပုဂ္ဂလိကဘဏ်က လွှဲနိုင်သည်။ ဆေးကုသမှု ခံယူရန် ငွေရှိ လျှင် ပြင်ပ ဆေးရုံတွင်ကုသနိုင်သည်။ အခွန်ဌာန မသွားလိုလျှင် သင်ကိုယ်တိုင်မှီခို လုပ်လိုက် လို့ရသည်။ ရပ်ကွက်ရုံးသို့လည်း အိမ်မှ မိသားစုဝင်တစ်ဦးဦးဖြင့် သွားခိုင်းလို့ရသည်။ သို့သော် အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့်၊ ၄၅ နှစ်ပြည့် မှတ်ပုံတင် များလုပ်လျှင်တော့ ပွဲစားများ ကို ငွေပေးပြီးလုပ်လျှင်တောင် အနည်းဆုံး လ၀ကရုံးသို့ လက်ဗွေနှိပ်ရန်သွားရပေမည်။

လ၀ကရုံးနှင့် မဖြစ်မနေပတ်သက် ရသူတိုင်း စိတ်ချမ်းသာစွာဖြင့် အမှု ကိစ္စများကို ပြီးမြောက် ခဲ့ခြင်းမဟုတ်ပေ။ အနည်းဆုံး သုံးလေးခေါက်လောက် အသွားအပြန်လုပ်လိုက်ပြီး ငွေစလေး များ ပေးကမ်းလိုက်မှသာ ကိစ္စပြီးနိုင် သည်။ သို့မဟုတ်ပါက ရောက်လာသူ အပေါင်း မောဟ ၊ ဒေါသများဖြင့် စိတ် ဆင်းရဲစေပြီး သင်လိုချင်သည်ကိုလည်း လွယ်လွယ်ရနိုင်မည်မဟုတ်ပေ။

“ကျွန်မ ကလေး ၂ ယောက်အ တွက် သန်းခေါင်စာရင်းထဲကို မွေး/တိုး လုပ်ဖို့သွားပါတယ်။ ၄ ခေါက်သွားရတယ်။ ပထမကတော့ ဟိုစာရွက်မပါ သေးဘူး၊ ဒီစာရွက်က ဒီလိုမဟုတ်ဘူး။ တစ်ခါတည်းလည်းပြီးအောင်ပြောလိုက်ရင် ယူလာမှာပေါ့။ ရောက်တော့မှ ဟို ဟာလို ဒီဟာ လိုတယ်လို့ ပြန်ပြန်ယူရတာ။ ကိုယ့်အလုပ်လည်း ပျက်ရတယ်။ အဲဒါကြောင့် ကျွန်မ လ၀က နဲ့ပတ်သက်ရမယ်ဆိုရင် ကျားဖင်သာ ပြေးနှိုက်လိုက်ချင်တယ်” ဟု ရန်ကုန်ရှိ မြို့နယ် တစ်ခုက အိမ်သန်းခေါင်စာရင်း ထဲသို့ သူမ၏ ကလေးနှစ်ယောက်ကို မွေး/တိုးထည့် သည့် ဒေါ်သူဇာ (အမည်လွှဲ) က သူ့တွေ့ကြုံခဲ့ရသည်များကို ပြောပြသည်။

ဒေါ်သူဇာ၏ သန်းခေါင်စာရင်းမှာ မြောက်ဘက်ရပ်ကွက်တွင် နေထိုင်ခဲ့စဉ်က ပြုလုပ် ထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် တောင်ဘက် ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ သူမ၏ ကလေးများသည် အသက် ၁၀ နှစ်ကျော်နေသည်အထိ သန်းခေါင်စာ ရင်းသို့ မသွင်းရသေးပေ။ ထိုသို့ကလေးများ ကို သန်းခေါင်စာရင်းသို့ မသွင်းရသေး သည့် အကြောင်း ရင်း ကတော့ အစိုးရ ရုံးများနှင့် ပတ်သက်ရမည်ကို ကြောက် ၍ဖြစ်ကြောင်း ဒေါ်သူဇာ က ဆိုသည်။

“သူတို့ဆီက ၃ ရစ်နဲ့ဝတ် ထားတဲ့ အမျိုးသမီးက ကျွန်မကိုပြော တယ်။ ကျွန်မ ကလေးတွေ က ၁၀ နှစ် အထိ သန်းခေါင်စာရင်းထဲ မသွင်းတာ ပြဿနာရှိတယ်။ ၅ နှစ်အတွင်းမှ သန်းခေါင်စာရင်းထဲ သွင်းရမယ်။ အခု ၁၀ နှစ်ရောက်မှ သန်းခေါင်စာရင်းထဲသွင်း လို့ ခရိုင်ရုံး ထိ ဖြေရှင်းချက်ပေးရမယ်။ လွယ်လွယ်ကူကူမပြီးဆုံးနိုင်ဘူးလို့ပြောတယ်” ဟု ဒေါ်သူဇာက လ၀က ရုံးတွင် ကြုံတွေ့ရသည်များ ပြန်ပြောပြသည်။

“ကျွန်မ ကလေးတွေဟာ အခုလက်ရှိမှာ ကျွန်မနဲ့ ရင်အုပ်မကွာ အတူရှိနေတယ် ဆိုတာ သက်သေပြနိုင် ဖို့ ကျွန်မရဲ့သန်း ခေါင်စာရင်းပြုလုပ်ထားတဲ့ ရပ်ကွက် က အိမ်နီးချင်း ၂ ယောက်ကိုခေါ်လာ ခဲ့ပြီး သူ့ရှေ့မှာ ထောက်ခံချက်ရေးပေး ရမယ် ပြောတယ်။ ကျွန်မက အဲဒီရပ်ကွက်မှာ မနေတာကြာတော့ ဘယ်သူ နဲ့မှ အသိမရှိဘူး။ သိတဲ့လူကလည်း ရုံးပြင်ကနားကို လိုက် သက်သေခံပေးဖို့ ဆိုတာ လုပ်ချင်မှာမဟုတ်ဘူး။ ကလေး တွေ ကျောင်း တက်နေတဲ့ကျောင်း သားကတ်ပြပါမယ်ဆိုတော့လည်း အဲ ဒီဝန်ထမ်းက မရဘူးလို့ပြောတယ်” ဟု ဒေါ်သူဇာက ဆိုသည်။

တစ်နေရာတွင် သန်းခေါင်စာရင်း ပြုလုပ်ထားလျှင် နောက်တစ်နေရာ ပြောင်းလျှင် သန်းခေါင် စာရင်းပါလိုက် မပြောင်းခြင်းက ဒေါ်သူဇာအတွက် အားနည်းချက်ဖြစ်သည်။ ယခု ရပ်ကွက်တွင် မူ ဒေါ်သူဇာနှင့် သူ့မိသားစုမှာ ယာယီသန်းခေါင်စာရင်းဖြင့်နေထိုင် သည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ ဒေအရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း မျိုးနွယ်စုကြီးရှစ်ခု (ရှမ်း၊ ကချင်၊ က ယား၊ ကရင်၊ ချင်း၊ ဗာ၊ မွန်၊ ရခိုင်) တို့မှ ပေါက်ဖွားလာသည့် သူများ သည် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိသည်။ မွေး ရာပါ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွား လာသူများ သည်လည်း နိုင်ငံသားမှတ် ပုံတင် ကိုင်ဆောင်နိုင်သည်။ သန်း ခေါင်စာရင်းတွင် ထည့်သွင်းနိုင် သည်။ မိုးပွင့်စီမံကိန်းသည် မွေးရာပါနိုင်ငံသား များအတွက် လုပ်ပေးသောစနစ်ဖြစ် သည်။

ဒေါ်သူဇာတို့လင်မယားနှစ်ယောက် လုံး မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင် ဆောင်ထားသည့် ဗမာလူမျိုး၊ ဗုဒ္ဓဘာ သာဝင်များဖြစ်ကြသည်။ ဒေါ်သူဇာ၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိသည့် က လေး ၂ ဦး သန်းခေါင်စာရင်းထဲထည့် ရေးတွင် လ၀က က သက်သေထွက် ချက်များဖြင့် အချက်အလက်ခိုင်လုံ အောင် တောင်းဆိုနေခြင်းသည် ဒေါ် သူဇာနေထိုင်ရာ မြို့နယ်လ၀ကရုံးက မိုးမပွင့်သည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

ဒေါ်သူဇာသည် ယခင်သူမနေထိုင် ခဲ့ရာ ရပ်ကွက်မှ အိမ်နီးချင်းများကို သက်သေအဖြစ် မခေါ်လို သဖြင့် မြန် မာကျပ်ငွေ သုံးသောင်းဖြင့် လ၀က၀န်ထမ်းကို ရေလောင်းခဲ့သည်ဟုဆိုသည်။

လာဘ်ပေးလာဘ်ယူ တို့ရန်သူဆိုသော အုပ်ချုပ်သူအစိုးရ အဂတိကင်းစင်ရေး ဆောင်ပုဒ်သည် လာဘ်ပေးသူ ကိုရော လာဘ်ယူသူပါ အစိုးရ၏ ရန်သူ အဖြစ် သတ်မှတ်ထားသော် လည်း ဒေါ်သူဇာကတော့ အစိုးရ၏ရန်သူသာ ဖြစ်လိုပြီး လ၀က၏ ရန်သူတော့ မဖြစ်လိုပေ။

ဒေါ်သူဇာကဲ့သို့ပင် အစိုးရအဖွဲ့အ စည်းမဟုတ်သည့် သာမန်ပြည်သူတိုင်း တွင် လ၀ကနှင့် ပတ်သက်သည့် စိတ် အနှောင့်ယှက်ဖြစ်စရာ အကြောင်းရာ တစ်ခုခုတော့ ရှိစမြဲပင်ဖြစ်ကြောင်း လွန် ခဲ့သော ၅ နှစ်ခန့်က လှိုင်မြို့နယ်လ၀က ရုံးတွင် ၁၈ နှစ်ပြည့်မှတ်ပုံတင်လဲလှယ် ပြုလုပ်ခဲ့သူ မသီရိကပြောသည်။

“ကျွန်မ ၁၀ နှစ်ပြည့်တုန်းက အမေပဲ မှတ်ပုံတင်လုပ်ပေးတော့ လ၀က အကြောင်းမသိဘူးပေါ့။ ၁၈ နှစ်ပြည့် မှတ်ပုံတင်ကို ကိုယ်တိုင်လုပ်တော့ သူတို့က ဟဲ့ကောင်မလေး လက်ဖက်ရည် ဖိုးပေးသွားလို့ပြောတယ်။ ကျွန်မက ပါလာတဲ့ပိုက်ဆံ နှစ်ထောင်ပေးလိုက် တာ၊ အဲဒီ့ရုံးက အစ်မကြီးက အမယ်လေး ဒီနေ့တစ်နေ့လုံး ရွှေပြည်စိုးတွေ နဲ့ချည်း တွေ့နေပါလား။ ဒီလောက်နဲ့ ဘာလုပ်လို့ရမှာလဲလို့ အော်လိုက်တာ အကျယ်ကြီး။ ကျွန်မ ရှက်လွန်းလို့ အိမ် ကိုငိုပြန်သွားပြီး ပိုက်ဆံ ၁၅,၀၀၀ လာ ပြန်ပေးမှ မှတ်ပုံတင် ထုတ်ပေးတော့တယ်။ ကျွန်မတော့ စိတ်နာလွန်းလို့” ဟု သူမက မျက်နှာမဲ့ကာ ပြန်ပြောပြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံသားများ အတွက် အခမဲ့ သန်းခေါင် စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေးသည့် မိုးပွင့်စီမံကိန်းအဆင့် ၁ ကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးခဲ့ပြီး အဆင့် ၆ ဆင့် ရောက်သည် အထိ မြန်မာနိုင်ငံအနှံ့အ ပြား တောရောမြို့ပေါ်ပါမကျန် ဆောင် ရွက်ပေးနေသည်။ သို့သော် ရန်ကုန်ကဲ့ သို့ မြို့ကြီးပြကြီး လ၀ကရုံးဆိုက်ရာနေ ရာများတွင်တော့ မိုးမပွင့်ပါ။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး တွင် လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော် နီနိုင်က လ၀ကအနေဖြင့် ပြည်သူများ ကို စိတ်အနှောင့်အယှက်မဖြစ်စေ ဘဲ မိုးပွင့်စီမံကိန်းမဟုတ်ဘဲနှင့် ရုံးတွင်း လာရောက်သူ တိုင်းရင်းသားပြည်သူ များကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးနိုင် ပါသလားဆိုသည့် မေးခွန်းကို ဦးကျော်ကျော်နိုင်၊ လ၀ကဒုတိယ ၀န်ကြီးက ပြန်လည်ဖြေကြား ရာတွင် မိမိတို့ဝန်ထမ်းများ ငွေပိုယူသည်ဟု မကြားမိပါကြောင်း၊ လ၀က ၏ နှုန်းထားများသည် ၃ ကျပ်၊ ၆ ကျပ် ဖြစ်နေသည့်အတွက် ပြည်သူများ က ပိုမိုထည့်ဝင်ပေးသွားခြင်းများသာ ရှိကြောင်း ရုံးတွင်းလာရောက်လုပ်ရာ တွင်လည်းကောင်း သတ်မှတ်နှုန်းထားမှာ တစ်ပြေးညီ ပင်ဖြစ်ကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

လွှတ်တော်အတွင်းက ဒုဝန်ကြီး၏ ဖြေရှင်းချက်နှင့် ပြင်ပလ၀က ရုံးများ ၏ လုပ်ဆောင်ချက်များ လွဲနေဆဲဖြစ် ကြောင်း တောင်ဥက္ကလာပတွင် မှတ် ပုံတင်ပြုလုပ်ခဲ့သူ ဦးခိုင်စိုးကဆိုသည်။

“လ၀ကရုံးကိုမသွားချင်လို့ပေါ့ဗျာ။ ကျွန်တော့်ကလေးနှစ်ယောက်ကို ၁၆ နှစ်ပြည့် ၁၀ တန်းအောင်မှပဲ မှတ်ပုံ တင်လုပ်ဖြစ်ပါတယ်။ မှတ်ပုံတင်လုပ် ဖို့ သန်းခေါင်စာရင်းထဲပင် အရင်သွင်း ရမယ်လို့ပြောတယ်။ ကျွန်တော့်မြို့နယ် သန်းခေါင်စာရင်းထဲသွင်းမယ်ဆိုရင် ကျွန်တော့အဖေ အိမ်ထောင်ဦးစီးရဲ့ ထောက်ခံချက်တောင်းတယ်။ ကျွန် တော့အဖေက ဆုံးပြီဆိုတော့ သေဆုံး စာရင်းတင်ရမယ်ဖြစ်ရော။ အဖေက နယ်မှာဆုံးတာဆိုတော့ ဘာ အထောက် အထားမှ မရှိဖြစ်ပြန်ရော။ နယ်ကိုပြန် တောင်းဖို့ပြောတယ်။ ဒါပေမဲ့ အဲဒီ လောက် ငွေကုန် အချိန်ကုန် အလုပ်ရှုပ်တာ မလုပ်နိုင်တော့ဘူး။ အလုပ်ကခွင့်ယူပြန် ရင်လည်း လစာက ဖြတ်တောက်ခံရအုံးမယ်။ ကိုယ်ရောက်နေတဲ့ မြို့နယ်မှာပဲ သန်းခေါင်စာရင်းကို အသစ်လုပ်လိုက်တယ်။ အဖေ့ကိုလည်း သေစာရင်းထဲ ကလည်း မထုတ်တော့ဘူး”ဟု ဦးခိုင်စိုးက ဆိုသည်။

သေဆုံးသူကို သန်းခေါင်စာရင်းမှ ဖယ်ထုတ်ရန် သက်ဆိုင်ရာ ရပ်ကွက်ရုံးက ထောက်ခံချက်ကို လွယ်လွယ် ကူကူ တောင်းခံပယ်ဖျက်နိုင်သည်။ လ၀က က ဦးခိုင်စိုးကို ယင်းအကြံဉာဏ် မပေးလိုက်သောကြောင့် သန်းခေါင်စာရင်းလူဦးရေတွင် သေသူ က လျော့မသွားပေ။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိခဲ့သည်ဟု လ၀ကကဖော်ပြခဲ့သည် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မ ကောက်မီကအထိဖြစ်သည်။ ၎င်းင်းမှာ ဦးခိုင်စိုးတွေ့ကြုံခဲ့ရသည့် လ၀ကနှင့် ဦးခိုင်စိုးတို့လို အလုပ်ရှုပ်မခံလိုသူများ ကြောင့် မြန်မာ့ လူဦးရေစာရင်း သည် သေလူ များဖြင့် ဖောင်းပွနေခဲ့သည်။

သေသူများကိုပါ ထည့်ဝင်ရေတွက် ထားသည့် သန်း ၆၀ ကျော် လူဦးရေ သန်းခေါင် စာရင်း များဖြင့် မြန်မာနိုင်ငံ ၏ ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲတွင် အခြေခံဥပဒေ ကို ထောက်ခံ အတည်ပြုနိုင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းသာရှိကြောင်း လ၀ကက ကြေ ညာခဲ့သည်။ သန်းခေါင်စာရင်းများတွင် သေလူများကို မဖယ်ထုတ်နိုင်သေးသ ၍ ၂၀၁၅ ရွေးကောက်ပွဲရလဒ် လည်း ပြည်သူ့လိုအင် ဆန္ဒပြည့်ဝမည် မဟုတ်ပေ။

မြန်မာပြည်သူများသည် ကိုယ့်မိဘများ သေဆုံးခဲ့ကြသည်ကို မုသားသုံး လိမ်လည် ထွက်ဆိုကြ မည် မဟုတ် သော်လည်း မိဘသေဆုံးသွားကြောင်း လိမ်လည်တင်ပြခိုင်းသည်မှာလည်း လ၀က ပင်ဖြစ်ကြောင်း ထီးတန်းဈေးမှ ဈေးသည် သားအမိကိစ္စက သက်သေ ဖြစ်သည်။

ဈေးသည်အမျိုးသမီးသည် နိုင်ငံ သားမှတ်ပုံတင် ရမထားသည့် အိန္ဒိယနွယ်ဖွား ယောက်ျားကို လက်ထပ် ထားပြီး သားတစ်ဦးထွန်းကားခဲ့သည်။ သားအတွက် မှတ်ပုံတင်ရရှိရေးတွင် ဖခင်ဖြစ်သူအား သေဆုံးကြောင်းသာ တင်ပြရန် လ၀ကက အကြံပြုသည်ဟု ၎င်းက ၀န်ခံပြောဆိုသည်။ ထိုကိစ္စအတွက် လ၀ကကို ပိုက်ဆံပေးရကြောင်းလည်း ပြောသည်။

လ၀ကသည် မှတ်ပုံတင်လုပ်လျှင် ယူလာရမည့် စာရွက်စာတမ်းများ၊ သန်းခေါင်စာရင်း လုပ်လျှင် လိုအပ်သည့်အချက်များ၊ မွေးတိုး၊ သန်းခေါင်စာရင်း ပြောင်း၊ သန်းခေါင်စာရင်းအသစ်လုပ်လျှင် စသဖြင့် လိုအပ်သည့်အချက်အလက်များကို လ၀ကရုံးရှေ့တွင် ပွင့်လင်းမြင်သာရှိစွာ ဆိုင်းဘုတ်များ ချိတ်ဆွဲပြီး ရှင်းလင်းပြသထားသော်လည်း ပြထားသည့် ဆိုင်းဘုတ်ထဲက အတိုင်း စုံလင်အောင် ယူသွားနိုင်ပါကလည်း တစ်ခုမဟုတ်တစ်ခု စိတ်အနှောင့်ယှက် ပေးမြဲ ပင်ဖြစ်ကြောင်း လှိုင်သာယာမြို့ နယ်တွင် မှတ်ပုံတင်ပျောက်ဆုံး ပြန် လျှောက်ခဲ့သည့် မသဲသဲ က ဆိုသည်။

“ကျွန်မ မှတ်ပုံတင်ရတော့ နံပါတ် က လွဲနေတယ်။ ပြန်ပြင်ပေးဖို့ပြော တော့ ဂဏန်းနေရာကို ဓားနဲ့ခြစ်ပြီး ပြန်ရေးပေးတယ်။ ကျွန်မပတ်စ်ပို့စ် လျှောက်တော့ မှတ်ပုံတင်မှာ ဖျက်ရာ ပါလို့ဆိုပြီး အကြာကြီးစောင့် လိုက်ရတယ်။ ကျွန်မ ဒါကိုပြန်အသစ် လုပ်မှဖြစ်မယ်ဆိုတာသိပေမဲ့ အဲဒီ့ရုံး သွားရမှာ စိတ်ဆင်းရဲတယ်။ ကျွန်မ မှတ်ပုံတင်လုပ်တုန်းကလည်းသုံးလ ကြာတယ်။ ၃ ခေါက် သွားမေးတယ်။ မရသေးဘူး၊ မရသေးဘူးဆိုပြီး နောက် ဆုံးတစ်ခေါက် ပိုက်ဆံပေးလိုက်မှ အ ဆင်ပြေတော့တယ်” ဟုဆိုသည်။

လ၀က က ကောက်ခံသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် ၆ ကျပ် နှင့် ၃ ကျပ်၊ ပျက်စီး/ပျောက်ဆုံး မိတ္တူ လျှောက်ထားခြင်းအတွက် ၁၀ ကျပ် ကောက်ခံခြင်းသည် နည်းလွန်း အနစ်နာခံလွန်းပြီး ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးသည် ဆိုသော်လည်း ပြည်သူ အမှန် တကယ် ပေးလိုက်ရသည့်ငွေသည် ယင်းထက် အဆပေါင်း ရာနှင့်ချီ များစွာကွာဟနေ သဖြင့် လ၀က ၀န်ထမ်းများကို လုပ် ကျွေးပြုစုရာရောက်နေသည်။

သင့်မျက်စေ့ရှေ့တွင်နေသော ခရိုနီမဟုတ်သူ၊ အာဏာပိုင်မဟုတ်သူတစ်ဦးဦးကို မြန်မာနိုင်ငံ၏ လ၀က အကြောင်းမေးကြည့်လိုက်ပါ။ သူ့တို့ဆီက စိတ်မချမ်းမြေ့စရာ အတွေ့အကြုံပေါင်း များစွာကို သင်ကြားရပါလိမ့်မည်။

The Ladies News Journal

No comments:

Post a Comment