Sunday, September 14, 2014

ကံကြမ္မာ (Fate)

Written by - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
“နိုင်ငံသားတို့၏ ကံကြမ္မာ” သည် နိုင်ငံ၏ နိုင်ငံရေးစနစ် (Political System)၊ စီးပွားရေးစနစ် (Economic System)၊ ကျန်းမာရေးစနစ် (Health System)၊ ပညာရေးစနစ် (Education System)တို့အပေါ်တွင် များစွာမှီတည်နေသကဲ့သို့၊ “နိုင်ငံ၏ကံကြမ္မာ” သည်လည်း ယင်းနိုင်ငံသားတို့၏ စိတ်ဓာတ်စွမ်းရည်၊ နိုင်ငံချစ်စိတ်စသည်တို့အပြင် ယင်းအထက်ပါ စနစ်များ၏ အကျိုးသက်ရောက်မှုများ အပေါ်တွင်လည်း များစွာမှီတည်နေသည် ဆိုသည်ကို လေ့လာတွေ့ရှိနိုင်သည်။

ဖွံ့ဖြိုးချမ်းသာပြီး လူနေမှုအဆင့်အတန်း မြင့်မားသောနိုင်ငံများနှင့် မဖွံ့ဖြိုးဆင်းရဲပြီး လူနေမှုအဆင့်အတန်း နိမ့်ကျသော နိုင်ငံများ၏ အဓိကကွာခြားချက်မှာ ယင်းကဲ့သို့သော၊ အပြန်အလှန်သဘော သက်ရောက်သော ဆက်စပ်မှုကို ပုံမဖော်နိုင်သောကြောင့်ပင် ဖြစ်မည် ဟု ယူဆသည်။
လူသားတို့သည် မွေးရာဇာတိကို ရွေးချယ်နိုင်ရန် အခွင့်အလမ်း နည်းပါးသော်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံရေးစနစ် စီးပွားရေးစနစ်၊ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်များကိုမူ ပြောင်းလဲပြင်ဆင်နိုင်သော အခွင့်အလမ်းများကို ဖန်တီးရယူနိုင်လေ့ ရှိသည်ကိုလည်း တွေ့မြင်ရသည်။
သို့သော် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံများတွင်မူ ယင်းကဲ့သို့သော စနစ်များကို ပြောင်းလဲပြင်ဆင်ခြင်းထက် သဘာဝသယံဇာတများကို ဖောဖောသီသီ သုံးစွဲကြလေ့ရှိပြီး နောက်ဆုံးတွင် သယံဇာတများ နည်းပါးရှားပါး ကုန်ခန်းသွားသည့်အခါတွင်မူ၊ ယင်းနိုင်ငံသားတို့၏ ကံကြမ္မာသည် မထင်မှတ်ထားသော (ကြိုတင်မတွက်ဆထားသော) အပြောင်းအလဲများစွာကို ရင်ဆိုင်ကြရလေ့ရှိသည်။
သဘာဝသယံဇာတ မပေါကြွယ်ဝသော နိုင်ငံများတွင်မူ မည်ကဲ့သို့သော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ ကျန်းမာရေးစနစ်၊ ပညာရေးစနစ်များသည် နိုင်ငံသားတို့၏ လူနေမှုအဆင့်အတန်းကို မြင့်မားစေနိုင်သနည်း ဆိုသည်ကို ဆင့်ကဲဆင့်ကဲ ကြိုးပမ်းအားထုတ် လာခြင်းဖြင့် ယင်းနိုင်ငံသားတို့၏ ကံကြမ္မာသည်လည်း ကောင်းသော အပြောင်းအလဲများစွာကို ရရှိလေ့ရှိသည်။
အာရပ်နွေဦး (Arab Spring) ဟုခေါ်သော အာရပ်နိုင်ငံများ၏ ကံကြမ္မာနှင့် ယင်းနိုင်ငံများ၏ နိုင်ငံသားတို့၏ ကံကြမ္မာသည် ယနေ့တိုင် မျှော်မှန်းရန် ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်ကို တွေ့မြင်ရသည်။
ဆိုလိုသည်မှာ နိုင်ငံသားတို့၏ ကံကြမ္မာနှင့် နိုင်ငံတို့၏ကံကြမ္မာသည် အပြန်အလှန် ဆက်စပ်နေသည်ဟု ထင်မြင်သည်။ နိုင်ငံ၏ အနာဂတ်သည် နိုင်ငံသားတို့၏ အနာဂတ်ပင် ဖြစ်သကဲ့သို့၊ နိုင်ငံသားတို့၏ ကံ၊ ဥာဏ်၊ ဝီရိယနှင့် နိုင်ငံချစ်စိတ်သည် ယင်းနိုင်ငံတို့၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးလေ့ရှိသည်။
ယင်းအဖြစ်အပျက်များမှ သင်ခန်းစာရယူကာ နိုင်ငံ၏ အနာဂတ်ကံကြမ္မာနှင့် နိုင်ငံသားတို့၏ အနာဂတ်ကံကြမ္မာကို လေးလေးနက်နက် စဉ်းစားတွေးတော သုံးသပ်မှုများစွာ စဉ်ဆက်မပြတ် လိုအပ်လာပေလိမ့်မည်။
တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုရာတွင် ရေရှည်စဉ်ဆက်မပြတ်သော ပုံသဏ္ဌာန်ကို ဖော်ဆောင်နိုင်ရန် လိုအပ်သကဲ့သို့ လူတန်းစားကွာဟမှုကို ဖြစ်တည်စေနိုင်သော ပုံသဏ္ဌာန်များကို ရှောင်ရှားနိုင်မှသာ အနာဂတ်ကာလတွင် ရင်ဆိုင်ရဖွယ်ရှိသော ပဋိပက္ခများ၊ စစ်ပွဲများ၊ လူမှုစီးပွား မတည်ငြိမ်မှုများကိုလည်း ရှောင်ရှားနိုင်ပေလိမ့်မည်။
မြန်မာနိုင်ငံ အနေဖြင့်လည်း လူဦးရေ သန်း ၆ဝ ခန့်ရှိမည်ဟု ယူဆခဲ့သော်လည်း ယခု ရှေ့ပြေးစာရင်းအရ ၅၁ သန်းခန့်သာရှိ နေသည်ဟုသိရပြီး မွေးနှုန်းထက် သေနှုန်းက ပိုမိုမြင့်မားနေခဲ့ခြင်းသည်လည်း အကြောင်း ရင်းတစ်ရပ်ဖြစ်သည်ဟု သိရသဖြင့် နိုင်ငံ၏ အနာဂတ်ကံကြမ္မာနှင့် နိုင်ငံသားတို့၏အနာဂတ် ကံကြမ္မာကို အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ် အဖြေရှာနိုင်ရန် လွန်စွာအရေး ကြီးသည်ဟု ယူဆမိသည်။
Credit - Eleven Media Group

No comments:

Post a Comment