Sunday, September 14, 2014

ပြောင်းလဲမှုကို ဘယ်သူတွေလုပ်မလဲ

Credit - The Voice Weekly

ဆိုရှယ်ကွန်ရက်ဖြစ်တဲ့ Facebook ပေါ်မှာ အိန္ဒိယနိုင်ငံက ရိုက်ကူးပြီး တင်ထားတဲ့ ဗီဒီယိုပြကွက်လေး တစ်ခုကို မျှဝေထားတာကြောင့် ကြည့်ဖြစ်လိုက်ပါတယ်။ ဗီဒီယိုပညာပေး ပြကွက်လေး အမည်က “I am that change” ပါ။ ရိုက်ကူးတင်ဆက်လိုက်တဲ့ ဒါရိုက်တာက Sukumar ဖြစ်ပြီးတော့ ပြသချိန် သုံးမိနစ်လောက် အတွင်းမှာ ရင်ကို ထိသွားစေတဲ့ ပညာပေး ဗီဒီယိုကားတိုလေး တစ်ခုလို့ ဆိုချင်ပါတယ်။


ပညာပေး ဗီဒီယိုကားတွေဟာ ရင်ကို မထိစေတာ များတယ်။ ဥပမာ- လက်ဆေးရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို လက်တွေ ဆပ်ပြာနဲ့ အစအဆုံး ဆေးပြပြီး နောက်ခံသီချင်းတွေ ဆူညံစွာ ဖွင့်ပြထားတာကို တင်ဆက်မှု ကောင်းတဲ့၊ ရသမြောက်တဲ့၊ ရင်ကိုထိစေတဲ့ ပညာပေး အစီအစဉ်တစ်ခုလို့ မခေါ်ချင်ပါဘူး။ ပညာသားပါပါနဲ့ စိတ်ထဲနှလုံးသားထဲမှာ စွဲပြီး အမြဲလုပ်ချင် ကိုင်ချင်နေအောင် စည်းရုံးနိုင်မှ ရသမြောက်တဲ့ စီစဉ်တင်ဆက်မှုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

I am that change ဆိုတဲ့ ဇာတ်လမ်းတိုလေးဟာ မကောင်းမှု မှန်သမျှ၊ ကိုယ်ကျင့်သိက္ခာနဲ့ မညီမှု မှန်သမျှ၊ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်မှု မှန်သမျှကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲခိုင်းသည် ဆိုစေ ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှု မရှိရင် မရနိုင်ဘူးလို့ ဖော်ကျူးထားပါတယ်။ ဒါကြောင့်လည်း ပြောင်းလဲမှုဆိုတာ ကိုယ်တိုင်လုပ်မှ ရမှာလို့ ဆိုချင်ပါတယ်။ ဆရာတော်ကြီးတစ်ပါးက ကိုယ်ကျင့်တရား ဆိုတာကို အဓိပ္ပာယ်ဖွင့်သွားတာ အလွန်သဘောကျမိပါတယ်။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်ကျင့်ရတဲ့ တရားတဲ့။

ကားမောင်းရင်း ဖုန်းပြောလာတယ်။ ယာဉ်ထိန်းရဲက တားတယ်။ ယာဉ်ထိန်းရဲကို ပိုက်ဆံထောင်ပြတယ်။ စာမေးပွဲ စစ်နေတယ်။ မဖြေနိုင်လို့ အခက်တွေ့နေတယ်။ ဘေးက ဖြေနိုင်သူက အဖြေလွှာကို တွန်းပို့လိုက်တယ်။ လမ်းပေါ်မှာ ကလေးတစ်ယောက်နဲ့ မိခင်တစ်ယောက် လမ်းလျှောက်လာတယ်။ ကလေးက အချိုရည်ဘူး သောက်လာတယ်။ ကုန်သွားတော့ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ဘူးခွံက အမှိုက်ပုံးထဲ မရောက်ဘဲ အောက်ကို ကျသွားတယ်။ ကလေးမိခင်က လှည့်တောင်မကြည့်ဘဲ ကလေးကို လက်ဆွဲပြီး ထွက်သွားတယ်။ ပွဲတစ်ခုမှာ လူတိုင်း လုံခြုံရေးစက်ကို ဖြတ်ဝင်ကြရတယ်။ နာမည်ကြီး မင်းသားတစ်ယောက် ရောက်လာတယ်။ အစောင့်တွေက လုံခြုံရေးစက်ဘေးက တားဆီးကြိုးကို ဖြုတ်ပေးပြီး လွတ်လပ်စွာ ဝင်စေတယ်။

နေရာတိုင်းမှာ အမှုမဲ့ အမှတ်မဲ့ဆိုတဲ့ သဘောတရားလေးတွေဟာ ဘာမှ မဖြစ်လောက်ပါဘူးလို့ ထင်ရပေမယ့် ဒီလို မှတ်တမ်းနဲ့ ကြည့်လိုက်ရချိန်မှာ သေးသေးလေးက အကြီးကြီး ဖြစ်သွားတယ်။ လာဘ်ပေးတာကို အိတ်ထဲ ကောက်ထည့်လိုက်တာ လူမမြင်ရင် ဘာမှမဖြစ်ပေမယ့် လူမြင်သွားရင် တိုင်းပြည်နဲ့ လူမျိုးအားလုံးကို သိမ်းကျုံး ထိခိုက်စေတယ်။ စာမေးပွဲမှာ ခိုးချတယ် ဆိုတာလည်း၊ စာမေးပွဲမှာ အောင်မှတ်ကောင်းကောင်း ရနိုင်ပေမယ့် စိတ်ဓာတ်မှာတော့ သုည ဖြစ်သွားနိုင်တယ်။ အမှိုက်တစ်စကို ဘာမှမဖြစ်လောက်ဘူး ထင်ပြီး ပစ်လိုက်တာဟာ ကိုယ့်ဂုဏ်သိက္ခာကို လမ်းဘေးရောက်သွားအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တယ်။ ငါ ဗီအိုင်ပီပဲလေ ဆိုပြီး ထင်တိုင်း လုပ်လိုက်တဲ့ ကိစ္စတစ်ခုဟာ အများအမြင်မှာတော့ သုံးစားမရတဲ့ တန်ဖိုးမဲ့သူ တစ်ယောက် ဖြစ်သွားစေနိုင်တယ်။

လာဘ်ယူမလား၊ ခိုးချမလား၊ စည်းကမ်းမဲ့မှာလား၊ ဂရုမစိုက်လုပ်မှာလား ဆိုပြီး အထင်အမြင်သေးစိတ်နဲ့ ဗီဒီယိုကို ဆက်ကြည့်လိုက်တော့ ရဲက လာဘ်ပေးတဲ့ ငနဲဆီကို ချလန်ဖြတ်ပိုင်းဖြတ်ပြီး ပစ်ပေါက်လိုက်တယ်။ ခိုးချဖို့ ပေးတဲ့စာရွက်ကို ကောင်မလေးက ခေါင်းခါပြီး ပြန်တွန်းပေးလိုက်တယ်။ သူ့ကြောင့် လမ်းဘေးကျသွားတဲ့ ဘူးခွံကို မိခင်ဆီကနေ လက်ဖြုတ်ကာ ပြန်ပြေးလာပြီး ကလေးက အမှိုက်ပုံးထဲ ပြန်ထည့်တယ်။ နာမည်ကျော် ရုပ်ရှင်မင်းသားက လုံခြုံရေးဂိတ်ပေါက်က မဟုတ်ဘဲ ဖြတ်လာမိတာကို မှားမှန်းသိပြီးတော့ ပြန်ထွက်၊ ဂိတ်ပေါက်ကိုဖြတ်၊ သူ့ကိုလည်း အခြားသူတွေလိုပဲ အရှာခံတယ်။

ဒါတွေအားလုံးဟာ သုံးမိနစ်စာ ပြကွက်ထဲမှာ ဆက်တိုက် ရင်ကိုထိအောင် လုပ်နိုင်ဖို့ အနုပညာလိုပါတယ်။ ပြောင်းလဲမှုတွေကို တစ်ဦးချင်း တစ်ယောက်ချင်းကနေ ပြောင်းရမှာပါ။ ငယ်စဉ်ကတည်းက ကြားဖူးတဲ့ ပုံပြင်ထဲကလို နို့အိုးချပြီး တစ်ရွာလုံး နို့လာဖြည့်ခိုင်းတာကို၊ တစ်ဦးချင်းစီက “မဖြစ်လောက်ပါဘူးလေ” “မသိလောက်ပါဘူးလေ” ဆိုပြီး ရေတွေချည်း လာဖြည့်နေတာကြောင့် နို့အိုးကနေ ရေအိုးဖြစ်သွားရတဲ့ ဇာတ်လမ်းကို လူတိုင်းသိကြမှာပါ။

ပြောင်းလဲမှုဆိုတာ ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။ ဘယ်တော့လုပ်လုပ် နောက်မကျပါဘူး။ ဘယ်အချိန်လုပ်လုပ် ဂုဏ်ရှိပါတယ်။ ဘယ်နေရာမှာလုပ်လုပ် မြင့်မြတ်ပါတယ်။ ပြောင်းလဲမှုအတွက် အချိန်မဆိုင်းပါနဲ့။ ခုပဲ စလုပ်လိုက် ကြရအောင်လား။

အယ်ဒီတာ (၁၃-၉-၂၀၁၄)

----------------------------------
The Voice Daily Editor's Word Vol-2,No-131 (#voiceeditorial)

No comments:

Post a Comment