Sunday, September 14, 2014

နိုင်ငံရေးပါတီ ၆၈ပါတီ ဘာလို့ အတူတူ မဆွေးနွေးနိုင်တာလဲ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးရင် ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ဖို့ကိစ္စ နိုင်ငံရေးပါတီ ၆၈ပါတီ တစ်ညီတစ်ညွတ်တည်း မဆွေးနွေးနိုင်သေးဘူးဖြစ်နေပါတယ်။ စက်တင်ဘာ ၁၃ရက်နေ့က ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF စီစဉ်တဲ့ ၆၈ပါတီ ဆွေးနွေးပွဲကို အာဏာရ USDP နဲ့ အတိုက်အခံပါတီ NLD အပြင် UNA အဖွဲ့ကလည်း မတက်ရောက်ခဲ့ပါဘူး။


နိုင်ငံရေးမူဘောင်အတွက် ဆွေးနွေးပွဲ နိုင်ငံရေးပါတီတွေကြားမှာ အုပ်စု ၃စု ကွဲနေပြီး အခုလို ကွဲပြားနေတာဟာ ပါတီအားလုံးရဲ့ ချို့ယွင်းချက်ဖြစ်တယ်လို့ ဒီမိုကရက်ပါတီ(မြန်မာ)ရဲ့ဥက္ကဌ ဦးသုဝေက ပြောပါတယ်။ နိုင်ငံရေးပါတီတွေဟာ အယူအဆမတူတာတွေကို ညှိနှိုင်းနိုင်ရမှာဖြစ်ပေမယ့် လက်တွေ့မှာတော့ ထင်သလောက် မရင့်ကျက်ကြဘူးလို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲအပြီး ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဟာ ၈ပွင့်ဆိုင်ဖြစ်ရမယ်လို့ မြန်မာအစိုးရက တင်ပြထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သုံးပွင့်ဆိုင်တင်ပြထားတာကြောင့် အစိုးရပြောတဲ့ ၈ပွင့်ဆိုင်ဆိုတာ အရင် အမျိုးသားညီလာခံလုပ်တုန်းက အလွှာ ၈လွှာပုံစံမျိုးဖြစ်နေပေမယ့် အခြေအနေချင်းတော့ မတူဘူးလို့ ဦးသုဝေက ဆိုပါတယ်။
ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာကျင်းပတဲ့ ၆၈ပါတီ တွေ့ဆုံပွဲကို ပါတီစုစုပေါင်း ၅၆ခုပဲ တက်ရောက်ခဲ့ပြီး ပါတီအားလုံးကိုယ်စားပြုတဲ့ အဖွဲ့တစ်ခုဖွဲ့ဖို့ အဆိုတင်သွင်းမှာဖြစ်သလို မူဘောင်ချမှတ်ဖို့ ပါတီတစ်ခုချင်းစီရဲ့သဘောထားတွေ တင်ပြကြရမှာဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲမှာ ပါတီတိုင်းရဲ့သဘောထားတွေပါပေမယ့် တကယ့်တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ သဘောထားတွေကို ထင်ဟပ်မှ အင်အားရှိမှာဖြစ်သလို အင်အားကြီးပါတီတွေလည်း မပါလို့မရဘူးလို့ ရခိုင်အမျိုးသားပါတီက ဒုတိယဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ချင်းအမျိုးသားပါတီက ဦးဇိုဇန်ကတော့ အခုဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေ အားလုံး မတက်ရောက်ပေမယ့် မူဘောင်ချမှတ်ဖို့ ၆၈ပါတီကြားမှာ ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အခက်အခဲမရှိဘူးလို့လည်း သူက ဆိုပါတယ်။
၆၈ပါတီ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ဦးဉာဏ်ဝင်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရားဝင်ပြောဆိုခဲ့ပါတယ်။
Credit - Kamayut Media

No comments:

Post a Comment