Tuesday, September 16, 2014

ကျောင်းပြင်ပ အလယ်တန်းပညာရေး အခြေခံပညာရေး ဥပဒေ အတည်ပြုပြီးမှသာ စတင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
နိုင်ငံတစ်ဝန်း အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာ ဆက်လက် မသင်ယူနိုင်သော ကလေးငယ်များအတွက် ကျောင်းပြင်ပ အလယ်တန်း ပညာရေးကို အကောင်အထည်ဖော်ရန် ပညာရေး ဝန်ကြီးဌာနက တရားဝင် ကြေညာထားသော်လည်း အခြေခံပညာရေး ဥပဒေ အတည်ပြုပြီးမှသာ ကျောင်းပြင်ပ အလယ်တန်း အဆင့်ထိ တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အခြေခံပညာရေး ဥပဒေတွင် ကျောင်းပြင်ပ ပညာရေး အစီအစဉ်နှင့် ပတ်သက်သော ရည်မှန်းချက်များ ထည့်သွင်းရမည် ဖြစ်သောကြောင့် ယင်းဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ကျောင်းပြင်ပ အလယ်တန်း ပညာရေးကို စတင်နိုင်ဖွယ် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“အလယ်တန်းအောင်ပြီး ကျောင်းဆက်မတက်ဘူး အသက်မွေးဝမ်းကျောင်း အလုပ်လုပ်မယ်ဆိုရင် အလယ်တန်း အောင်လက်မှတ်က အစိုးရ အသိအမှတ်ပြုတယ် ဆိုတာ လိုသေးတယ်။ အဲဒါကြောင့် ဥပဒေမှာလည်း ထည့်သွင်း အတည်ဖြစ်ဖို့ကလည်း လိုတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် ပညာရေး ဝန်ကြီးဌာန၏ ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း မူကြမ်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ရန်ပုံငွေအဖွဲ့ (UNESCO) ထံ ပေးပို့ထားကြောင်း ပညာရေး ဝန်ကြီးဌာန၊ ကျောင်းပြင်ပ ပညာရေး ဌာနထံမှ စုံစမ်းသိရှိရသည်။
ကျောင်းပြင်ပ အလယ်တန်းသင်ရိုးကို သမားရိုးကျသင်ရိုး မဟုတ်ဘဲ လက်တွေ့ အလုပ်အကိုင်နှင့် ဆက်စပ်သော သင်ရိုးညွှန်းတမ်းပုံစံ ရေးဆွဲထားကြောင်း၊ အထက်တန်းအဆင့် ဆက်လက် တက်ရောက်ရန် ခက်ခဲသူများအတွက် စိုက်ပျိုးရေး၊ လူမှုဆက်ဆံရေးနှင့် အီလက်ထရွန်နစ် ဘာသာရပ်များကိုပါ ထည့်သွင်းလျက်ရှိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။
UNESCO ၏ ပြင်ဆင်အကြံပြုချက်နှင့် အခြေခံပညာရေး ဥပဒေ ရေးဆွဲချိန်တို့ကို စောင့်ဆိုင်းရသည့်အတွက် အကောင်အထည်ဖော်မည့် နှစ်ကို မသိနိုင်ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။
ပညာရေး ဝန်ကြီးဌာနက ကျောင်းပြင်ပ မူလတန်းပညာရေးကို ၂၀၀၈ ခုနှစ်ခန့်က စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၈၉ မြို့နယ်အထိ တိုးချဲ့ထားပြီး ဖြစ်ကြောင်း ယင်းဌာနက ကြေညာထားသည်။
(နေဇာကျော်)
Credit - The Voice Weekly

No comments:

Post a Comment