‘‘ခံခဲ့ရတဲ့ သူတွေဘက်က နိုင်ငံရေးအကျဉ်းသားဖြစ်စေ၊ သံဃာတော်တွေဖြစ်စေ
ခွင့်လွှတ်နိုင်လားမေးတာ အဆင့်ကျော်နေပါတယ်။ ကာယကံရှင်တွေက ၀န်ခံဖို့၊
ပြီးတော့ ၀န်ချတောင်းပန်ဖို့ လိုပါတယ်။
သမိုင်းမှာ အာဏာရှိတိုင်းလည်း ပြီးလို့မရပါဘူး’’ဟု စက်တင်ဘာ ၁၈ ရက်က
ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ဦးမင်းကိုနိုင်ကပြောကြားခဲ့သည်။
ကျောင်းဝင်းများထဲသို့ လက်နက်များဖြင့် အဓမ္မ ၀င်ရောက်စီးနင်းခြင်း၊ ဗုဒ္ဓဆင်းတုတော်များ ဖျက်ဆီးခံရခြင်း၊ လက်နက်မရှိသော သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းများကို မေ့မရသော်လည်း ပြုခဲ့သူများနှင့် အပြုခံရသူများ နောက်နောင်ထိုကဲ့သို့ အဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန်နှင့် စုစည်း ညီညွတ်စွာ ရှေ့ဆက်နိုင်ရန်သာ သင်ခန်းစာယူသင့်သည်ဟုလည်း ဦးမင်းကိုနိုင်က ပြောသည်။
‘‘အပြစ်ကိုအပြစ်လို့မြင်ပြီးတော့ ၀န်ချတောင်းပန်ရင် အပြစ်လုပ်ခံရတဲ့သူကလည်း ကျေနပ်ရမှာပါ။ သူတို့ကိုယ်တိုင်က ၀န်ချ တောင်းပန်ခြင်းရှိမယ်ဆိုရင် ဒီဘက်ပုဂ္ဂိုလ်တွေကလည်း ကျေအေးဖို့အဆင်သင့်ပါပဲ’’ ဟု ရွှေဝါရောင်တော်လှန်ရေးကာလတွင် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ခဲ့သည့် ဆရာတော်ဦးဥတ္တမက 7 Day Daily သို့ပြောသည်။
အစိုးရက စက်သုံးဆီဈေး နှုန်းများ အဆများစွာ ကြီးမြင့်လိုက်၍ ဖြစ်ပေါ်ခဲ့သော လူထုဆန္ဒပြမှုများနောက်ပိုင်း ၂၀၀၇ စက်တင်ဘာ ၅ ရက်တွင် ပခုက္ကူရှိ သံဃာများအရေးတွင် စစ်အစိုးရ၏ အကြမ်းဖက်ခဲ့မှုများကြောင့် ရန်ကုန်မြို့ရှိ ကျောင်းတိုက်ကြီးများမှ သံဃာတော်များစုပေါင်း၍ သပိတ်မှောက် ကံဆောင်ခဲ့ကြသည်။
အဆိုပါရက်များတွင် သံဃာတော်များသည် မေတ္တသုတ်ရွတ်ဖတ်၍ စီတန်းလမ်းလျှောက်ခဲ့ကြခြင်းဖြစ်ပြီး အာဏာပိုင်များက လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူ သံဃာများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ ပစ်ခတ်ခြင်း၊ ညအချိန်များတွင် ကျောင်းတိုက်များသို့ ၀င်ရောက်စီးနင်း၍ ဖမ်းဆီးခြင်း၊ ကျောင်းတိုက်ရှိ ပစ္စည်းများအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်ခဲ့သော အဆိုပါ ကာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ဂျပန်လူမျိုး သတင်းထောက်တစ်ဦးအပါအ၀င် ပြည်သူများ၊ သံဃာတော်များ သေဆုံးမှုများရှိခဲ့သော်လည်း သေဆုံးသူမည်မျှရှိခဲ့ကြောင်း မသိရှိခဲ့ရပေ။ နိုင်ငံပိုင် မီဒီယာများကမူ ငွေကြာရံ ကျောင်းတိုက်၊ ဓမ္မသုခစာသင်တိုက်၊ မင်္ဂလာရာမစာသင်တိုက်၊ ပညာရာမိကကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက်၊ မဂ္ဂင်ကျောင်းတိုက် စသဖြင့် ကျောင်းတိုက်ကြီး ၁၈ ကျောင်းမှ သံဃာတော်များသည် ၀ိနည်းများနှင့် မညီညွတ်၍ အရေးယူခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေး (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စက်တင် ဘာ ၁၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယစာသင်တိုက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာတော်များက ဦးဆောင် ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များနှင့် ၈၈ မျိုးဆက်မှ ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ − နစ်ကီ
No comments:
Post a Comment