Sunday, September 14, 2014

ယာမြေဧက ၃၀၀၀ ကျော် ပြန်ပေးဖို့ ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်က သိမ်းဆည်းခံထားရတဲ့ ယာမြေဧက သုံးထောင်ကျော်ကို ပြန်ပေးဖို့ ဒေသခံတောင်သူ၂၀၀ ကျော်က ဒီနေ့ ချောင်းဦးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သိမ်းဆည်းခံထားရတဲ့ ယာမြေဧက သုံးထောင်ကျော်ထဲက ဧက ၅၀၀ လောက်ကို ကုမ္ပဏီတစ်ခုက သီးစားငှားရမ်းလုပ်ကိုင်ဖို့ စီစဉ်နေတဲ့အတွက် မူလလုပ်ကိုင်ခဲ့တဲ့ တောင်သူတွေထံ ပြန်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မန်ကျည်းပုတ်ကျေးရွာက တောင်သူ ဦးစန်းလွင်က ပြောပါတယ်။


"ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ဒီမြေဧရိယာ ဧက ၅၀၀ ကို ရွှေပေါင်ရေးကုမ္မတီကို တစ်ဧက ၂ သိန်းနှုန်းနဲ့ သီးစားချမယ်ဆိုလို့ ကျနော်တို့ ကန့်ကွက်တာပါ၊ မတရားသိမ်းယူထားတဲ့ မြေတွေကိုပြန်လည်ရရှိရန်အတွက်၊ ပြီးတော့ကျတော့ ပြည်သူ့ဘက်ကမပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အလိုမရှိတဲ့အတွက် ခရိုနီတွေ အာဏာပိုင်တွေနဲ့ပေါင်းနေပြီး မြေဧက ၅၀၀ ကိုသီးစားခွင့်ချထားခွင့်တောင်းတဲ့အတွက် ကျနော်တို့ မိဘလက်ငုတ် ဦးပိုင်ပေါက် ဘိုးလွားလက်ငုတ်မြေတွေကို ပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြတာပါ"

ချောင်းဦးမြို့နယ် ငါးလုံးတင်၊ မန်ကျည်းခွ၊ တောကျောင်းကြီး၊ ကမ်းနိမ့်၊ ရွှေလှေစတဲ့ကျေးရွာ ၅ရွာနဲ့ မြောင်မြို့နယ် မန်ကျည်းပုတ်ကျေးရွာက ယာမြေဧက စုစုပေါင်း ၃၀၀၀ကျော်ကို လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်က လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ပြည်သူ့လုပ်အားပြန်လည်နေရာချထားရေး ဦးစီးဌာနက သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အဲ့ဒီယာမြေတွေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ လယ်ယာမြေနဲ့အခြားမြေများစုံစမ်းရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီတို့ကို စာပေးပို့တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြတောင်သူတွေက ဆိုပါတယ်။

ဒီနေ့ဆန္ဒပြပွဲအပြီးမှာ သိမ်းဆည်းခံထားရတဲ့ ယာမြေတွေကို ပြန်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကို ဆန္ဒပြတောင်သူတွေက စာပေးပို့တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Credit - RFA Burmese 

No comments:

Post a Comment