တရားရုံးနဲ့ ရဲစခန်းတွေမှာ လူသတ်မှု ကျူးလွန်နေကြတဲ့ သတင်းတွေ ခုတစ်လော
ဆက်တိုက်လို ဖတ်နေရတယ်။ ညောင်လေးပင် ရဲစခန်းထဲမှာ တာဝန်ကျ ရဲအုပ်ရှေ့မှာပဲ
ခင်ပွန်းဖြစ်သူက ဇနီးကို ဓားနဲ့ ထိုးသတ်လိုက်လို့ သေတဲ့သတင်း၊
ကျောက်ဆည်မြို့နယ် တရားရုံးမှာ တရားသူကြီးရှေ့မှောက် သက်သေထွက်ဆိုနေသူကို
တရားခံအဖြစ် စွပ်စွဲခံထားရသူက ဓားနဲ့ထိုးတဲ့သတင်း၊ မကွေးတိုင်း
မြိုင်မြို့နယ်မှာ ရဲစခန်းက ခိုးရာပါပစ္စည်း လက်ခံမှုနဲ့
ခေါ်စစ်ခံရသူတစ်ဦးကို ရဲက
လက်လွန်လို့ သေသွားရတဲ့သတင်း စတာတွေကို မပြတ်
ဖတ်နေရတော့ မြန်မာနိုင်ငံ ပြည်သူတွေအတွက် လုံခြုံရေးတွေ၊
တရားဥပဒေစိုးမိုးရေး ဆိုတာတွေကို တာဝန်ယူနေသူတွေထဲမှာ ပါနေတဲ့
ပြည်သူ့ရဲတွေရဲ့ အခန်းကဏ္ဍကို ပြန်ပြီး လေ့လာဆန်းစစ်ဖို့ လိုလာပြီလို့
ထင်ပါတယ်။
ဒီခေတ်အစိုးရရော၊ ပြီးခဲ့တဲ့ အစိုးရရော “လုံခြုံရေးနဲ့
တရားဥပဒေစိုးမိုးရေး” ဆိုတဲ့ စကားတွေ သိပ်ပြောတယ်။ ခုတော့ ပြည်သူတွေရဲ့
ဘဝဟာ ရပ်ကွက်ထဲ လူမိုက်ကိုလည်း ကြောက်ရ၊ မူးပြီး ဆဲနေသူကိုလည်း
ရှောင်ရရှားရ၊ ဆိုင်ထိုင်လို့လည်း ဘေးဘီကိုတောင် မျက်မွေးထော်ပြီး
မော်မကြည့်ရဲတဲ့ဘဝ၊ သူများနိုင်ငံတွေလို သေနတ်ကို လွတ်လပ်စွာ
ကိုင်နိုင်တဲ့နိုင်ငံ၊ သေနတ်ပေါတဲ့ နိုင်ငံ မဟုတ်သေးတော့ ဓားကြောက်ရ၊
တုတ်ကြောက်ရ၊ ခဲကြောက်ရတဲ့ ဘဝတွေကနေ ခုဆိုရင် အချိန်မရွေး ဓာတ်တိုင်ကနေ
ပြတ်ကျလာနိုင်တဲ့ ဓာတ်ကြိုးကိုတောင် ကြောက်နေရတဲ့ဘဝ ရောက်နေပါပြီ။
ဒါကြောင့် မေးလိုက်ချင်တာက ပြည်သူတွေဘဝ ဒီအစိုးရ လက်ထက်မှာ တကယ်ပဲ
လုံခြုံစိတ်ချ နေရပြီလားလို့လေ။
တရားရုံးနဲ့ ရဲစခန်းထဲကို
တရားခံတွေက ဓားဝှက်ပြီး ယူလာနိုင်တဲ့ အနေအထား ရှိနေတယ် ဆိုတာကတော့
ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ ပြန်မေးရမလို ဖြစ်နေပြီ။ နောက်ဆိုရင်
တရားသူကြီးတွေ၊ ရဲစခန်းမှူးတွေရဲ့ ဘဝပါ လုံခြုံစိတ်ချရပါ့မလားလို့လည်း
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြဖို့ လိုပြီထင်ပါတယ်။
ရဲစခန်းပဲဖြစ်စေ၊ တရားရုံးပဲဖြစ်စေ အရှိန်အဝါဆိုတာ ရှိရတယ်။ ကြည့်ဖူးတဲ့
အိန္ဒိယရုပ်ရှင်ကား၊ ကိုရီးယား ရုပ်ရှင်ကားတွေထဲမှာ တရားရုံးဆိုတာ
ကြည့်လိုက်တာနဲ့ ဖျားသွားရလောက်အောင် ကြီးကျယ်ခမ်းနားတယ်။ တရားစီရင်တဲ့
စစ်ဆေးရေး တရားခွင်တွေကလည်း ပြည်သူတွေ ထိုင်ပြီးနားထောင်ဖို့ ထိုင်ခုံတွေ
အပြည့်ရှိတယ်။ ဂျူရီတွေထိုင်တဲ့ နေရာ၊ တရားခံ၊ တရားလို ရှေ့နေကြီးတွေ
ထိုင်တဲ့နေရာ၊ တရားခံ ထိုင်တဲ့နေရာ၊ ရဲ အစောင့်အရှောက်၊ စာရေးထိုင်တဲ့
နေရာတွေ အားလုံး စနစ်တကျ ခံ့ညားထည်ဝါစွာ စီစဉ်ထားတာကိုက တရားရုံးဆိုတာ
အရှိန်အဝါ၊ ဂုဏ်သိက္ခာ ကြီးမြတ်တဲ့နေရာ ဆိုတာကို အလိုအလျောက်
ဖော်ကျူးပြီးသား ဖြစ်နေတယ်။
မြန်မာနိုင်ငံမှာကတော့ ဆိုရှယ်လစ်
ခေတ်ကတည်းက ဆိုက်ကားဆရာလည်း တရားသူကြီး တက်ဖြစ်အောင် စနစ်တကျ ဖျက်ဆီးခြင်း
ခံခဲ့ရပြီး၊ တရားရုံး အမှုစစ်တဲ့နေရာ ဆိုတာကလည်း ပြည်သူတွေကို
ထိုင်နားထောင်ရလောက်အောင်တောင် ခုံတွေ ချမပေးထားနိုင်တဲ့၊ ပြည်သူကို
အလေးမထားတဲ့ တရားစီရင်မှုမျိုးတွေကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာ
ဆိုတော့ ခမ်းနားထည်ဝါမှုတွေ ဆိတ်သုဉ်းပြီးတော့ ဖြစ်သလို တရားစီရင်ရေး သဘော
သက်ရောက်နေချိန်မှာ ဖြစ်ချင်တာတွေ ဖြစ်လာတာလည်း မဆန်းဘူးလို့
ဆိုရတော့မှာပဲ။
မြန်မာပြည် ရဲဆိုတာတွေကလည်း ကြည့်လိုက်ရင် ဘယ်လိုမှ
မခံ့ညားတဲ့ ရုပ်သွင်၊ ယူနီဖောင်း အဆင်အပြင်၊ ဖြစ်သလို
ဝတ်စားဆင်ယင်နေမှုတွေနဲ့ ခုထက်ထိ ဖြစ်သလို စုစည်းထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့
အသွင်ဆောင်နေဆဲ ဆိုတာ ရထားတွေ၊ ဘူတာတွေ၊ သင်္ဘောဆိပ်တွေမှာ လိုက်ကြည့်ရင်
တွေ့နေရသေးတယ်။
တစ်လောက ကိစ္စတစ်ခုရှိလို့ တက္ကစီစီးပြီး တာမွေဘက်
သွားတယ်။ ကျွန်တော်စီးလာတဲ့ တက္ကစီက မီးဝါလာတာကို ဖြတ်မောင်းလာလို့ ဆိုပြီး
တစ်နေရာမှာ ယာဉ်ထိန်းရဲက တားတယ်။ ယာဉ်ထိန်းရဲက မှတ်စုစာအုပ်လေး
တစ်အုပ်ကိုင်လာပြီး စကားတွေ အများကြီး ပြောတယ်။ ပြီးတော့ သူ့မှတ်စု
စာအုပ်လေးကို ယာဉ်မောင်းပေါင်ပေါ် လွတ်ချလိုက်တယ်။ ယာဉ်မောင်းက
မှတ်စုစာအုပ်ထဲက တစ်ထောင်တန်တစ်ရွက် ထည့်ပေးလိုက်ပြီး စာအုပ်ကို
ပြန်ကမ်းပေးလိုက်တယ်။
မနေ့က ဗိုလ်ချုပ်ဈေးအလွန်မှာ
မျဉ်းဖြူနီစည်းထဲ ရပ်နေတဲ့ ကားတစ်စီးကို ယာဉ်ထိန်းရဲက ဖမ်းတယ်။ ကားသမားက
ယာဉ်ထိန်းရဲကို မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောနေတာ နားမခံသာဘူး။
လူမျိုးခြားလည်း ဖြစ်ပြီး ကိုယ့်မြန်မာကို စော်ကားမော်ကား ပြောနေတာ
နားမခံသာတဲ့ဘေးက လူတွေက မင်းဘာလဲ၊ ငါဘာလဲဆိုတာတွေ ဝင်ပြောလိုက်မှ
လိုင်စင်ကို ထုတ်ပေးတယ်။ ဒါတွေဟာ ကိုယ်ပြုသမျှဒဏ် ကိုယ်ခံနေကြရတဲ့
အမှုတွေပဲလို့ စိတ်ထဲမှာ ထင်လိုက်မိပါတယ်။
တရုတ်နိုင်ငံမှာ
ပြည်နယ်တစ်ခုအတွင်း တိုက်ခိုက်မှုတွေ များလွန်းတော့ ရဲတွေကို
သေနတ်ကိုင်ခွင့်တွေ ပေးတယ်။ သေနတ်ကိုင်ဖို့ သင်တန်းတွေလည်း ပေးတယ်။
သေနတ်အိတ်ထဲက သေနတ် အကြောင်းမဲ့ ထုတ်မိရင် ဘာကြောင့် ထုတ်ရတယ်ဆိုတာ
ထုချေရတယ်လို့လည်း ဖတ်ရတယ်။ ပြီးတော့ ရဲတွေကို ယူနီဖောင်းကအစ ခံ့ထည်စွာ
ဆင်တယ်။ သန်မာထွားကျိုင်းတဲ့ ကိုယ်ခန္ဓာနဲ့ ခံ့ထည်သူတွေကိုပဲ
ခန့်တယ်လို့လည်း ဖတ်လိုက်ရတော့ ဘွဲ့မရလည်း ရဲထဲ ဝင်နိုင်တယ်၊ ကိုယ်ခန္ဓာ
အတိုင်းအထွာ၊ အရပ်အမောင်းက အဓိက မဟုတ်ဘူးဆိုတဲ့ သဘောတွေနဲ့ လက်ခံချင်တိုင်း
လက်ခံနေတဲ့ ရဲတပ်ဖွဲ့နဲ့ကတော့ ဘယ်လိုမှ လူလေးစားလောက်အောင်
ထူထောင်နိုင်မှာ မဟုတ်ပါဘူး။
ရုပ်ဂုဏ်၊ ပညာဂုဏ်၊ အဆင်တန်ဆာ
ဂုဏ်တွေနဲ့ မြှင့်တင်ဖို့ထက် စိတ်ဓာတ်ကို မြှင့်တင်ဖို့က အဓိကကျတယ်
ဆိုတာကိုလည်း သဘောပေါက်ထားရင် ပိုကောင်းမယ် ထင်တယ်။ စင်ကာပူမှာ ရဲကို
လာဘ်ပေးလို့ အရေးယူခံရတဲ့သူတွေ ရှိတာကို သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။
သူတို့နိုင်ငံတွေက လာဘ်မစားရလောက်အောင် လစာ၊ အခြေအနေတွေ
ဖြည့်ဆည်းပေးထားပြီး ကိုယ်တိုင်လည်း လာဘ်မစား၊ နိုင်ငံကြီးသား ဆိုတာကို
အလွန်ဂုဏ်ယူကြတယ် ဆိုတာကို မြန်မာနိုင်ငံက ရဲတွေမှာလည်း လေ့ကျင့်ပျိုးထောင်
ကြံဆောင်သင့်ပြီ ထင်ပါတယ်။
တည်ကြည်ခံ့ညား လေးစားလောက်တဲ့
ရုပ်ရည်သွင်ပြင် အမူအရာ၊ အားကိုးယုံကြည်လောက်တဲ့ စိတ်ဓာတ်ခိုင်မာသူတွေ၊
ပညာတတ်ပြီး တွေးခေါ်စဉ်းစား အရာရာကို ချင့်ချိန်မျှတ ကိုင်တွယ်နိုင်စွမ်း
ရှိသူတွေ၊ ကိုယ်ကျင့်တရားကောင်းပြီး ပြည်သူ့အိုးအိမ် အသက်စည်းစိမ်ကို
ဘာမျှော်ကိုးမှုမှ မရှိဘဲ စွန့်လွှတ် ကာကွယ်နေတဲ့ ပြည်သူ့ရဲလို့ ရင်ကော့
ခေါင်းမော့ပြီး စိန်ခေါ်နိုင်တဲ့ ခေတ်ကိုတော့ မျှော်လင့်မိပါတယ်။
ကျော်ဗလ
-----------------------------
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါ)
Credit - The Voice Weekly
No comments:
Post a Comment