
အာဇာနည်နေ့ဟာ တစ်နိုင်ငံလုံးက ပြည်သူတွေ ဝမ်းနည်းပူဆွေးပြီး မျက်ရည်ကျဖို့မဟုတ်ဘဲ တစ်မျိုးသားလုံး သန္နိဌာန်ချဖို့ဖြစ်တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင်က အာဇာနည်နေ့မှာ ဘာကိုသန္နိဌာန်ချခိုင်းတာလဲ။
အာဇာနည်နေ့ဟာ မျက်ရည်ကျဖို့မဟုတ်ဘဲ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့နဲ့ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဆက်ပြီးကြိုးစားသွားမယ်လို့ သန္နိဌာန်ချဖို့သာလိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် ဒီမိုကရေစီစနစ်သာ ထိုက်တန်တယ်လို့ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုဟာ ဆက်နွယ်နေတာ ထင်ရှားပါတယ်လို့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောဆိုခဲ့ပါတယ်။
အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၇နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်အပါအဝင် နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ပါတီရဲ့ကြေညာချက်မှာလည်း ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ရေးနဲ့ ဒီမိုကရေစီစံနဲ့ကိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးကို ပြောဆိုခဲ့ပါတယ်။
အာဇာနည်ကြီးတွေကို တကယ်ပဲစိတ်ထဲမှာထားတယ်ဆိုရင် နိုင်ငံရေးပြဿနာကို ဘယ်တော့မှာ အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်းသင့်ဘူးဆိုတာ သဘောပေါက်ရမှာဖြစ်ပြီး ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့တာ နှစ် ၃ဝရှိပြီမို့ ပြည်သူတွေကိုတန်ဖိုးထားတဲ့စနစ်တစ်ခု နိုင်ငံမှာ အခြေခိုင်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ပါတီရဲ့ နာယကကြီး သူရဦးတင်ဦးကတော့ ဒီမိုကရေစီထူထောင်မယ်လို့ ပြောနေသူတစ်ချို့ထဲမှာ ဖက်ဆစ်ဆန်ဆန်၊ စစ်အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်ဖို့ မသမာတဲ့နည်းနဲ့ အနှောင့်အယှက်ဖြစ်အောင် လုပ်နေသူတွေရှိတယ်လို့ သတိပေးလိုက်ပါတယ်။ သတင်းမီဒီယာတွေကို မလုပ်ရဲမကိုင်ရဲဖြစ်အောင် ခြိမ်းခြောက်နေတာကိုလည်း နောက်ဆုံးဥပမာပေးပြီး ပြောဆိုခဲ့ပါတယ်။
ဗွီဒီယိုဖိုင်ကြည့်ရန် - http://www.kamayutmedia.com/2014/07/20/daw-suu-urges-to-make-decision/
No comments:
Post a Comment