
ရန်ကုန်၊ ဇူလိုင် ၂၄
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ညွန်ကြား မှုဖြင့် မြန်မာ့တပ်မတော် အားကစား တိုးတက်စေရန် ဦးပိုင်ကုမ္ပဏီက တန်ဖိုး ငွေကျပ်သိန်း ၁၇၀ ခန့်တန်ဖိုးရှိ ဂျူဒို ဝတ်စုံများ၊ ဂျူဒိုမြက်ဖျာများနှင့် တိုက်ကွမ်ဒိုဝတ်စုံများကို လှူဒါန်းပေးခဲ့ ကြောင်း စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောကြားသည်။
"တပ်မတော် အားကစား အထောက်အကူပြုပစ္စည်းတွေက မကောင်းတော့ဘူး၊ ဘဏ္ဍာနှစ် မှာလည်း မတောင်းထားလို့ ဦးပိုင်ကို လှူဖို့ ကာ/ချုပ်က ညွန်ကြားတာပါ" ဟု ၄င်းကဆိုသည်။
တိုက်ခိုက်ရေး ဗထူးကျောင်းသို့ တိုက်ကွမ်ဒိုဝတ်စုံ ၂၆စုံ၊ တပ်မတော် ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံသို့ တိုက်ကွမ်ဒိုဝတ်စုံ အစုံ ၅၀ နဲ့ ဂျူဒိုဝတ်စုံ ၅၀၊ တပ်မတော် ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ ဂျူဒိုမြက်ဖျာ ၅၀၊ ရတသ ၁ ကို တိုက်ကွမ်ဒိုဝတ်စုံ ၆၀၊ ဂျူဒိုဝတ်စုံ ၆၀ နှင့် ဂျူဒိုမြက်ဖျာ ၈၈ ချပ် တို့ကို ဝယ်ယူ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
တပ်မတော်သားများ အတွက် အားကစားမှာ လိုအပ်ပြီး တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေးဒိုနှင့် မြန်မာသိုင်းစသည့် အားကစားများမှာ တပ်မတော်သားများ အတွက် အလွန်လိုက်ဖက်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ တပ်ဖွဲ့စိတ်ဓာတ်များ ရရှိစေမည် ဖြစ်သည့်အတွက် တပ်မတော်သား အားကစား သမားများပေါ် ထွက်လာရေး စွမ်းဆောင်သွားမည်ဟု တပ်မတော် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဆိုသည်။
တပ်မတော်က အားကစား အခန်းကဏ္ဍ တိုးတက်ရေးအတွက် ရုရှားတပ်မတော် နည်းပြများကို ငှားရမ်းထားပြီး လက်ဝှေ့၊ ဘောလုံး၊ သေနတ်ပစ် အားကစားနည်းပြများကို ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း ၄င်းထံမှ သိရှိရသည်။
No comments:
Post a Comment