Thursday, July 24, 2014

ခမာပြည်ကအပြန်




 
ခမာပြည်ကအပြန်

(written by : နန္ဒ၀င်း(ဆေး-၁))


ကျွန်တော် ဆရာဝန်ဖြစ်တာ ဆယ်စုနှစ်တစ်ခုကျော်လို့ နောက်တစ်ခုရဲ့ တစ်ဝက်နီးပါးကို ချဉ်းကပ်နေပါပြီ။ တစ်ခါသောအခါမှာမှ နာမည်ကြီးမြို့ကြီးတွေမှာ တာဝန် မထမ်းဆောင်ခဲ့ရဖူးပါဘူး။ အစောပိုင်းက ကိုယ့်ဘဝကိုကိုယ် စိတ်မကောင်းဖြစ်မိပေမယ့် နောက်ပိုင်းကျတော့ ကိုယ်တစ်ပိုင်တစ်နိုင်လုပ်နိုင်တဲ့ တောမကျ မြို့မကျ နယ်ကလေးတွေမှာ နေရတာကိုပဲ ပိုလို့ နှစ်သက်လာမိပါတော့တယ်။ အဲဒီလို တောပျော်လေး ကျွန်တော့်အတွက် နိုင်ငံခြားကို လေ့လာရေးသွားဖို့ ရွေးချယ်ခံရတယ်လို့ အကြောင်းကြားခြင်းခံရတဲ့အခါ အံ့ဩဝမ်းသာစွာနှင့် ပျော်ရွှင်လိုက်တာ ပါးစပ်တောင်စေ့မရတော့ပါဘူး။ အကြောင်းကြားလာသူဆရာက နိုင်ငံကတော့ သိပ်မကောင်းဘူး။ ကမ္ဘောဒီးယားဆိုလည်း ပျော်ရွှင်မှုတွေက ရပ်မသွားခဲ့ပါဘူး။
ဘာဖြစ်ဖြစ် တောပျော်တစ်ယောက်အတွက် နိုင်ငံခြားခရီးဆိုတာ ချီးမြှောက်မှု တစ်ခုပါပဲ။

အဲဒီလိုနှင့်ပဲ ကျွန်တော် ခမာတို့တိုင်းပြည် ကမ္ဘောဒီးယားဆီကို အလည်တစ်ခေါက် အရောက်သွားခဲ့ရပါတော့တယ်။ ကျွန်တော်သွားခဲ့တဲ့ခေါင်းစဉ်က အားလုံးပါဝင်သောပညာရေး ဖြစ်ပါတယ်။ မသန်စွမ်းဖြစ်နေလည်း ကျောင်းစာသင်ခန်းများဆီ အရောက်လာစေရေးအတွက် ကျန်းမာရေးဌာနက ပံ့ပိုးပေးနိုင်တာလေးတွေကို လေ့လာနိုင်ရန်ဖြစ်ပါတယ်။ ပညာရေးကိစ္စရပ်များကိုလေ့လာရန် ပညာရေးဌာန ကိုယ်စားလှယ်အုပ်ချုပ်ရေးကိစ္စများကို လေ့လာရန် အုပ်ချုပ်ရေးဌာနကိုယ်စားလှယ်တို့အပြင် ကျွန်တော်တို့ဆီမှာ ဆောင်ရွက်မယ့် ကရုဏာမြန်မာကအဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။ ဖနွမ်းပင်မြို့ကိုစရောက်ကတည်းက ကျွန်တော်တို့အတွက် သိပ်မစိမ်းသလို ခံစားရပါတယ်။ ကျွန်တော်တို့ဆီက မွန်တိုင်းရင်းသားတွေ၊ ကယားတိုင်းရင်းသားတွေ၊ ရှမ်းမျိုးနွယ်စုတွေနှင့် ရုပ်ချင်းအတော့်ကို ဆင်တူကြပါတယ်။ ဖနွမ်းပင်ဟာ လမ်းကျယ်ကျယ်၊ ဆိုင်ကယ်များများ၊ အထပ်မြင့် အဆောက်အအုံတွေထက် ရုံးခန်းပြခန်း ကျယ်ကျယ်တွေနှင့် မန္တလေးကိုရောက်နေသလိုပါပဲ။ သူတို့ဆီမှာ ပိုဆိုးတာက ဆိုင်ကယ်တွေ၊ နောက်တွဲဆိုင်ကယ်(တုတ်တုတ်)တွေက မောင်းချင်သလို မောင်းနေကြတာပါပဲ။တို့နိုင်ငံနှင့် သိပ်မကွာပါဘူးကွာဆိုတဲ့ မှတ်ချက်ဟာ ညနေခင်းအရောက်မှာပဲ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ရောက်ရောက်ချင်းအားနေတဲ့ ညနေဆိုတော့ မဲခေါင်မြစ်နံဘေးကို သွားရောက်လေ့လာခဲ့ရာမှ စတာပါပဲ။ မြစ်မရောက်ခင် လမ်းမှာကတည်းက မြို့လယ်ကောင်မှာ ပြည်သူတွေအနားယူဖို့ နေရာကျယ်တွေ မြက်ခင်းစိမ်းတွေကို တွေ့ရတာပါပဲ။ မြစ်ကမ်းနံဘေးတောက်လျှောက်မှာလည်း အနားယူစရာ အားကစားလုပ်စရာ နေရာတွေကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ပြေးဆော့နေတဲ့ကလေးတွေ၊ ကြက်တောင်ရိုက်သူတွေ၊ ဘောလုံးဂိုးကျဉ်းကန်နေကြသူတွေ၊ လမ်းလျှောက်နေ၊ လေ့ကျင့်ခန်းလုပ်နေတဲ့ မိသားစုတွေကိုကြည့်ပြီး မိုးမြင့်တိုက်ခန်းကြီးတွေ၊ ကုန်တိုက်ကြီးတွေ ဖြစ်သွားတဲ့ ကျွန်တော်တို့ဆီက အများအနားယူရန် ပန်းခြံနေရာတွေကို နှမြောနေမိပါသေးတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့အလံတွေကိုလည်း မြစ်ကမ်းနားတောက်လျှောက် စိုက်ထူပေးထားတာကိုလည်း ဗဟုသုတရဖွယ်တွေ့ရှိခဲ့ရပါတယ်။

နောက်နေ့တွေမှာ ကျွန်တော်တို့ကို တာဝန်ခံခေါ်ယူပေးတဲ့ CRS(Catholic Relief Service) အဖွဲ့နှင့် လုပ်ငန်းအကြောင်း ဆွေးနွေးပြီး သူတို့နိုင်ငံမှာ ရှေ့ပြေးလုပ်ကာ အောင်မြင်နေတဲ့ ပြည်နယ်တစ်ခုကို သွားရောက်လေ့လောစေခဲ့ပါတယ်။ မြို့တော် ဖနွမ်းပင်ကနေ ကီလို ၇ဝ ကျော်သာဝေးတဲ့ တကာအိုပြည်နယ်ကလေးဟာ မြို့တော်နှင့် အဝေးပြေးလမ်းကြောင်းနှစ်ခုနှင့် ရထားလမ်းကြောင်းတစ်ခုတို့ကို အသုံးပြု ဆက်သွယ်ထားပါတယ်။ လမ်းတစ်လျှောက်မြို့ကလေးတွေ တွေ့လိုက်၊ လယ်ကွင်းတွေတွေ့လိုက်၊ မြင်ကွင်းတွေဟာ မြန်မာပြည်နှင့် သိပ်မကွာလှပါဘူး။တစ်ခုကတော့ သူတို့လယ်ယာလုပ်ငန်းဟာ စက်မှုလယ်ယာဘက်ကို ပိုပြီး ရှေ့ရောက်နေတယ်လို့ ထင်မြင်မိပါတယ်။ ခမာမိတ်ဆွေကတော့ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာတွေမှာ စက်မှုလယ်ယာဖြစ်ကုန်ကြ ပြီး ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာတော့ လက်မှုလယ်ယာ လုပ်ကြတယ်လို့ဆိုပါတယ်။

နယ်မြို့ကလေးတွေ တစ်ခုသိတာကတော့ အမှိုက်ကင်းပြီး မြောင်းတွေကလည်း ရေစီးရေလာကောင်းနေတာပါပဲ။ ပြည်နယ်ပညာရေးဌာနကိုလေ့လာကြည့်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ရာခိုင်နှုန်း၃ဝကျော်သာ ကျောင်းဆရာမတွေဖြစ်ကြတာကို တွေ့ရပါတယ်။ ယဉ်ကျေးမှုအစဉ်အလာအရ မိန်းကလေးများကို ပညာတတ်မြောက်အောင် သင်ကြားမပေးကြဘူးဆိုတာကို တွေ့ခဲ့ရပါတယ်။ အမျိုးသမီး စာတတ်မြောက်နှုန်းစတဲ့ အမျိုးသမီးအခွင့်အရေးလုပ်ငန်းတွေမှာတော့ ကျွန်တော်တို့နိုင်ငံ က အပြတ်ကိုသာပါတယ်။

မြန်မာပြည်က ပညာရေးကဏ္ဍတွေမှာ အသေးစိတ်မသိပေမယ့် စိတ်ပါဝင်စားမှုအရ သိရသလောက်နှင့် သူတို့ပညာရေးကို နှိုင်းယှဉ်မိပါတယ်။ ကမ္ဘောဒီးယားမှာ မူလတန်းကျောင်းတွေရဲ့တည်နေရာက တစ်မူထူးခြားလှပါတယ်။စာသင်ကျောင်းတွေအားလုံးကို သက်ဆိုင်ရာရွာက ကိုးကွယ်တဲ့ စေတီ၊ ပုထိုး၊ ကျောင်း၊ တန်ဆောင်းဝန်းကျင်မှာ တည်ဆောက်ထားခြင်းပါပဲ။ အကြောင်းရင်းကိုမေးကြည့်တဲ့ အခါ ကျောင်းအကျိုးတော်ဆောင်ကော်မတီတော်တော်များများဟာ ဂေါပကလူကြီးများ ဖြစ်နေကြတဲ့အတွက် ဥပမာ ဥပုသ်နေ့လိုနေ့မျိုးမှာ ဥပုသ်လာစောင့်ရင်း ကျောင်းအတွက်ပါ တစ်ပါတည်းကြည့်ရှုသွားနိုင်အောင် စီစဉ်ထားတာလည်း တစ်ချက်ပါပါတယ်လို့ ဆိုကြပါတယ်။ ကျောင်းမှာ ရေရရှိရေး၊ အိမ်သာအသုံးပြုရေးစတဲ့ အချက်တွေမှာ သူတို့က ကျွန်တော်တို့ထက် ရှေ့ရောက်နေပါတယ်။ ကျန်တဲ့ အခြေခံအဆောက်အအုံပိုင်းတွေကတော့ ပိန်မသာ လိမ်မသာပါပဲ။ ကျွန်တော်တို့အဓိက လာရောက်လေ့လာတာဖြစ်တဲ့ မသန်စွမ်းကလေးငယ်များ ပညာသင်ယူမှုနဲ့ပတ်သက်ပြီး လေ့လာရသလောက်ဆိုရင် ကျွန်တော်တို့ လေ့လာတဲ့ကျောင်းမှာ မသန်စွမ်းကလေး ကိုးယောက် ကျောင်းတက်နေပါတယ်။ အများစုကတော့ မျက်မှန်လိုအပ်တဲ့ ကလေးတွေပါဘဲ။ ဥာဏ် ရည်နိမ့်သူတချို့နှင့် စကားမပြောနိုင်တဲ့ ကလေးတွေကိုလည်း ကျောင်းတက်နေတာ တွေ့လိုက်ရပါတယ်။
စာသင်ရင်း သူတို့ကိုပါ ပေါ့ပေါ့ပါးပါးတွဲသင်သွားတာ တွေ့လိုက်ရပါတယ်။ မျက်စိအားနည်းတဲ့ကလေးတွေအတွက် ပုံမှန်ကလေးနှင့်အတူ စာအတူတူတွဲဖက်တဲ့ သင်ကြားမှုတွေ စကားမပြောနိုင်တဲ့ကလေးတွေ အတွက် အတန်းရှေ့က ကျောက်သင်ပုန်းမှာ တစ်ဦးချင်း အဖြေတွေထွက်ရေးတဲ့ လေ့ကျင့်ခန်းတွေ စတာတွေနှင့် ချို့တဲ့မှုရှိတဲ့ကလေးတွေဟာ ခွဲခြားခံရခြင်းမရှိဘဲ အားလုံးနှင့်တန်းတူ ပျော်ရွှင်စွာ သင်ကြားနေကြပါတယ်။ တော်တဲ့ကလေးတွေကို ချီးမြှောက်ပုံကလည်း အားကျစရာပါ။ တော်တဲ့ကလေးတစ်ယောက်၊ စာကောင်းကောင်းဖြေနိုင်တဲ့ ကလေးတစ်ယောက် ဒါမှမဟုတ် ကလေးတစ်စုကို အတန်းရှေ့ထွက်ရပ်ခိုင်းပြီး ကျန်ကလေးတွေက ခုံကိုပြိုင်တူတစ်ချက်ပုတ် လက်ခုပ်တစ်ချက်ပြိုင်တူတီး လက်မလေးတွေ လေထဲထောင်ပြ မင်းတော်တယ်။နောက်ခုံကို ပုတ် လက်ခုပ်တစ်ချက် တီး။ လေထဲမှာ အသဲပုံလေးဆွဲပြ။မင်းကိုတို့ ချစ်တယ်။ နောက်ဆုံးတစ်ချက်ခုံကို ပုတ်။ လက်ခုပ်တစ်ချက်တီး။ လက်နှစ်ဖက်လုံးရှေ့ဆန့်မ င်းလိုဖြစ်အောင်ကြိုးစားမယ်ဆိုပြီး သံပြိုင်အော်ရပါတယ်။ ကောင်းလိုက်တဲ့ အလေ့အကျင့်လေးပါပဲ။ တော်တဲ့ကလေးကို ဂုဏ်ပြုခြင်းဖြစ်သလို ကျန်ကလေးတွေကိုပါ တပါတည်းကြိုးစားချင်တဲ့စိတ်ကလေးတွေဖြစ်အောင် လုပ်ပေးလိုက်တဲ့ သင်ကြားနည်းစနစ်လေးကို မှတ်မှတ်ရရသိလိုက်ရပါတယ်။ အနားမှာတစ်ပါတည်းပါလာတဲ့ ပြည်နယ်ဆရာအတတ်သင် ကျောင်းအုပ်ကြီးကို ချက်ချင်းလက်ဆွဲနှုတ်ဆက်ရင်း ဂုဏ်ပြုချီးမွမ်းစကားပြောခဲ့မိပါတယ်။ သို့ပေမဲ့ သူတို့လို အကူအညီမရပေမယ့် ကျွန်တော်တို့နိုင်ငံမှာ မသန်စွမ်းကလေးတွေ တော်တော်များများဟာ စာသင်ကျောင်းတွေမှာ ပိုလို့ရောက်ရှိနေတာကို နှိုင်းယှဉ်မိပါတယ်။ ကျွန်တော်တာဝန်ကျတဲ့ အင်္ဂပူမြို့နယ် တစ်ခုတည်းမှာပင် မသန်စွမ်းကလေး ၈၄ ဦးဟာ ကျောင်းအသီးသီးမှာ နိုင်ငံတကာအထောက်အပံ့မရဘဲ စာသင်ကြားလျက်ရှိတယ်
ဆိုတာကို ပြန်ပြောနိုင်တဲ့အခါ သူတို့တွေ အံ့ဩသွားကြပါတယ်။ ကူညီမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြောဖြစ်တာကတော့ မင်းတို့လာမကူခင်တောင် ငါတို့နိုင်ငံမှာ ဒီလိုအခြေအနေဆိုရင် မင်းတို့လာကူလိုက်ရင် ပိုမိုအောင်မြင်သွားပါလိမ့်မယ်လို့ဆိုတော့ စဉ်းစားပေးပါ့မယ်ဆိုတဲ့အဖြေကို ရခဲ့ပါတယ်။

မသန်စွမ်းလျက်ကျောင်းတက်နေတဲ့ ကလေးတွေကို လေ့လာရင်း တစ်စွန်းတစ်စသိ ခွင့်ရတာကတော့ သူတို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုစောင့်ရှောက်ရေးအစီအစဉ်တွေပဲ ဖြစ်ပါ တယ်။ ဆင်းရဲတယ်လို့ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အောက်ခြေအဆင့်က ထောက်ခံချက်ပေးလိုက်ရင် စိစစ်တဲ့အဖွဲ့က အိမ်တိုင်ရာရောက်လာပြီး စစ်ဆေးပါတယ်။ မြေနှင့် အိမ်ရာပိုင်ဆိုင်မှု၊ အိမ်ထောင်ပရိဘောဂ အသုံးအဆောင်ပိုင်ဆိုင်မှုအားလုံးကို စနစ်တကျ စစ်ဆေးပြီးလျှင် အိမ်ထောင်စုစာရင်းပါ မိသားစုအားလုံး ဓာတ်ပုံအရိုက်ခံရပါတယ်။ ဆင်းရဲခြင်းအဆင့်ကို နှစ်ဆင့်သတ်မှတ်ထားပြီး Poor 1 လို့သတ်မှတ်တဲ့ ဆင်းရဲခြင်းအဆင့် ၁ရယ်၊ Poor 2 လို့သတ်မှတ်တဲ့ ဆင်းရဲခြင်း အဆင့် ၂ရယ် ဖြစ်ပါတယ်။ အဆင့် ၁ က ပိုဆင်းရဲပါတယ်။ ဓာတ်ပုံပါတဲ့သူတို့ လက်မှတ် ကလေးတွေကိုပြပြီး ဆေးအခမဲ့ကုခွင့်၊ ဆေးရုံအခမဲ့တက်ခွင့်၊ ယာဉ်မော်တော်တချို့ကိုအခမဲ့၊ တချို့ကို တန်ဖိုးနည်းစွာပေးပြီးစီးခွင့် အခမဲ့ပညာသင်ယူခွင့်၊ အခွန်ကင်းလွတ်ခွင့် စတာတွေရတဲ့အပြင် ရံဖန်ရံခါထောက်ပံ့တဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေမှာလည်း ထိပ်ဆုံးက ရယူပိုင်ခွင့်တွေရရှိခဲ့ပါတယ်။ ဆင်းရဲတာတော့ အမှန်တကယ်ကို ဆင်းရဲတာဖြစ်ပေမယ့် သူတို့တွေမှာ မွဲတေမှုမရှိဘူးလို့ ဆင်းရဲတဲ့အိမ်တွေကို လေ့လာရင်း ခံစားရပါတယ်။ အတုယူဖွယ်စနစ်တစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံက ဆားမလောက် တောင်သူလယ်သမားဆေးရုံလိုမျိုး ခပ်ဆင်ဆင်တူတဲ့ Takeo Caritas မျက်စိဆေးရုံကိုလည်း ရောက်ရှိခဲ့ပါတယ်။ တောင်သူလယ်သမားတွေ လယ်ရိတ်သိမ်းချိန်မှာ မျက်စိထဲကို စပါးခွံစူးပြီး မျက်ကြည်လွှာပျက်စီးကာ အမြင်အာရုံဆုံးရှုံးရတာတွေရှိလို့ မျက်စိကျန်းမာရေးလုပ်သားစေတနာ့ ဝန်ထမ်းတွေ လေ့ကျင့်သင်ကြားပေးပြီးတော့ မျက်စိဆိုင်ရာ ရှေးဦးပြုစုခြင်းလုပ်ငန်းစဉ်တွေ ကျေးလက်မှာ ဆောင်ရွက်နေတယ်ဆိုတာကတော့ လူထုကျန်းမာရေးလုပ်သားတွေမွေးထုတ်နေတဲ့ ကျွန်တော့်အတွက် သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တာဝန်ကျရာမြို့ကလေးမှာလည်း မရှိ၍ မလင်းသူမရှိစေရလို့ ကြွေးကြော်ပြီး အတွင်းတိမ်လူနာတွေကို အလှူရှင်တွေနှင့် ပေါင်းစပ်ခွဲစိတ်ခဲ့တာ မျက်လုံးပေါင်း ၁ဝဝဝ နီးပါးရှိနေပြီဖြစ်လို့ ကျန်တဲ့သူတို့ဆီက ခွဲစိတ်ပုံကုသပုံ ပြုစုပုံတွေကို နှိုင်းယှဉ်လေ့လာမိတဲ့ အခါ ကျွန်တော်တို့ကတောင် ကျွမ်းကျင်မှု သတ်ခပ်မှု သန့်ရှင်းမှု ဆေးဝါးသုံးစွဲမှုတွေမှာ သာပါသေးတယ်။

ရောဂါမှတ်တမ်းတွေကို WHO အသိအမှတ်ပြု ICD code နှင့်ထားတာ ဆေးပေးဆေးယူမှတ်တမ်းကအစ ကွန်ပျူတာနှင့် စာရင်းသွင်းတာ စတဲ့အချက်တွေကတော့ ကျွန်တော်တို့မော့ကြည့်ခဲ့ရတဲ့ အနေအထားတွေပါပဲ။ ကျန်းမာရေးအာမခံစနစ် စတင်နေပြီ ဖြစ်ပေမယ့် အားနည်းနေသေးကာ အောင်မြင်မှု မရှိသေးတာကိုလည်း သိခဲ့ရပါတယ်။ တွေ့ဆုံမိတဲ့တစ်ခဏမှာ မေးမြန်းသုံးသပ်ချက်အရ အောင်မြင်မှုမရတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျန်းမာရေးဝန်ထမ်းများရဲ့ လစာမလောက်ငခြင်းနှင့် အဂတိလိုက်စားခြင်းတို့ ကြောင့် ပြည်သူလူထု ယုံကြည်မှုမရှိခြင်းဆိုတာကို နားလည်ခဲ့ရပါတယ်။

ကြုံကြိုက်လို့ ကိုယ်တိုင်သုံးစွဲရင်းသိခွင့်ရတာကတော့ သူတို့နိုင်ငံက အင်တာနက်မြန်နှုန်းပဲ ဖြစ်ပါတယ်။ နေရာအတော်များများမှာ အင်တာနက်ကို အခမဲ့သုံးခွင့်ရအောင် ဆောင်ရွက်ပေးထားပါတယ်။ အတူသွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက မိတ်ဆွေတစ်ယောက်ဆိုရင် သူကိုင်ထားတဲ့ i Phone ကို အဆင့်မြှင့်တင်ဖို့ IOS Software ကို အင်တာနက်ကရယူဖို့ ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရယူမယ်ဆိုရင် ၃၂ နာရီ ကြာမြင့်မှာဖြစ်ပြီး ကြားကာလမှာ တယ်လီဖုန်းလုံးဝသုံးလို့ မရပါဘူးတဲ့။ ကမ္ဘောဒီးယားမှာတော့ မနက်စာစားရင်း အမှတ်မထင်သူရယူလိုက်တာ သုံးမိနစ်ပဲကြာလို့ အံ့ဩတကြီး ပြောလောက်အောင်ကို အင်တာနက်မြန်နှုန်းက မြင့်ပါတယ်။ မြန်မာပြည်မှာတုန်းက ကျွန်တော့်တယ်လီဖုန်းမှာ အင်တာနက်မိနှုန်းကို 200 K bite လောက်ပြရင် ပျော်နေတတ်တဲ့ကျွန်တော်ဟာ ဟိုမှာ 72 M bite လောက် ပြနေတော့ အင်မတန်ကို အံ့ဩနေမိပါတော့တယ်။ စိတ်သွားတိုင်းပါနေတဲ့ အင်တာနက်မြန်နှုန်းမှာ ပျော်နေတော့တာပါပဲ။

နောက်ဆုံးနေ့မှာ အင်မတန်သွားချင်တဲ့ အင်ကောဝတ်ကျောင်းတော်ကြီးကို အချိန်မလောက်ငမှုကြောင့် မသွားခဲ့ရပါဘူး။ အသွားအပြန်တစ်ရက်ခရီးဖြစ်လို့ နေ့တစ်ဝက်သာ အချိန်ပိုရတဲ့ ကျွန်တော်တို့အတွက် သွားခွင့်မသာတော့ပါဘူး။ ရတဲ့အချိန်ကလေးမှာ နာမည်ကျော် Killing field ကို သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မြူနစ်တွေ အာဏာရခဲ့တဲ့ ၁၉၇၆ ကနေ ၁၉၇၉ ကြားကာလမှာ သူတို့ နိုင်ငံတစ်လွှားမှာ မျိုးသုဉ်းလောက်အောင် လူသတ်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ လူသတ်ကွင်းပေါင်း နိုင်ငံတစ်လွှားမှာ သုံးရာကျော် ရှိခဲ့ပါ တယ်။
အဲသည့်အချိန်က လူဦးရေ ရှစ်သန်းရှိတဲ့ သူတို့နိုင်ငံမှာ လူသုံးသန်းကျော်ဟာ အသတ်ခံခဲ့ရပါတယ်။ တစ်နည်းဆိုရရင် လူလေးယောက်မှာ တစ်ယောက်အသတ်ခံရခြင်းပါပဲ။ ကျွန်တော်သွားရောက်လေ့လာခဲ့တဲ့ လူသတ်ကွင်းကတော့ အမှတ်တရနှင့် ပြတိုက်လုပ်ထားတဲ့ နေရာဘဲဖြစ်ပါတယ်။ ဖနွမ်းပင်ကနေ နာရီဝက်လောက် တုတ်တုတ်စီး သွားရပါတယ်။ ဝင်ကြေး သုံးဒေါ်လာပေးရပြီး နားကြပ်ကလေးတွေတပ် အမှတ်အသားလုပ်ထားတဲ့နေရာလေးတွေမှာ နံပါတ်နှိပ်ရင် သမိုင်းကြောင်းကို ကိုယ်သိချင်တဲ့ ဘာသာစကားနှင့် ရှင်းပြတဲ့အသံကို ကြားရပါတယ်။ အဲဒီနားကြပ်လေးတွေ ငှားချင်ရင်တော့ နောက်ထပ် သုံးဒေါ်လာ ထပ်ပေးရပါတယ်။ ပြတိုက်ရဲ့ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာတစ်သန်းကျော်ရှိတယ်လို့ သိခဲ့ရပါတယ်။ ရှင်းပြတဲ့ အသံလေးကြားမှ တကယ့်ကို ဆို့နင့်ဖွယ်ပါ ပဲ။ တိုင်းပြည်ကို ပြန်တည်ဆောက်မယ်။ အင်ဂျင်နီယာတွေ ဆရာဝန်တွေ သူနာပြုတွေ သာသနာပြုပုဂ္ဂိုလ်တွေ ကျောင်းဆရာတွေ လိုအပ်တယ်။ ထကြ နေရာသစ်မှာ သွားရောက်တာဝန်ထမ်းဆောင်ရမယ်။ မိသားစုပါခေါ်ခဲ့ဆိုပြီး ရက်ရက်စက်စက်ကို သေနတ် ဓားထုတ်စတာတွေ အသုံးပြုပြီး သတ်ပစ်ခဲ့ပါတယ်။ မသေမရှင်တွေကို စုပုံမြှုပ်ခဲ့ကာ သေချာအောင် အပေါ်က DDT စတဲ့ ပိုးသတ်ဆေးပြင်းတွေကို လောင်းချခဲ့ပါတယ်။ အော်သံတွေကို ဘေးကမကြားရအောင် အသံချဲ့စက်တွေ တစ်ညလုံး ဖွင့်ထားခဲ့ပါတယ်။ ကလေးငယ်တွေကို ခြေနှစ်ချောင်းကကိုင် သစ်ပင်နှင့် ရိုက်သတ်ခဲ့ပါတယ်။ သေသူတွေကို မြှုပ်ထားတဲ့ သချိုင်းနေရာတွေ ဦးခေါင်းခွံတွေကို စုပြုံပြီး စနစ်တကျ သေနတ်ကြောင့်သေသော ဦးခွံ ဝါးချွန်ကြောင့်သေသော ဦးခွံ တုတ်နှင့်အရိုက်ခံရသော ဦးခွံ စသည်ဖြင့် မှန်ပေါင်သွင်း ပြထားပါသေးတယ်။ ပြတိုက်ဝင်းထဲက ထွက်လာတဲ့အခါ ရင်ထဲမှာ မွန်းကျပ်မှုက ပါလာပါသေးတယ်။ နောက်နေ့ပြန်လာတဲ့လမ်းအထိ လူသတ်ကွင်းကတွေ့ခဲ့တဲ့ ပုံရိပ်တွေက စိတ်ထဲ စွဲနေခဲ့ပါတယ်။

အပြန်လေယာဉ်ပေါ်မှာတော့ ခရီးစဉ်ကို အစအဆုံး သုံးသပ်မိပါတယ်။ အင်မတန်တန်ဖိုးရှိခဲ့တဲ့ အခိုက်အတန့်လေးပါပဲ။ နိုင်ငံခြင်းယှဉ်တဲ့အခါတော့ သိပ်မကွာပေမယ့် သူတို့က နှာတစ်ဖျားမကသာနေတဲ့ နေရာတွေ ရှိနေတာကို ဝန်ခံရပါမယ်။ ဥပမာ GDP က အစ သူတို့က ကျွန်တော်တို့ထက် သာနေပါ ပြီ။ နောက်ဆုံးအတွေးထဲကို မတွေးဘဲဝင် ရောက်လာတာကတော့ လူသတ်ပွဲတွေ လူသတ်ကွင်းတွေအကြောင်းပါပဲ။ စိတ်ထဲ ပြန်မွန်းသွားပါတယ်။ ဘဝတူဆရာဝန်တွေ သူတို့ မိသားစုတွေ ပညာတတ်တွေ အကုန်နီးပါး သေခဲ့ရတယ်ဆိုတာ ဘယ်လိုဘဝကံပါလိမ့်လို့ တွေးမိပါတယ်။ နောက်ဆုံးပိုသည်ထက် ပိုမွန်းကြပ်မိတာကတော့ အတွေးတစ်စကြောင့်ပါပဲ။ လွန်ခဲ့တဲ့ နှစ်လေးဆယ် မပြည့်တဲ့ကာလက ပညာတတ် အရွယ်ကောင်းတွေအားလုံး အသတ်ခံလိုက်ရတဲ့ နိုင်ငံတစ်ခုက နှစ်ခြောက်ဆယ်ကျော်လောက် လွတ်လပ်ရေးရကတည်းက ပညာတတ်တွေကို အားပေးပါတယ်ဆိုပြီး တည်ဆောက်နေတဲ့ ကျွန်တော်တို့နိုင်ငံကို ကျော်တက်သွားပါပကောလား။

မွန်းကြပ်တာသာမက ခေါင်းကိုက်မှုတွေပါ ပိုလာတဲ့ ကျွန်တော်သုံးသပ်မိတာကတော့ ကျွန်တော်တို့တွေ အသက်မသေပေမယ့် ဘယ်နေရာတွေမှာ သေနေခဲ့သည်လည်း အသတ်ခံခဲ့ရလည်းဆိုတာကို သုံးသပ်ပြီး အမြန်ပြင်ဆင်သင့်တဲ့ အကြောင်းကိုပါပဲ။

(ကမ္ဘောဒီးယားနိုင်ငံ မြင်ကွင်း (Photo : AFP))

No comments:

Post a Comment