Wednesday, July 23, 2014

တန်ဖိုးနည်းအိမ်ရာများ ကျပ်သိန်းတစ်ရာအောက်ဖြင့် ရောင်းချရန် စီစဉ်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးပြောကြား


နေပြည်တော်၊ ဇူလိုင် ၂၂
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်မည့် တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်းတစ်ရာအောက် တန်ဖိုးဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၏ အိမ်ရာမရှိသေးသော ပြည်သူများအတွက် တန်ဖိုးသင့်၊ တန်ဖိုးနည်း၊ တန်ဖိုးသက်သာ အိမ်ရာများနှင့် အိမ်ငှားရမ်းခ သက်သာသော အိမ်ငှားတိုက်ခန်းများကို အစိုးရမှ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီး ဦးစိုးတင့်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာများကို ကျူးကျော်နေအိမ် များပြားသည့် ဒေသအလိုက် အလေးထား တည်ဆောက် ပေးသွားမည်ဖြစ်ရာ အပြီးအစီး ကုန်ကျငွေကျပ်သိန်း ၁၂၀ ကျပ်ရှိနေသောကြောင့် ခေတ်မီနည်းပညာများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် အိမ်ငှားရမ်းခများ သက်သာသော အိမ်ငှားတိုက်ခန်းများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ တောင်းခံတည်ဆောက် ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆိုသော်လည်း ခုနှစ်နှင့် အချိန်ကို ထည့်သွင်းပြောကြားခြင်း မရှိပေ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည် ဖော်နေသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် တည်ဆောက်နေသော ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာတွင် အခန်းပေါင်း ၈၀၀ ပါဝင်မည်ဖြစ်ပြီး တိုက်ခန်း အကျယ်အဝန်းပေါ်မူတည်ကာ ငွေကျပ်သိန်း ၃၇၄ ဈေးနှုန်းရှိ တိုက်ခန်းနှင့် ကျပ်သိန်း ၂၅၅ ဈေးနှုန်းရှိ တိုက်ခန်းများကို ရောင်းချမည် ဖြစ်ကြောင်း၊ ယင်းမြို့နယ် အမှတ်- ၄၈ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ မြေဧက ၁၁၄ ဧကပေါ်တွင် ဆောက်လုပ်နေသော ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ တိုက်ခန်းပေါင်း ၄၀၀ ကျော်ကို တစ်ခန်းလျှင် ကျပ်၂၃၇ သိန်းမှ ၃၂၉ သိန်းအကြားဖြင့် ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ထုတ်ပြန်ထားသည်။
အလားတူ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာ ကျန်စစ်သားလမ်းမပေါ် ရွှေလင်ပန်းချောင်း မြောက်ဘက်ရှိ မြေဧက ၂၀ ကျော်တွင်တွင် တည်ဆောက်လျက်ရှိသော ရွှေလင်ပန်းအိမ်ရာများအနက် တိုက်ခန်း ၂၄၀ ကျော်ကို RC ဖြင့်တည်ဆောက်ထားသော တိုက်ခန်း တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်း၊ Steel Structure တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ဖြင့် ရောင်းချမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်၊ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

No comments:

Post a Comment