Thursday, July 24, 2014

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ကုန်စည်အဝင်၏ ၁၀ ရာခိုင်နှုန်းသာ စစ်ဆေးနိုင်ဟု မိုဘိုင်းတင်းမ်ဆို


ရန်ကုန်၊ ဇူလိုင် ၂၃

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ငါးခုသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ၏ ၁၀ ရာခိုင်နှုန်းကိုသာ မိုဘိုင်းလ်တင်းမ်က ဝင်ရောက် စစ်ဆေးနိုင်သေးကြောင်း မိုဘိုင်းလ်တင်းမ်အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

ဆိပ်ကမ်းများသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် ၆၀ ရာခိုင်နှုန်းကို အစိမ်းရောင်အဖြစ် သတ်မှတ်ထားပြီး ကုန်သေတ္တာ ဖွင့်ဖောက် စစ်ဆေးခြင်း မရှိကြောင်း ကျန် ၃၀ ရာခိုင်နှုန်းကို အဝါရောင်အဖြစ် သတ်မှတ်ထားပြီး X-rays စက်ဖြင့် ဖြတ်သန်း စစ်ဆေးကြောင်း၊ ၁၀ ရာခိုင်နှုန်း (အနီရောင်) ကိုမူ ဖွင့်ဖောက် စစ်ဆေးကြောင်း အဆိုပါ မိုဘိုင်းလ်တင်းမ်ထံမှ သိရသည်။

လက်ရှိတွင် အဝါရောင် (၃၀ ရာခိုင်နှုန်း) ကို X-rays ဖြင့် စစ်ဆေးသော်လည်း စက်တွင် ဖြတ်သန်းသည့် ကုန်သေတ္တာ ၃၀ ရာခိုင်နှုန်းကို အလုံးရေ ပြည့်မပြည့်သာ စစ်ဆေးနိုင်သေးခြင်း ကြောင့် X-rays ဖြတ်သည့် ကုန်သေတ္တာများ၏ ပုံရိပ်များ အားလုံးကို စစ်ဆေး ကြည့်ရှုခွင့်ရရန် ပြီးခဲ့သည့် တစ်ပတ်အတွင်း ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အကြံပြုထားကြောင်း ၎င်းက ရှင်းပြသည်။

“X-rays ကုန်သေတ္တာ ဖြတ်တယ်။ အဲဒီမှာ စက်ကိုဖြတ်တဲ့ အလုံးရေ ပြည့်မပြည့်ဘဲ စစ်နိုင်တယ်။ ကုန်သေတ္တာကို စက်က ဖတ်လိုက်တဲ့ ပုံရိပ်ကို သူတို့ (အကောက်ခွန်) က ထုတ်မပေးဘူး။ သူတို့က မှောင်ခိုမိမှ ထုတ်ပေးတယ်လို့ ပြောတယ်။ ဒါဆို ကျန်တဲ့ ကုန်သေတ္တာတွေမှာ မှောင်ခိုပစ္စည်း ပါမပါ ကျွန်တော်တို့ ဘယ်လိုသိနိုင်မလဲ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှစ၍ မိုဘိုင်းတင်းမ်က အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းငါးခုတွင် မှောင်ခိုစစ်ဆေးခြင်း လုပ်ဆောင်လျက် ရှိသည် ဆိုသော်လည်း ထီးတန်း၊ အေးရှားဝေါလ်နှင့် မြန်မာ့စက်မှုဆိပ်ကမ်း သုံးခုတွင် အဓိက စစ်ဆေးလျက် ရှိသည်။

လက်ရှိအချိန်တွင် မိုဘိုင်းလ်တင်းသည် ဆိပ်ကမ်းများတွင် မှောင်ခိုစစ်ဆေးရာ၌ ကုန်ပစ္စည်း အမျိုးအမည်လွဲခြင်း၊ မော်ဒယ်လ်နံပါတ် လွဲခြင်းနှင့် ထုတ်လုပ်သည့်နိုင်ငံ လွဲမှားခြင်းများကို အများဆုံး တွေ့ရှိနေရပြီး ဒဏ်ကြေးဆောင်၍ တင်သွင်းခွင့် ပြုလျက်ရှိကြောင်း မိုဘိုင်းလ်တင်းမ် အဖွဲ့ဝင်များထံမှ သိရသည်။

 
 

No comments:

Post a Comment