Thursday, July 24, 2014

သာသနာဖျက်များကို ဝိုင်းဝန်းတိုက်ဖျက်ကြပါ



[ Opinion ]
သာသနာဖျက်များကို ဝိုင်းဝန်းတိုက်ဖျက်ကြပါ
ရန်ကုန်မြို့ပေါ်မှာ ဘယ်လောက်ပဲအော်အော် ပျောက်ကွယ်မသွားသေးတဲ့ ကိစ္စတစ်ရပ်ကို ဒီနေ့ ကြုံတွေ့ရခဲ့ရ ပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ စိတ်မကောင်းလွန်းလို့ ဒီစာကို ရေးမိတာပါ။ သာသနာတော်ကို ညှိုးနွမ်းစော်ကားလိုစိတ် မရှိပါဘူး။
ကုန်သည်လမ်းဘက်ကို ရောက်ချိန်မှာ ရဟန်းဝတ်နှစ်ပါးကို တွေ့လိုက်ရပါတယ်။ မြင်လိုက်ကတည်းက အခြေအနေ မကောင်းလို့ (ဒါမျိုးကြုံတွေ့ဖူးပေါင်းများလို့) ရှောင်ကွင်းပြီးထွက်ခါမှ နောက်ကနေ ‘ဟေ့ ဒကာ… ဟေ့ ဒကာ’ လို့လိုက်ခေါ်တာ ခံလိုက်ရပါတယ်။ ကျွန်တော်လည်း လှည့်ကိုမကြည့်ဘဲ လက်ဖက်ရည်ဆိုင်ထဲကို ဝင်လိုက်တော့ နောက်ကနေ ‘အန္တရာယ်ကင်း…ဘေးရှင်းပါစေ’ လို့ ပြောလိုက်တဲ့လေသံက ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တုန်လှုပ်စရာ ကောင်းလှပါတယ်။
ရန်ကုန်မှာ ဒီလိုနှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့နဲ့ ရဟန်းဝတ် အသွင်ဆောင်ပြီး အတင်းအဓမ္မ ပိုက်ဆံလိုက် အလှူခံနေကြတာ ကြာလှပါပြီ။ ဆွမ်းမဘုဉ်းပေးရသေးလို့၊ ဖိနပ်ပြတ်လို့၊ နယ်ကို ပြန်သွားစရာ စရိတ်မရှိလို့ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ လိုက်ပြီး အတင်းအဓမ္မ အလှူလိုက်ခံတတ်ကြပါတယ်။ လူတစ်ယောက်လာရင် ရှေ့ကနေ ပိတ်ရပ်လိုက်ပြီး မလှုပ်သာ၊ မလူးသာ ဖြစ်နေချိန်မှာ အတင်းအဓမ္မ အလှူခံကြတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ငယ်ငယ်ရွယ်ရွယ် ကောင်လေး၊ ကောင်မလေးတွေ အများဆုံးခံရပါတယ်။ အားနာမှု၊ ရှက်မှုတွေကို အခွင့်ကောင်းယူပြီး အတင်းအလှူခံတာမျိုးတွေ လုပ်နေကြတာပါ။
အလှူခံတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပါဦး။ လက်တွေမှာ ဆေးမင်ကြောင်၊ ခေါင်းမှာ ဆံပင်ကညှင်းသိုးသိုး၊ သင်္ကန်းသာ ဝတ်ထားတယ်ဆိုတာ ဘယ်လိုမှ ကြည်ညိုစရာမကောင်းတဲ့ ရုပ်သွင်၊ ရဟန်းပုံစံ၊ သံဃာပုံစံ မပေါက်တာကို ကောင်းကောင်းတွေ့မြင်ရပါလိမ့်မယ်။ အချို့ဆိုရင် ပါးစပ်က အနံ့လေးတွေတောင် ထွက်နေလိုက်သေးတယ်။ ဒီလို အလှူခံမျိုးတွေကြောင့် အခြားဘာသာဝင်တွေကပါ ဗုဒ္ဓဘာသာအပေါ် အထင်အမြင် လွဲမှားနိုင်လို့ စိုးရိမ်မိပါတယ်။
အခြားဘာသာဝင်ဆိုလို့ ဘာသာမတူ၊ လူမျိုးမတူတဲ့ ကောင်လေး နှစ်ယောက်ကို အတင်းအဓမ္မ လိုက်ပြီးအလှူခံတာနဲ့လည်း ကြုံဖူးသေးတယ်။ ဟိုကလေးတွေက ပိုက်ဆံမပါဘူးလို့ ရိုးရိုးအေးအေးလေး ပြောနေတာကို ဘာသာရေးပဋိပက္ခ ရောက်သွားနိုင်တဲ့အသွင် ရိုင်းပျစွာ ပြောဆိုဆက်ဆံ နေတာကတော့ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စပါ။ ဘေးနားက လူတွေက အမြင်မတော်လို့ ဝင်ပြောမှ အဲဒီရဟန်းတွေလည်း ရှိန်ပြီး ထွက်သွားကြလို့ တော်သေးတယ်လို့ ဆိုရမယ်။ ယခုလို အလွန်အကဲဆတ်နေတဲ့ ကာလတစ်ခုမှာ ဘုန်းကြီးတု၊ ဘုန်းကြီး အယောင်ဆောင်တွေကြောင့် ပဋိပက္ခတွေကလည်း အချိန်မရွေး ထပြီးပေါက်ကွဲနိုင်ပါတယ်။
ဒီနေ့ကြုံတွေ့ခဲ့ရတာတော့ ရဟန်းတုတွေ ကုန်သည်လမ်းတစ်လျှောက် အော်ပရေးရှင်း ဆင်းလာကြတဲ့ပုံပါပဲ။ ဒီလမ်းမကြီး တစ်လျှောက်မှာပဲ ဟိုနေရာနှစ်ပါး၊ သည်နေရာသုံးပါး အုပ်စုလိုက်၊ အုပ်စုလိုက်တွေ့နေရလို့ပါ။ လူတစ်ယောက်ကို အခြေအနေ ကြည့်လိုက်ပြီး ဟောက်လို့ရရင်ဟောက်၊ ငေါက်လို့ရရင်ငေါက်ပြီး အတင်းအဓမ္မ အလှူခံနေကြတာဟာ အချိန်မရွေး ပဋိပက္ခအသွင် ဆောင်နိုင်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ တားဆီးအရေးယူဖို့ လိုသလို ပြည်သူများအနေနဲ့လည်း ရဟန်းတု၊ ရဟန်းယောင်တွေကို အသိတရားနဲ့ သတိထားပြီး သက်ဆိုင်ရာကို အကြောင်းကြား၊ ကိုယ်တိုင်လည်း သတိတရားနဲ့ တားဆီးနိုင်ဖို့လိုမယ် ထင်ပါတယ်။
ရန်ကုန်မြို့ကြီးမှာ တောင်းရမ်း စားသောက်သူ ပပျောက်ရေးအနေနဲ့ လမ်းဘေး တောင်းစားနေသူတွေကို ရဲတွေက လိုက်လံဖမ်းဆီး အရေးယူနေတာတွေ တွေ့ရပါတယ်။ ရဟန်းတုတွေ အပေါ်မှာလည်း အရေးယူ အပြစ်ပေးနိုင်အောင် ဆောင်ရွက်ဖို့ သင့်ပြီထင်ပါတယ်။ အထူးသဖြင့် အကဲဆတ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒီလို ရဟန်းတုတွေ မရှိသင့်ဘူးလို့ မြင်ပါတယ်။
ပြီးတော့ ရပ်ကွက်တကာလှည့်ပြီး နယ်ကနေလာတဲ့ အလှူခံကားတွေကိုလည်း ရပ်ကွက်အတွင်း အလှူခံခွင့်တွေကို စိစစ်ပြီးမှ ခွင့်ပြုသင့်ပါတယ်။ မကြာသေးမီက စာရေးသူတို့မြို့ကနေ လာပြီး အလှူခံတဲ့ ကားတစ်စီးကို တိုက်တိုက်ဆိုင်ဆိုင် ရပ်ကွက်ထဲမှာ အလှူလာခံတာနဲ့ ကြုံဖူးပါတယ်။ သူအလှူခံနေတဲ့ ကျောင်းမှာက လွန်ရောကျွံရော သံဃာနဲ့ ကိုရင်ပေါင်းမှ ငါးပါးလောက်ပဲ ရှိပါလိမ့်မယ်။ အလှူခံသူက အပါးငါးဆယ်လောက် ပြောတဲ့အပြင် ဆွမ်းစားကျောင်းကြီးကို ဆောက်နေလိုက်တာ သိန်းပေါင်းထောင်ချီကုန်မယ့် အနေအထားပါပဲ။ သံဃာငါးပါးလောက် ရှိတဲ့ကျောင်းမှာ သိန်းထောင်ချီကုန်မယ့် ဆွမ်းစားဆောင်ကြီးဆောက်ဖို့ လိုမလိုဆိုတာ ကျွန်တော်က သိပေမယ့် ရန်ကုန်ရပ်ကွက်က လူတွေကတော့ မသိနိုင်ပါဘူး။ အုတ်မြစ်ချထားတဲ့ ကျောင်းတိုင်လေးတွေကို ပြစားပြီး အလှူခံလာတာကလည်း နှစ်ပေါင်း မနည်းတော့ဘူး။ အလှူခံစားဖို့ ခွင်ဖန် ထားသလိုဖြစ်နေတာကို မြို့ခံတွေက သိတာကြောင့် သိပ်ပြီးစိတ်မ၀င်စား ကြဘူး။ ခုတော့ ရန်ကုန်တက်ပြီး ခွင်ဖန်နေတဲ့ အကြံအဖန် အလှူခံတွေကို လည်း စိစစ်ဖို့လိုပြီ ထင်ပါတယ်။
ဘာပြောပြော လမ်းပေါ်မှာပဲ အဓမ္မကျူးလွန်သည်ဖြစ်စေ၊ ကားတွေပေါ်ကနေ အဓမ္မကျူးလွန်သည်ဖြစ်စေ သာသနာတော်အတွက် လုံးဝမကောင်းတဲ့၊ သာသနာတော်ကို ပျက်စီးစေမယ့်၊ ဖျက်ဆီးနေတဲ့ အကြောင်းတရားတွေ ဖြစ်နေပါတယ်။ အသိတရားနဲ့ယှဉ်ပြီး ပြည်သူတွေ သတိထားဖို့လိုမယ် ဆိုတာရယ်၊ တာဝန်ရှိသူတွေကလည်း မျက်စိမှိတ်၊ နားပိတ်ပြီး၊ ခေါင်းရှောင်မနေဘဲ အမျိုး၊ ဘာသာ၊ သာသနာအတွက် ဝိုင်းဝန်းကြိုးပမ်း ကူညီပြီးတော့ သာသနာဖျက်တွေကို လမ်းပေါ်မထွက်နိုင်တဲ့အထိ တိုက်ဖျက်သင့်ကြောင်း အကြံပြုပါတယ်။
(တိုးမောင်)
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ။

No comments:

Post a Comment