Saturday, July 26, 2014

မီဒီယာများကို ပုတ်ခတ်ရေးသားသူ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်အား သတင်းစာအဖွဲ့များ ဝေဖန်

မီဒီယာများကို ပုတ်ခတ်ရေးသားသူ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်အား သတင်းစာအဖွဲ့များ ဝေဖန်
*********************************
သမ္မတ ဦးသိန်းစိန်၏ အကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ၌ ““စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့လိုသည်”” ဆောင်းပါး၌ ““စီးပွားရေး သက်သက် သော် လည်းကောင်း၊ နိုင်ငံရေးကို အသုံးချ၍ သော်လည်းကောင်း၊ မီဒီယာထဲ ရောက်လာ ကြသူများမှာ အခြေအနေ မဟန်လျှင် မီဒီယာလောကမှ အလွယ်တကူ ထွက်ခွာ သွားနိုင်ကြသော်လည်း ကျန်ရစ်မည့် သူများအတွက် ၎င်းတို့ ထားခဲ့သော ဆိုးမွေများကို မလွဲမသွေ ခံစားကြရမည် ဖြစ်သည်”” ဟု စာနယ်ဇင်း လောကအပေါ် သုံးသပ်ထားခြင်းအပေါ် သတင်းစာဆရာများက ဝေဖန်လျက်ရှိသည်။
ထို့ပြင် ““ယခင်ထက်စာလျှင် မီဒီယာ လွတ်လပ်ခွင့်များစွာ ရခဲ့ပါသည်။ များစွာ ကျပ်တည်းမှု ကြားက စာရေး လာခဲ့ကြရ သူများဖြစ်၍ ယခုကဲ့သို့ လွတ်လပ်စွာ ရေးသားနိုင်မှုကို တန်ဖိုးထားရပါမည်။ မနေ့ တစ်နေ့ကမှ စာ“စ”ရေးပြီး ပေါ်ပင်ဖြင့် အကျိုးစီးပွားရှာသူ တချို့ကြောင့် ကျန်သူများ၏ စာပေလွတ်လပ်မှု အခွင့်အလမ်း များစွာ ထိခိုက်နိုင်ပါသည်””ဟု လည်း ဒေါက်တာနေဇင်လတ်က ဆောင်းပါး၌ ထည့်သွင်း ရေးသားထားသည်။
““နိုင်ငံတော် သမ္မတ အကြံပေး တစ်ယောက်ကတော့ ဒီလိုပဲ ပြောမှာပဲ။ အဓိက,က သုံးနှစ်အတွင်းရတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အသားမကျ သေးဘူးလေ။ အသားမကျသေးတဲ့ အချိန်မှာ ထိန်းချုပ် လိုတဲ့သူတွေက စာနယ်ဇင်း သမားတွေ မီဒီယာ လွတ်လပ်ခွင့်နဲ့ မတန်ဘူးဆိုပြီး လက်ညှိုးထိုးကြမှာပဲ။ သန်း ၆၀ ရှိတဲ့ နိုင်ငံ၊ သသတင်းသမားက ၄၄၀၀ ပဲ ရှိတယ်။ ဒီ ၄၄၀၀ က စနစ်တကျ သင်ထားတဲ့ Juournalism တက္ကသိုလ် တွေက ဆင်းလာတာ မဟုတ်ဘူး။ အခြေအနေအရ လုပ်ကိုင် ဆောင်ရွက်ရင်းနဲ့ သင်ထားတဲ့ လူတွေပေါ့။ ဒီမိုကရေစီအရ ရင့်ကျက်ဖို့၊ သတင်းကျင့်ဝတ်အရ လိုက်နာရေးတို့ ဆိုတာက စောင့်ရဦးမှာပေါ့။ ဒီလို မစောင့်ဘဲနဲ့တော့ အပြစ်တင် လက်ညှိုးထိုးလို့ မရဘူး။ ယူနတီ သတင်းထောက်နဲ့ ပတ်သက်တာလည်း ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်။ တိုင်းသူပြည်သားတွေက အရင်အစိုးရရဲ့ ဆိုးမွေတွေကို ပိုခံရတာလေ။ မီဒီယာ လောက ကတော့ ပြောမနေနဲ့တော့ပေါ့။ တိုင်းသူ ပြည်သားတွေက တရားဥပဒေတောင် လေးစားလိုက်နာ တတ်တာ မဟုတ်ဘူး။ အခွင့်အရေးရရင် အကုန်လုပ်မယ့် သူတွေ ဖြစ်နေပြီ။ အကုန်လုံး ပျက်စီးနေတဲ့ အချိန်မှာ မီဒီယာတစ်ခုထဲကိုပဲ မီးမောင်းမထိုးပါနဲ့။ နယ်ပယ် တစ်ခုတည်းကိုပဲ လက်ညှိုးထိုးလို့ မရဘူး””ဟုမြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် နေ့က စတင်ဖွဲ့စည်းခဲ့သည့် သမ္မတ၏ အကြံပေးအဖွဲ့များအနက် နိုင်ငံရေး အကြံပေး အဖွဲ့အနေဖြင့် ဦးကိုကိုလှိုင်အား အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်စေ၍ ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့အား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ရာ ဒေါက်တာ နေဇင်လတ်မှာ သမ္မတ အကြံပေးအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာနေဇင်လတ်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၆၁ ဆင်း ဖြစ်ပြီး အမှတ် ၉၀၁ စစ်မြေပြင် အင်ဂျင်နီယာ တပ်ခွဲနှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်အင်ဂျင်နီယာရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် အမှတ် ၉၅၅ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၉၁ တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။
ဒီမိုကရေစီတူဒေး သတင်းစာ၌ ဖော်ပြထားသော ဒေါက်တာ နေဇင်လတ်၏ ဆောင်းပါး၌ပင် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသည့် ယူနတီ သတင်း ထောက်များနှင့် ပတ်သက်၍ များသည်ဟု ဆိုသော်လည်း အမေရိကန် ၀ါရင့်သတင်းစာသမား တစ်ဦးကို ကိုးကား၍ ““အမေရိကန်မှာ မနှစ်က လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ Bradley Manning ကို ထောင်ဒဏ် ၃၅ နှစ်ချမှတ် လိုက်တယ်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကုန်သော ဆုံးဖြတ်ချက်ဖြစ်သည်”” ဟု ဆိုကာ လက်ရှိ ယူနတီ သတင်းထောက်များ ထောင်ဒဏ် ၁၀နှစ် ကျခံ ခဲ့ရသည်မှာ နည်းနေသည့် သဘောပင် သက်ရောက် အောင်လည်း ရေးသားထားသည်။
““ယူနတီဂျာနယ်က ထောင်ဒဏ် ၁၀ နှစ်ကိစ္စက အမေရိကန်လို နိုင်ငံမျိုးနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ ဝေးပါသေးတယ်။ အဲဒီလို နှိုင်းယှဉ်ရအောင် ကျွန်တော်တို့ဆီက သတင်းမီဒီယာ သမားတွေက အဲဒီလောက်ထိ လွတ်လပ်ခွင့် အခြေအနေက ရပြီလားဆိုတာ မေးခွန်းထုတ်စရာပဲလေ။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတသလား၊ မမျှတဘူးလားဆိုတာ လူတိုင်းသိတယ်။ မီဒီယာကဏ္ဍသည် စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့အတွက် ဂျာနယ်လစ်သည် ဂျာနယ်လစ် အလုပ် လုပ်ရမယ်။ သူတို့အနေနဲ့ သွယ်ဝိုက်ပြောစရာ မလိုဘူး။ ပြောချင်ရင် တိုက်ရိုက်ပြောရမယ်။ မီဒီယာသမားက အမှန်အတိုင်း ရေးတာကို မကြိုက်လို့ ပြန်ထိန်းချုပ်ချင်တာကို ကျန်တဲ့ဟာတွေနဲ့ အကြောင်းပြတာကတော့ အဓိပ္ပာယ် မရှိပါဘူး””ဟု Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောသည်။
မြန်မာဂျာနယ်လစ် နက်ဝပ် တွဲဖက်အတွင်းရေးမှူး (၁) ဦးသန်းဌေးကလည်း ““အခု ကိုယ့်တို့ တောင်းဆို နေတာက နိုင်ငံတကာ စံနှုန်းအတိုင်း ညီတဲ့ မီဒီယာလွတ်လပ်ခွင့်ကို တောင်းဆိုနေတာပဲလေ။ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့် ဘယ်လောက်ရှိပြီလို့ သမ္မတက ပြောထားတာပဲလေ။ အာဆီယံမှာ ဘယ်လောက် ရတယ်ပေါ့။ အဲဒီစံနှုန်းတွေကို သူတို့ ပြောချင်ပြောပါစေ။ ဒါပေမဲ့ နိုင်ငံတကာရဲ့ စံနှုန်းကို လိုချင်တာဆိုတော့ အမေရိကန်ရဲ့ မီဒီယာ လွတ်လပ်ခွင့်စံနှုန်းကို မရသေးဘဲနဲ့ အမေရိကန်က ကျင့်တဲ့ နိုင်ငံတော် အထူးလျှို့ဝှက် အက်ဥပဒေအရ တရားစွဲတဲ့ ဥပဒေအရ မမီသေးဘူး။ နည်းတောင် နည်းသေးတယ်ပြောရင် ပြောစရာ ရှိတာက ဒါကနိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ စွဲလို့ရတဲ့ အရာလား၊ စွဲသင့်တဲ့ အရာလားဆိုတာ စဉ်းစားဖို့လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်ရဲ့ အထူးလျှို့ဝှက် အက်ဥပဒေအရ တရားစွဲဆိုလို့ ရနိုင်တဲ့ နေရာတွေက ဘယ်နေရာ တွေလဲ၊ ဘယ်လို သတ်မှတ်ချက် ရှိတယ်ဆိုတာက တစ်ခါမှ ထုတ်ပြန်ထားတာ မရှိဘူး။ သတင်းသမားက သတင်းရယူတဲ့ နေရာမှာ အများပြည်သူ အကျိုးအတွက် ဆိုပြီးတော့ စုံစမ်း လေ့လာတာကို အတတ်နိုင်ဆုံး ကြိုးစားတာပေါ့။ သူတို့ပြောသလို ရိုးရိုးသာမန် လက်နက်စက်ရုံလို့ ပြောထားတာဆိုရင် ဒီပုဒ်မနဲ့အရေး ယူစရာ အကြောင်းမရှိဘူး။ ပိုင်နက် ကျူးလွန်မှုတို့နဲ့ပဲ အရေးယူရမှာပေါ့။ ဒီသတင်းသမားတွေကို ကြီးမားတဲ့ ပြစ်ဒဏ်၊ ရာဇ၀တ်သားတွေထက် ပြင်းထန်တဲ့ ထောင်ဒဏ်တွေချတာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တာ။ လွတ်လပ်စွာ သတင်းရယူခွင့်၊ ရေးသားခွင့် ရှိတယ်ဆိုတာ ဥပဒေ မှာပါပြီးသားပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဒေါက်တာနေဇင်လတ်မှာ လက်ရှိတွင် AMBO Co.,Ltd နှင့် AMBO Hotel Group ၏ ဥက္ကဋ္ဌ လည်းဖြစ်ကာ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက် ရှိသည်။
ထို့ပြင် ဒေါက်တာနေဇင်လတ်မှာ ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ သာယာလှပရေး အမည်ခံ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မြို့နယ်ခွဲ၊ ချောင်းသာကျေးရွာရှိ ဒေသခံများထံမှ သိမ်းယူထားသော မြေများမှာ ဒေါက်တာနေဇင်လတ် အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၏ အမည်ပေါက်များ ဖြစ်နေသည့်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးဉာဏ်ထွန်းထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကလည်း တိုင်ကြား ခံခဲ့ရဖူးသူ တစ်ဦးဖြစ်သည်။

မြန်မာသံတော်ဆင့်
ref ; ဟာဂျူလီ ကသာ (Facebook)
  

 

No comments:

Post a Comment