Thursday, July 24, 2014

အစ္စလာမ္မစ်နိုင်ငံဟု ကြေညာထားသော ဆီရီးယားနှင့် အီရတ်အတွင်းရှိ ၎င်းတို့၏ ပိုင်နက်အတွင်း လှည့်လည်ကြည့်ရှုနိုင်မည့် အလည်အပတ်ခရီးစဉ် IS အဖွဲ့ စီစဉ်


ဘေရွတ်၊ ဇူလိုင် ၂၃

ပြန်ပေးဆွဲမှု၊ ရက်စက်ကြမ်းကြုတ်စွာ စီရင်မှုနှင့် အကြမ်းဖက်မှုများကြောင့် နာမည်ကျော်သည့် အစွန်းရောက် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ Islamic State (IS) သည် အစ္စလာမ္မစ်နိုင်ငံတော်ဟု ၎င်းတို့ဘာသာ ကြေညာထားသော ဆီးရီးယားနှင့် အီရတ်အတွင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် ဒေသများကို လှည့်လည်ကြည့်ရှုနိုင်မည့် အလည်အပတ် ခရီးစဉ်တစ်ခုကို စီစဉ်ထားကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အနက်ရောင်အလံများ လွှင့်ထူထားသော IS အဖွဲ့၏ ဘတ်စ်ကားများသည် ဂျီဟတ်လှုံ့ဆော်ရေး သီချင်းများဖွင့်ကာ ဆီးရီးယားနိုင်ငံ ရက်ကာမြို့မှ အီရတ်နိုင်ငံ အန်ဘာဒေသအထိ တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲမည် ဖြစ်သည်။

ထိုခရီးစဉ်ကို ပထမဆုံး စီးနင်းသည့် ခရီးသည်များထဲတွင် လက်ထပ်ပြီးပြီးချင်း ဟန်းနီးမွန်း ထွက်လာသော အဘူအဗ္ဗဒူရာမန်ဟု အမည်ရသော အသက် ၂၆ နှစ် အရွယ် ဂျီဟတ်ဝါဒီ တစ်ဦးနှင့် ၎င်း၏ အသစ်စက်စက် ဆီးရီးယားလူမျိုး ဇနီးတို့လည်း ပါဝင်ကြောင်း ဂျီဟတ်ဝါဒီ တစ်ဦးဖြစ်သူ ဟေဒီဆယ်လ်မာက ပြောကြားသည်။

“လက်ထပ်ပြီးပြီးချင်းပဲ သူက သူ့ဇနီးကို အန်ဘာကို ခေါ်သွားတာပါ။ သိပ်ကို စိတ်ကူးယဉ်ဆန်တဲ့ ဂျီဟတ် နှစ်ယောက်ပါ” ဟု ၎င်းက ပြောကြားသည်။

သို့ရာတွင် ထိုအသစ်စက်စက် ဇနီးမောင်နှံ နှစ်ယောက်သည် အစ္စလာမ္မစ် ဥပဒေများ တင်းကျပ်စွာ ချမှတ်ထားသော နယ်မြေအတွင်းတွင် အတူတူထိုင်ခွင့် မရှိဘဲ အမျိုးသားက ကားရှေ့ပိုင်းတွင် ထိုင်ရကာ အမျိုးသမီးက အနောက်တွင် ထိုင်ခဲ့ရသည်။

IS အဖွဲ့သည် အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲခြင်း၊ လူသတ်ခြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများအတွက် တာဝန်ရှိသူအဖြစ် နိုင်ငံတကာ၏ စွပ်စွဲမှုကို ခံရလျက်ရှိသော အဖွဲ့လည်း ဖြစ်သည်။

အလည်အပတ် ခရီးစဉ် လိုက်လံစီးနင်းသော ခရီးသည်များသည် ဆီးရီးယား အရှေ့ပိုင်းမှ အီရတ်မြောက်ပိုင်းအထိ ခရီးစဉ်အတွင်းတွင် မိမိနှစ်သက်ရာ နေရာ၌ ဆင်းနိုင်ပြီး နယ်စပ်ဂိတ်များကို ဖြတ်သန်းရာ၌ မည်သည့်နိုင်ငံကူး လက်မှတ်မျှ မလိုဟု ဟေဒီဆယ်လ်မာက ပြောကြားသည်။

ထို့ပြင် IS အဖွဲ့သည် ယခု အလည်အပတ် ခရီးစဉ်ကို ငွေကြေး အကျိုးအမြတ် ရရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟုလည်း မစ္စတာဆယ်လ်မာက ပြောကြားသည်။
“အခမဲ့တော့ ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျား ဘယ်လောက်ဝေးဝေး စီးလဲဆိုတဲ့ အပေါ် မူတည်ပြီး ဈေးနှုန်းက အမျိုးမျိုး ကွဲသွားမှာပေါ့” ဟု ၎င်းက ပြောကြားသည်။

IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကို စုပေါင်းကာ အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ပြီးခဲ့သော လအတွင်းက ကြေညာခဲ့ခြင်း ဖြစ်သည်။


No comments:

Post a Comment