ဇလွန်ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒပြပွဲ၌ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးကာ ဆောင်ရွက်ခဲ့ဟု
ဇလွန်ပြည်ခိုင်ဖြိုးပါတီ၏
ဆန္ဒပြပွဲ၌ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးကာ ဆောင်ရွက်ခဲ့ဟု NLD ပါတီ၏
တိုင်ကြားမှုအပေါ် ရွေးကောက်ပွဲကော်မရှင်က ကော်မတီဖွဲ့စစ်ဆေး
ဇလွန်ပြည်ခိုင်ဖြိုးပါတီမှ မေ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော ၅၉(စ) မပြင်ဆင်ရေး
ဆန္ဒပြပွဲတွင် ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးကာ ဆောင်ရွက်ခဲ့သည်ဟု NLD
ပါတီ၏တိုင်ကြားမှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်က ငါးဦးကော်မတီအဖွဲ့
ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်တွင် ဇလွန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးခိုင်မြင့်၊ သတင်း/ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မိုးနှင့် သတင်း/ပြန်ကြားရေး
ကော်မတီအဖွဲ့ဝင် ဦးမျိုးမြင့်အောင်တို့အား မေးမြန်းမှုများပြုလုပ်ခဲ့ပြီး
ဇူလိုင် ၁၇ ရက်တွင် မြို့နယ်ရဲမှူး၊ ပြည်သူသက်သေ ခုနစ်ဦးနှင့်
ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတို့အား မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု စုံစမ်းသိရသည်။
ကော်မရှင်တွင်ပါဝင်သော ဇလွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးကျော်မြင့်က “NLD ပါတီ ဗဟိုက ဦးဥာဏ်ဝင်း လက်မှတ်နဲ့
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြလာတဲ့အတွက် ဘာသာရေးကို
နိုင်ငံရေးမှာ ရောထွေးဆောင်ရွက်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး
မြဇလွန်ဧည့်ရိပ်သာမှာ စုံစမ်းမေးမြန်းမှုတွေကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
နှစ်ဖက်ပါတီနဲ့ပြည်သူ စုစုပေါင်း ၁၃ ယောက်ကို မေးမြန်းခဲ့ပါတယ်။ NLD ပါတီက
အထောက်အထားတွေနဲ့ တင်ပြခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း လော်လည်
ဖောက်ပြားမှု မရှိဘူးဆိုတာ တင်ပြခဲ့တယ်။ ရပ်ရွာတွေမှာ ဘာသာရေးကို
အကြောင်းပြပြီး ခေါ်တယ်ဆိုတာကိုတော့ စစ်ဆေးတွေ့ရှိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီကလည်း မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ တင်ပြပြီး
NLD ပါတီကလည်း ခိုင်ခိုင်လုံလုံနဲ့တင်ပြလို့
ငြင်းပယ်လို့မရတဲ့ အကြောင်းကို သုံးသပ်ချက်၊ အကြံပြုချက်အနေနဲ့
ခုံရုံးအဖွဲ့ကိုတင်ပြဖို့ မနက်ဖြန်မှာ တိုင်းကော်မရှင်ဥက္ကဋ္ဌ ယူသွားမှာပါ။
ဆုံးဖြတ်ချက်ကိုတော့ ခုံရုံးအဖွဲ့လုပ်ဆောင်မှာပါ” ဟု ပြောကြားသည်။
ဇလွန် NLD ပါတီ၊ သတင်း/ပြန်ကြားရေး
ကော်မတီအဖွဲ့ဝင် ဦးမျိုးမြင့်အောင်က “ပြည်ခိုင်ဖြိုးပါတီက ဘာသာရေးကို
နိုင်ငံရေးမှာ အလွဲသုံးခဲ့တယ်ဆိုတာကို မြို့နယ်ကော်မရှင်ကို တင်ပြခဲ့တယ်။
ပြီးတော့ အထောက်အထား မှတ်တမ်းတွေနဲ့ ပါတီဗဟိုကို တင်ပြခဲ့သလို ပါတီကလည်း
ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ဆက်လက်တင်ပြခဲ့တယ်။ ဆန္ဒပြပွဲမှာ
ဘုရားပေးမယ်၊ ဝက်သားပေးမယ်ဆိုလို့ လာပြီးမှ ဆန္ဒပြပွဲမှာပါခဲ့ရသူတွေ၊
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး လာမယ်ဆိုပြီးခေါ်လို့ လာခဲ့ပြီးမှ
ဆန္ဒပြပွဲမှာပါခဲ့ရတဲ့ ကရင်တိုင်း ရင်းသားတွေရဲ့ လက်မှတ်တွေကိုပါထည့်
သွင်းတင်ပြခဲ့တယ်။ ကော်မရှင်ရဲ့ ဘုတ်အဖွဲ့က တွေ့ဆုံမေးမြန်းမယ် ဆိုတာကို
ဇူလိုင် ၁၅ ရက်၊ ညနေပိုင်းကျမှ အကြောင်းကြားခဲ့တာပါ။ ဇူလိုင် ၁၇ ရက်မှာ
ပြည်သူတချို့ကို မေးမြန်းခဲ့ရာမှာတော့ ကျွန်တော်တို့ တင်ပြထားတဲ့အထဲမှာ
လက်မှတ်ထိုးထားတဲ့ ပြည်သူ ငါးဦးအပြင် ဒီဆန္ဒပြပွဲကို
ပိုက်ဆံတစ်သောင်းပေးမယ်လို့ အခေါ်ခံရတဲ့ပြည်သူ နှစ်ဦးကပါ တင်ပြချင်တယ်ဆိုပြီး လာရောက် တင်ပြခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
မေ ၁၅ ရက်က ပြုလုပ်သည့် ဇလွန်ပြည်ခိုင်ဖြိုးပါတီ၏ ၅၉ (စ) မပြင်ဆင်ရေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အချို့အား တွေ့ရစဉ်
No comments:
Post a Comment