Wednesday, July 23, 2014

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဦးဆန်းဆင့် ထပ်မံတရားစွဲခံရ




နေပြည်တော်၊ ဇူလိုင် ၂၂
ငွေကြေး အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်း ခံနေရသော သာသနာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထပ်မံ အမှုတရားစွဲခံရကြောင်း ဦးဆန်းဆင့်၏ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်ကို စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေးစဉ် ယင်းကဲ့သို့ ထပ်မံအမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဦးဆန်းဆင့်ကို ပုဒ်မ ၄၀၉ ဖြင့် စွဲဆိုထားသော်လည်း ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ထပ်မံအမှုဖွင့်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုက အမြင့်ဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်လို့ရတယ်” ဟု ၎င်းကဆိုသည်။
ဦးဆန်းဆင့်ကို ဇူလိုင်လ ၂၂ ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် တရားရုံးတွင် ဦးဆန်းဆင့်ကို စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေးစဉ်တွင် မိသားစုဝင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့ကြောင်း နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဦးဆန်းဆင့်ကို လာတွေ့တာကတော့ သူ့မိန်းမ၊ သားနဲ့ ညီမတွေပါတယ်။ ပထမဆုံး တွေ့ခွင့်ရတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။
ယင်းသို့ဦးဆန်းဆင့်ကို ဒက္ခိဏခရိုင် တရားရုံးတွင် ရုံးထုတ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး သတင်းမီဒီယာများကို တရားရုံးအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း နေပြည်တော်ရှိ သတင်းမီဒီယာများထံမှ သိရသည်။
ဦးဆန်းဆင့်သည် နိုင်ငံတော်သမ္မတက ပေးအပ်သော တာဝန်များတွင် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်မှုများ ရှိနေကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားထားသော်လည်း သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူသောအချိန်တွင် လုပ်ဆောင်ချက်များ မှန်ကန်ခဲ့သော်လည်း သမ္မတအမိန့်ကို မနာခံဟု အကြောင်းပြကာ စွပ်စွဲခြင်း ဖြစ်နိုင်ကြောင်း ဇူလိုင်လ ၃ ရက်နေ့ နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ဦးဆန်းဆင့်က မီဒီယာများကို ပြောကြားထားသည်။
သာသနာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူနေသော ဦးဆန်းဆင့်ကို နိုင်ငံတော်ငွေကြေး အလွဲသုံးစားလုပ်မှုဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် တာဝန်မှရပ်စဲခဲ့ပြီး ဒုတိယဝန်ကြီး ဦးစိုးဝင်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် ဇွန်လ ၂၅ ရက်နေ့တွင် ခန့်အပ်ထားသည်။ ဦးဆန်းဆင့်ကို သြဂုတ်လ ၄ ရက်နေ့တွင် ပဋ္ဌ္စမအကြိမ် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း ဒက္ခိဏခရိုင် တရားရုံးထံမှ သိရသည်။

No comments:

Post a Comment