Thursday, July 24, 2014

မန္တလေးပဋိပက္ခ အစပိုင်း၌ အဓမ္မပြုကျင့်မှု လိမ်လည် တိုင်ကြားသည်ဆိုသည့် အမျိုးသမီးကို


မန္တလေးပဋိပက္ခ အစပိုင်း၌ အဓမ္မပြုကျင့်မှု လိမ်လည် တိုင်ကြားသည်ဆိုသည့် အမျိုးသမီးကို အဓိကရုဏ်း ဖြစ်စေမှု အပါအဝင် ပုဒ်မငါးခုဖြင့် ရုံးတင်စစ်မည်
နေပြည်တော်၊ ဇူလိုင် ၂၃
မန္တလေး ပဋိပက္ခ အစပိုင်း၌ အဓ္ဓမ ပြုကျင့်ခံရသည်ဟု လိမ်လည်တိုင်ကြားသူဟု ဆိုသူ မဖြူဖြူမင်း (ခ) ကတုံးမ (၃၂ နှစ်) ကို ပျဉ်းမနား မြို့မရဲစခန်းတွင် အဓိကရုဏ်း ဖြစ်စေမှု ပုဒ်မ အပါအဝင် ပုဒ်မငါးခုဖြင့် အရေးယူရန် ရမန်ယူလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပ-၃၁၂/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁၀၉ တို့ဖြင့် မှုခင်းတပ်ဖွဲ့မှ စွဲချက်ယူထားခြင်း ဖြစ်ပြီး ယင်းအမှုများဖြင့် တရားရုံးတော်သို့ တင်ရန် နေပြည်တော်မှ သက်ဆိုင်ရာ အရာရှိတို့က ဇူလိုင်လ ၂၃ ရက်နံနက် ၁၀ နာရီကျော်တွင် ပျဉ်းမနား တရားရုံးသို့ ရမန် လာယူသွားပြီ ဖြစ်ကြောင်း တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“တရားရုံး ဝင်ပေါက် တစ်ဖက်ကနေ သီးသန့်ကားနဲ့ ခေါ်လာပြီး ရမန်ယူသွားတာ” ဟု တရားရုံးတွင် သွားရောက် စောင့်ဆိုင်းနေသော မီဒီယာများက ပြောကြားသည်။
ယင်းပြစ်မှုများနှင့် တရားခံဟု ယူဆရသော မဖြူဖြူမင်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည်ဟု သိရှိရကြောင်း တရားရုံးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မဖြူဖြူမင်းသည် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်မှ နေနှင့် ဆန်းကဖေးပိုင်ရှင် ညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်သည်ဟု ပျဉ်းမနား ရဲစခန်းတွင် ဇွန်လ ၂၉ ရက်က လာရောက် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) ၏ စစ်ဆေးချက်အရ လိမ်လည် တိုင်ကြားသည်ဟု စစ်ချက် ထွက်လာသောကြောင့် ၎င်းကို အထက်ပါ အမှုများဖြင့် အမှုပြန်ဖွင့်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။
ဇူလိုင် ၁ ရက်နေ့ ညက မန္တလေးမြို့တွင် အဓမ္မပြုကျင့် ခံရသည်ဟု ပြောဆိုမှုကြောင့် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းပဋိပက္ခတွင် ပါဝင် ပတ်သက်သူ ၄၉ ဦးကို ထိန်းသိမ်းထားပြီး ရှစ်ဦး လွတ်မြောက်နေဆဲ ဖြစ်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ဖြစ်သည်။

No comments:

Post a Comment